Wednesday, March 11, 2015

"ကလေးတွေကို တုတ်မကျွေးကြပါနဲ့တော့" ဟု သူငယ်ချင်းဖြစ်သူ ဦးရဲထွဋ်ထံ အငြိမ်းစား ဗိုလ်မှူး မြသန်းစံစာပို့

ရန်ကုန် (မဇ္ဈိမ)။ ။ တပ်မတော်မှ ဗိုလ်မှူးရာထူးဖြင့် အနားယူသွားသူ စာရေးဆရာ မြသန်းစံက ယင်း၏ မိတ်ဆွေ သူငယ်ချင်းဖြစ်သူ ဦးရဲထွဋ်ထံ မတ်လ ၁၀ ရက်က အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ရာတွင် ကျောင်းသားများ ဆန္ဒပြမှုအတွက် အကြမ်းဖက် နှိမ်နှင်းမှုများကို ရည်ညွှန်းလျက် "ကလေးတွေကို တုတ်မကျွေးကြပါနှင့်တော့" ဟု မေတ္တာရပ်ခံလိုက်သည်။

Student-Strike-Lapantan-01
လက်ပံတန်းရှိ ဆန္ဒပြကျောင်းသားများ၊ သံဃာများ၊ မီဒီယာများအပါအဝင် မြင်မြင်သမျှကို ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ရိုက်နှက်စဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)



မတ်လ ၁၀ ရက် နေ့လည်ပိုင်းက သူ၏ လူမှုကွန်ယက် စာမျက်နှာတွေ ရေးသားထားခဲ့ခြင်းဖြစ်သည်။ "အဲဒီကလေးတွေဟာ ကျွန်တော်တို့ သားသမီးအရွယ်လေးတွေပါ။ ကလေးဆိုတာ မုန့်ဆာရင် မုန့်စားဖို့ပူဆာတတ်တာ သဘာဝပါ။ မုန့်ဆာနေလို့ မုန့်ပူဆာတာကို မုန့်ပဲကျွေးကြပါဗျာ။ တုတ် မကျွေးကြပါနဲ့တော့။ အလိုက်မသိ ပူဆာတတ်ရန်ကောလို့လည်း အပြစ်မတင်ပါနဲ့။ သူပူဆာတာရရင် ငြိမ်သွားပါလိမ့်မယ်။ ကလေးဆိုတာ ကျွန်တော်တို့လူကြီးတွေလို လောဘမကြီးပါဘူး။ ပြီးတော့ ကျွန်တော်တို့လိုလည်း မူယာမာယာ မများပါဘူး။ သူလိုတာရသွားရင် ပြီးသွားတာပဲ" ဟု ရေးသားထားသည်။

အငြိမ်းစား ဗိုလ်မှူး မြသန်းစံသည် ယခု ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် သင်တန်းအတူ တက်ခဲ့ပြီး၊ တစ်ခန်းတည်းနေ၊ ကုတင်ချင်းကပ်လျက် အိပ်ခဲ့သူများ ဖြစ်ခဲ့သည်ဟု မြသန်းစံက ရေးသားထားပြီး ငယ်စဉ်က ယင်းတို့နှစ်ဦးရိုက်ထားသည့် ဓာတ်ပုံကိုလည်း သူ၏ အင်တာနက် လူမှုကွန်ယက်တွင် ပူးတွဲ ဖေါ်ပြထားသည်။

ကျောင်းသားသမဂ္ဂသည် ၁၉၆၂ ခုနှစ်တွင် ဗုံးခွဲ ဖျက်ဆီးခံခဲ့ရသည့်အတွက် ဆန္ဒပြ ကျောင်းသားများက အကြွေးဟောင်း တောင်းသည်ကို မည်ကဲ့သို့ သဘောထား ကြီးမည်လဲဟု ဦးရဲထွဋ်ကို မြသန်းစံက မေးခွန်းထုတ်ထားသည်။

"ကျွန်တော်တို့တွေ လူကြီးတွေဖြစ်လာကြတဲ့ခေတ်မှာ ဘယ်လိုကောင်းအောင်လုပ်ကြမလဲ။ သမိုင်းအဆက်ဆက် အစိုးရအဆက်ဆက်ကို အကြွေးတောင်းသလို အတောင်းခံနေရတဲ့ ဒီကျောင်းသားသမဂ္ဂဆိုတဲ့ပြဿနာကြီးကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းပေးကြ မလဲဆိုတာ ကျွန်တော်တို့ ဘယ်လိုသဘောထားကြီးနိုင်မလဲဆိုတဲ့အပေါ် မူတည်နေတယ်ဗျာ" ဟု မြသန်းစံက ရေးသားထားသည်။

မြသန်းစံက သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံလည်း သူ၏ သဘောထားကို တင်ပြပေးရန် ဦးရဲထွဋ်ထံ အကူအညီတောင်းခံထားပြီး
"နောက်မျိုးဆက် သစ်ဖြစ်တဲ့ ကျွန်တော်တို့ သားသမီး အရွယ် ကျောင်းသားကလေးတွေ နဲ့တိုင်းသူပြည်သားတွေကို စိတ်ချမ်းသာမှု ကလေးတွေ ပေးခဲ့ကြပါစို့" ဟု ဆက်လက်ရေးသားထားသည်။

စာရေးဆရာ မြသန်းစံသည် တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရအတွက် ဝါဒဖြန့် ပေါ်လစီရုပ်ရှင်ကားများ၊ သီချင်းများ ရေးသားခဲ့သူတစ်ဦးလည်းဖြစ်သည်။ အွန်လိုင်းစာမျက်နှာများတွင် အမည်များစွာဖြင့် အမုန်းစကား ရေးသားနေသူများသည် တာဝန်အရ လုပ်ဆောင်သူများဟု မြသန်းစံက မတ်လ ၆ ရက်က သူ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သေးသည်။

်မတ်လ ၆ ရက်က ရေးသားမှုတွင် တိုင်းပြည်တိုးတက်ရန် အကြံပြုချက် ငါးချက်ကို ရေးသားခဲ့ကာ "တာဝန်ရှိသူတွေကလည်း ကိုယ့်ပြည်သူပြည်သားတွေအပေါ်မှာ ကျားကစားသလို လှည့်ကွက်တွေနဲ့ ဥာဏ်မများဖို့လိုပါတယ်" ရေးသားဖေါ်ပြခဲ့သည်။ ယခုကဲ့သို့ ထင်မြင်ချက် ယူဆချက်များကို ရေးသားတော့မည်မဟုတ်ဟု ဆိုထားပြီး မတ်လ ၁၀ ရက် ညနေ ၆ နာရီမှ စတင်ကာ သူ၏ လူမှုကွန်ယက်စာမျက်နှာကိုလည်း Deactivate လုပ်ခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment