အရေးအခင်း တစ်ခု၊ ပဋိပက္ခတစ်ခု ပေါ်ပေါက်လာပြီးနောက် ထိုအဖြစ်အပျက်များ မည်သို့မည်ပုံပေါ်ပေါက်သည်၊ မည်သူတို့ ဥပဒေ ချိုးဖောက်သည်၊ ထိုအဖြစ်အပျက်မှ မည်ကဲ့သို့ သင်ခန်းစာယူမည်ဟူသည်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းလျက် သမ္မတထံ တင်ပြအစီရင်ခံစေသည့် လုပ်ရပ်များကို သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အကြိမ်ကြိမ် အခါခါသုံးသည်။
ယခုလည်း မတ်လ ၅ ရက် မြို့တော်ခန်းမရှေ့တွင် ရုပ်ပျက်ဆင်းပျက် ဖြစ်ပျက်ခဲ့သည့် လက်ပတ်နီ အရပ်ဝတ် စွမ်းအားရှင်များ လုပ်ရပ်ကို စုံစမ်းစစ်ဆေးပါဟု သမ္မတ လက်မှတ်ထိုးလျက် မတ်လ ၁၁ ရက်တွင် ထိုပုံသေနည်းကိုပင် ထုတ်သုံးသည်။
ရန်ကုန်တိုင်းအထင်ကရနေရာ မြို့တော်ခန်းမရှေ့တွင် ပေါ်ပေါက်ခဲ့သည့် ရုပ်ဆိုးလှသော ဖမ်းဆီး၊ ချုပ်နှောင်၊ ရိုက်နှက်မှုကို စုံစမ်းစစ်ဆေးရန် ပြည်ထဲရေး ဒု-ဝန်ကြီး ကျော်ကျော်ထွန်းကို ဥက္ကဋ္ဌအဖြစ် ပုံသေနည်းတွင် ထည့်သွင်းတွက်ချက်သည်။
ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ကို အတွင်းရေးမှူးအဖြစ် အဖြေရှာခိုင်းသည်။ ၊ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒေါက်တာ သန်းအောင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ဦးမြငွေ ဌာနမှူး (ငြိမ်း) တို့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းလျက် ပူးပေါင်း အဖြေထုတ်စေသည်။
အဆိုပါ ပုံသေနည်းကို ထုတ်သုံးသည်မှာ ယခုမှမဟုတ် ရခိုင်တွင် ပေါ်ပေါက်ခဲ့သည့် ဒုချရာတန်း ပဋိပက္ခကဲ့သို့သော အခြေအနေမျိုးလည်း ယင်းနည်းတူစုံစမ်းစစ်ဆေးစေသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခများကို ထိုနည်းလည်းကောင်း စုံစမ်းစစ်ဆေးစေသည်။
လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးစေသည်ကိုလည်း ထိုပုံသေနည်းအတိုင်း အဖြေထုတ်စေခဲ့သည်။ ယခု ရန်ကုန်မြို့ အထင်ကရ နေရာတွင် ပေါ်ပေါက်ခဲ့သည့် အဖြစ်အပျက်သည်လည်း ထိုနည်းနှယ်ပင်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်များ၏ အလုပ်၊ တာဝန်များတွင် အခင်းတစ်ခု မည်သည့်အတွက်ကြောင့် ပေါ်ပေါက်ခဲ့သည်ကို ဘက်စုံထောင့်စုံအောင် စုံစမ်းစစ်ဆေးရုံသာမက နောက်နောင် ထိုသို့ မဖြစ်ရန်လည်း အကြံပြုတင်ပြရသည်။
သို့ဆိုလျှင် ရခိုင်တွင်ပေါ်ပေါက်ခဲ့သော ပဋိပက္ခများအတွက် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ထိုကဲ့သို့သော ဖြစ်ရပ်များ နောက်နောက်တွင် မပေါ်ပေါက်ရန် များစွာသော အကြံဥာဏ်များကို ပေးပေလိမ့်မည်။ သို့သော် ကော်မရှင်၏ အကြံဉာဏ်များကို လက်တွေ့ အသုံးချပါ၏လော၊ ကော်မရှင်၏ တိုက်တွန်းချက်များ အသုံးဝင်ပါ၏လော။
လက်ပံတောင်းတောင်ကြေးနီတောင်စီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုအတွင်း သံဃာနှင့် လူပုဂ္ဂိုလ်ပေါင်း ၁၀၀ နီးပါး မီးလောင်ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးစေခဲ့သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ရဲတပ်ဖွဲ့ဝင်တို့အဆင့်ကျော် လုပ်ဆောင်ခဲ့သည်ကို အစီရင်ခံစာတွင် ဖော်ပြသည်။
နောက်နောက်တွင် မည်သို့ မည်ပုံ ဖြေရှင်းသင့်သည်ကို ထည့်သွင်းသည်။ သို့သော် ထိုဒေသ ထိုနေရာမှာပင် ဒေါ်ခင်ဝင်း ဆိုသူ သေနတ်ထိမှန်ကာ ထပ်မံသေဆုံးခဲ့သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့၏ အကြံပြုချက်နှင့် တိုက်တွန်းချက်များအကောင်အထည် ပေါ်မပေါ် သက်သေပင်ဖြစ်သည်။
လတ်တလော ပူပူနွေးနွေး မတ်လ ၁၀ ရက်တွင် ပေါ်ပေါက်ခဲ့သည့် လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းမှု အဖြစ်အပျက်ကိုကြည့်လျှင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။
သို့ဆိုလျှင် ယခု ဖွဲ့စည်းလိုက်သည့် လက်ပတ်နီများကို စုံစမ်းမည့်ကော်မရှင်၏ လုပ်ငန်းအောင်မြင်မှု၊ မအောင်မြင်မှုနှင့် တိုက်တွန်းချက်များ အထမြောက် မမြောက်ကို များစွာသံသယဖြစ်ဖွယ်ရှိသည်။
အခင်းဖြစ်ရပ်တစ်ခုဖြစ်တိုင်း ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးစေ၊ ထိုဖြစ်ရပ်ကို သင်ခန်းစာယူစေမည့် အကြံဉာဏ်များ တောင်းနေမည့်အစား တိုင်းပြည်ခေါင်းဆောင် ထိပ်ဆုံးမှသည် အဆင့်ဆင့်သော ပုဂ္ဂိုလ်များ၏ အတွေးအခေါ်အယူအဆများ ပြောင်းပြန် လှန်ပစ်ဖို့သာလိုသည်။
ပြည်သူအပေါ် ဆက်ဆံပုံ၊ ပြုမူပုံ၊ ပြည်သူများအပေါ် မြင်သည့်အမြင်များ မကြည်မလင် ဖြစ်နေပါက ထိုထိုဤဤသော အခင်း၊ ပဋိပက္ခများ ဆက်ဖြစ်နေမည်သာဖြစ်သည်။ ထိုသို့ မဖြစ်ရန် မဇ္ဈိမက ထပ်မံ တိုက်တွန်းသည်။
Credit - Mizzima News
No comments:
Post a Comment