Thursday, March 12, 2015

ကျောင်းသားအဖွဲ့နှင့် NNER အဖွဲ့ အမျိုးသားလွှတ်တော် ကြားနာပွဲသို့ တက်ရောက်ခြင်း ရှိ/မရှိ မတ် ၁၃ ရက်အကြောင်းပြန်မည်

နေပြည်တော် (မဇ္ဈိမ)။ ။ ဒီမိုကရေစီ ပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ ကျောင်းသားများနှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး လွှတ်တော်ကြားနာပွဲအတွက် ဒုတိယအကြိမ် ထပ်မံဖိတ်ကြားထားပြီး မတ် ၁၃ ရက်တွင် တွေ့ဆုံခြင်း ရှိ/မရှိ သိရှိရမည်ဟု ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

National-Education-Law-Meeting-05
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စ ကျောင်းသား ကိုယ်စားလှယ်များနှင့် ကြားနာရန် အမျိုးသားလွှတ်တော် အဆောက်အဦးရှိ အစည်းအဝေး ခန်းမငယ်တွင် ရောက်ရှိနေသည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် ဥက္ကဋ္ဌနှင့် ပညာရှင်များကို မတ်လ ၅ ရက် တွေ့ရစဉ်။ (ဓာတ်ပုံ -  မောင်သင်တုန်း၊ မဇ္ဈိမ)



“မနေ့ကပဲ လှမ်းဖိတ်ပါတယ်။ သူတို့ဘက်ကလည်း လက်ရှိအခက်အခဲကတော့ ဟိုရောက်ဒီရောက် ပြေးတဲ့သူကပြေး အထဲရောက်နေတဲ့ သူလည်းရောက်။ ဒါကြောင့် မတ်လ ၁၃ ရက်ကို နောက်ဆုံးထား ပြန်ဖြေပေးမယ်လို့ပြောပါတယ်။ NNER လည်းဖိတ်ထားပါတယ်။ သူတို့လည်း အထက်ကိုပြောပြထားပြီး ဖြစ်တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသားအဖွဲများသည် လွှတ်တော်ကြားနာပွဲကို တက်ရောက်မည်ဆိုလျှင် နှစ်ရက်သုံးရက် ကြိုတင်ပြောကြားပါက လွှတ်တော်က စီစဉ်ဆောင်ရွက်သွားမည်ဟု ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

“၁၃ ရက်နေ့ အကြောင်းမပြန်လည်း ၁၅ ရက်နေ့အထိစောင့်ပြီး ၁၆ ရက်မှာတော့ ကော်မတီအစည်းအဝေး ထိုင်တော့မယ်” ဟု ဦးခင်မောင်ရီက ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေး၊ စီပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်သည် ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရန် ကြားနာပွဲကို အဖွဲ့ကြီး ခြောက်ဖွဲ့အဖြစ် သတ်မှက်ပြီး မတ် ၅ ရက်မှ ၁၅ ရက် အထိ  ပြုလုပ်မည်ဖြစ်သည်။

လွှတ်တော်တွင် မပါဝင်သည့် နိုင်ငံရေးပါတီ ၄၃ ခု၊ ကျောင်းသားများအဖွဲ့၊ သပိတ်စစ်ကြောင်း တစ်လျှောက်တွင် ကူညီခဲ့သူများ၊ အရက်ဘက်အဖွဲ့အစည်းများ၊ NNER အဖွဲ့၊ ပြင်ပ ပုဂ္ဂလိကများကို ကြားနာပွဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ပံတန်းတွင် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင်” မထောက်ခံဘူး။ မထောက်ခံပေမယ့် တိုင်းဒေသကြီးအစိုးရက အုပ်ချူပ်ရေးကို သူ့လက်ထဲ အပ်နှင်းထားတယ်။ သူ့ဒေသရဲ့အခြေအနေ၊ သူ့ရဲ့ အကျပ်အတည်းပေါ့ ရှင်းရှင်းပြောရရင် သူလည်းခေါင်းခံထားရတာ။ အခုဖြစ်ရင် သူထိမှာလေ။ သူလည်း သူ့အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တာတော့ အန်ကယ်တို့က ဝေဖန်စရာတော့ မရှိဘူး။ ကြိုတ်သလားမေးရင် မကြိုတ်ဘူး” ဟု ဦးခင်မောင်ရီက ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့က ကျောင်းသားကိုယ်စားလှယ်များကို လာရောက်ဆွေးနွေးစေချင်ပြီး ကျောင်းသားများကို မကန့်သက်ထားသည့်အတွက် လာစေချင်သည်ဟု ဦးခင်မောင်ရီက ဆက်ပြောသည်။

Credit - Mizzima News

No comments:

Post a Comment