Tuesday, March 10, 2015

မြန်မာရဲများအတွက် တရုတ်ငွေ ယွမ်သန်း၂၅ဝ နီးပါး ချေးယူရန် သမ္မတ အဆိုပြု

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank of China) မှ ယွမ်ငွေ ၂၄၆ သန်း ချေးယူရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ မတ်လ ၅ ရက်စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့သည်။

Security-Police



မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်များ၊ ရေယာဉ်များ ဖြည့်တင်းရေးစီမံကိန်းကို အကောင် အထည်ဖော်နိုင်ရန် ချေးငွေကို ဆိုင်းငံ့ကာလ ငါးနှစ်၊ ပြန်ဆပ်ကာလ ၁၅ နှစ်ဖြင့် သက်တမ်း နှစ်၂ဝ၊ စီမံခန့်ခွဲမှု စရိတ် ဝ ဒသမ ၄ ရာခိုင်နှုန်း၊ ကတိခံကြေး ဝ ဒသမ ၄ ရာခိုင်နှုန်းနှင့် အတိုးနှုန်းတစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယင်းချေးငွေဖြင့် ရရှိမည့်မော်တော်ယာဉ်များ၊ ရေယာဉ်များကို အသုံးပြု၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်မည်ဟုလည်း ဖော်ပြထားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တပ်ဖွဲ့သစ်များဖြင့် တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး တပ်ဖွဲ့ဝင်များ စွမ်းရည်မြင့်မားရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ စက်ကိရိယာများ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် တရုတ်ပို့ကုန်သွင်းကုန် ဘဏ်တို့ကြား၂ဝ၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်က ချုပ်ဆိုခဲ့သည့် ယွမ် ၃ဝ ဘီလီယံ ချေးငွေအောက်မှ လုပ်ဆောင်မည်ဟုလည်း ပြောကြား သည်။

ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ''ဒီပြည်ပချေးငွေဖြင့် မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ အုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာ စက်ကရိယာနှင့် ယာဉ်များဝယ်ယူရန် ခန့်မှန်းကုန်ကျငွေ ယွမ်ငွေ ၂၂၃ သန်း မြန်မာကျပ်ငွေဖြင့် ၄၄,၈ဝ၁ ဒသမ ၂၇၂ သန်း ကုန်ကျမှာဖြစ်ပြီးတော့ ဒီချေးငွေတွေနဲ့ ဝယ်ယူမယ့် ပစ္စည်းတန်ဖိုး စုစုပေါင်းရဲ့ ၁ဝ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် ၄,၄၈ဝ ဒသမ ၂၂၇ သန်း၊ ယွမ် ၂၇ သန်းကိုတော့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဘတ်ဂျက်ကနေ ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးချေသွားမှာဖြစ်ပြီး တရုတ်ပို့ကုန်သွင်းကုန်ဘဏ်က ပစ္စည်း တန်ဖိုး စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၃ဝ ဖြစ်တဲ့ ငွေကျပ် ၄ဝ,၃၂၁ ဒသမ ၂၄၆ သန်းကို ချေးငွေအဖြစ် ရယူသုံးစွဲသွားမှာဖြစ်ပါတယ်’’ ဟု ဆိုသည်။

 အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က နိုင်ငံခြားချေးငွေကို သုံးမည်ဆိုပါက မည်သည့်အတွက်ကြောင့် သုံးမည်၊ အတိုးနှုန်းမည်မျှရှိမည်စသည်ဖြင့် စဉ်းစားရမည်ဖြစ်ပြီး အတိုးနှုန်းနည်းနည်းဖြင့်သာ ချေးငွေရှာသင့်သည်ဟု ဆိုသည်။ ၎င်းက ''အတိုးနှုန်း ၁ ရာခိုင်နှုန်းလောက်ဆို ကောင်းတာပေါ့" ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment