စစ်ကိုင်း (မဇ္ဈိမ)။ ။ စစ်ကိုင်းမြို့တွင် မတ်လ ၃ ရက်က ကျောင်းသားသပိတ်စစ်ကြောင်းများကို အကြမ်းဖက် မဖြိုခွင်းရန်နှင့် ပင်မ သပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း ထိုင်သပိတ် ပြုလုပ်ရာတွင် ကူညီခဲ့သူများကို စစ်ကိုင်းမြို့မ ရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံခဲ့ရသည်ဟု စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးမင်းလှိုင်က ပြောသည်။
ယင်းသို့ တရားစွဲရာတွင် ဆန္ဒပြရာ၌် မပါဝင်သူများဖြစ်နေသည့် အတွက် နစ်နာသည်ဟုလည်း ၎င်းက ပြောသည်။
"ဦးဆောင်တဲ့သူတွေကို အရေးယူတာကို လက်ခံတယ်။ အခုဟာက ဘာမှမဆိုင်တဲ့သူတွေဖြစ်နေတယ်။ အဲလိုကျတော့နစ်နာတယ်။ ကျွန်တော်တို့ပြောပြီးသားပါ။ အမှုဖွင့်မယ်ဆိုရင် ကျွန်တော်တို့နာမည် တွေမေးပြီးမှအမှုဖွင့်ပါလို့ပြောတယ်ထားတယ်" ဟု ကိုဖြိုးမင်းလှိုင် ကပြောသည်။
တရားစွဲဆိုခံထားရသူများမှာ ဆန္ဒပြမှု အားပေးသူများသာဖြစ်ပြီး ဆန္ဒပြုမှုတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း တရားစွဲခံထားရသူတစ်ဦးဖြစ်သည့် မြို့ခံ ကိုသန်းထိုက်က ဆိုသည်။
ကိုသန်းထိုက်က "အားပေးကူညီတွေအများကြီးပါ။ အဲဒီထဲကမှ ကျွန်တော်တို့ကို ရွေးပြီး အခုလိုလုပ်တာဟာ ကျွန်တော်တို့ နားမလည်ဘူး။ တရားဥပဒေဆိုတာ ဘာလဲလို့မေးရမယ်။ ကျောင်းသားတွေ ဆန္ဒပြတာကို ထောက်ခံတယ်။ ကူညီတယ်။ ဦးဆောင်ပြတာ ကျောင်းသားတွေပါ။ ကျွန်တော်အနေနဲ့က မြို့ခံတစ်ဦးအနေနဲ့ မိဘပြည်သူများလည်း အားပေးထောက်ခံဖို့ ဝင်ပြောတာတော့ ရှိတယ်။အခုလိုစွဲတာနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းရင်ဆိုင်သွားမယ်။"ဟု ပြောသည်။
ဆန္ဒပြရာတွင် မပါဝင်သော ကိုသန်းထိုက်၊ ကိုဇော်မျိုးနှင့် စစ်ကိုင်းနည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦးတို့ကို စစ်ကိုင်းမြို့ မြို့မ ရဲစခန်းမှ ပ/၃၂ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ကိုသန်းထိုက် "ဆန္ဒပြတုန်းကလည်း အာဏာပိုင်အဖွဲ့အနေနဲ့လာပြီး တားတာမရှိဘူး။ ဘာမှလည် ပြောတာမရှိဘူး။ ပြီးမှအရေးယူတယ် ဆိုတာ ဥပဒေကို အလွဲသုံးနေတာဖြစ်တယ်။ ငြိမ်းချမ်းစွာနဲ့ ရင်ထဲကဆန္ဒကို ဖေါ်ထုတ်တာပဲ။ ဖေါ်ထုတ်ခွင့်ရှိတယ်။ ဒါကို ပိတ်ပင်တယ်။ပြီးတော့ မဆိုင်တဲ့သူတွေကို တရားစွဲထားတယ်။ ဒါကြောင့် ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး စခန်းမှူး ကို တရားပြန်စွဲမယ်။"ဟု က ပြောသည်။
တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး စစ်ကိုင်း ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး သိင်္ခဝင်းမှ "ကျွန်တော်တို့မှာ ဓာတ်ပုံမှတ်တမ်း ရှိပြီးသားပါ။ ဖြစ်နိုင်တဲ့သူတွေပါ။ သူတို့ကခွင့်ပြုချက်မယူဘဲ လုပ်သွားတယ်။ ခွင့်ပြုချက်ယူရင် ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး။ ခွင့်ပြုချက်မယူတော့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာပေါ့" ဟု ပြောသည်။
Credit - Mizzima News
No comments:
Post a Comment