ဒီမိုကရေစီ ဖြစ်စဉ်၊ အုပ်ချုပ်မှုပုံစံ၊ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်
အကြောင်းအရာများ ပါဝင်သည့် အာဆီယံပြည်သူ့ဖိုရမ် ထုတ်ပြန်ချက်
နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ထား
နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ထား
ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီ ဖြစ်စဉ်၊ အုပ်ချုပ်မှုပုံစံ၊ အခြေခံအခွင့်အရေး နှင့် လွတ်လပ်ခွင့် အကြောင်းအရာများ ပါဝင်သည့် အာဆီယံပြည်သူ့ဖိုရမ် အကြိုထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးထံ ပေးပို့ပြီးဖြစ်သည်ဟု အလုပ်အဖွဲ့ ပူးတွဲသဘာပတိ ဒေါက်တာမေရှီးရှိုက မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်က ပေးအပ်ခဲ့ခြင်းသည့် ယင်းထုတ်ပြန်ချက်မှာ ၁၅ မျက်နှာခန့်ရှိပြီး အာဆီယံဒေသတွင်း ဦးစားပေးအရေး ကိစ္စများတွင် တရားမျှတသော ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ဖြစ်စဉ်၊ အုပ်ချုပ်မှုပုံစံ၊ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ခွဲခြားဆက်ဆံခြင်းနှင့် မညီမျှမှုအစရှိသည်တို့ပါဝင်သည်။
ဒေါက်တာမေရှီးရှိုက “ အရင်နှစ်တွေတုန်းက လူထုအစည်းအဝေးပြီးမှ ထုတ်ပြန်ချက်ထုတ်တယ်။ အခု မလေးရှားမှာ လုပ်မယ့်အခေါက်မှာ အားလုံးစဉ်းစားပြီး ကြိုထုတ်လိုက်ကြတယ်။ ပြီးတော့ ထိပ်သီး ခေါင်းဆောင်တွေကို ထုတ်ပြန်ချက်တွေ ကြိုပို့ပေးထားတယ် ”ဟုပြောသည်။
ပုံမှန်အားဖြင့် အာဆီယံလူထုဖိုရမ် ဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် အချက်များကို စုစည်း၍ ရရှိလာသည့် ထုတ်ပြန်ချက်ကို အာဆီယံထိပ်သီးခေါင်းဆောင် အစည်းအဝေးသို့ ပေးပို့ရမည်ဖြစ်သည်။ သို့သော် အာဆီယံနိုင်ငံများမှ ၎င်းတို့၏ လူငယ်ဖိုရမ် အသီးသီး၏ ရလာဒ်ကို ပြန်လည်ဆွေးနွေးမည့် အစည်းအဝေးများသည် ထိပ်သီးအစည်းအဝေးများ ကျင်းပမည့်ရက်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် မကျင်းပခဲ့ရသည်များ ကြုံတွေ့ခဲ့ရသဖြင့် ကြိုတင်ပေးပို့ခြင်းဖြစ်သည်။
အလုပ်အဖွဲ့ ပူးတွဲသဘာပတိ ဦးအောင်မျိုးမင်းက “တချို့နိုင်ငံတွေမှာ ပြည်သူလူထုက အစိုးရကို တင်ပြတာ တွေရှိတယ်။ သူ့အစိုးရကလည်း အာဆီယံကို ပြန်လည်ပြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းတာ တွေရှိတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ အကောင်အထည်ဖော်တာ အားနည်းပါတယ်။ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အရမ်းအားနည်းပါတယ်။ အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့အချိန်မှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိသာထင်ရှားစွာ အကောင်အထည်ဖော်တာ မတွေ့ရပါဘူး ”ဟုပြောသည်။
အာဆီယံလူထုဖိုရမ် ထုတ်ပြန်ချက်ရေးဆွဲရေး ကော်မတီကို ၂၀၁၄ ခုနှစ်သြဂုတ်လ အတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် အာဆီယံလူထုဖိုရမ် ထုတ်ပြန်ချက်ရေးဆွဲရေး ကော်မတီကို တစ်နိုင်ငံလျှင် ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်း၍ ထုတ်ပြန်ချက်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် အာဆီယံ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ညီလာခံ/ အာဆီယံ ပြည်သူ့ဖိုရမ်ကို မလေးရှားနိုင်ငံတွင် ဧပြီလ ၂၂ ရက်မှ ၂၅ ရက်အထိ “လူထုအတွက် အာဆီယံ အသိုင်းအဝိုင်းဖြစ်ရေးသို့” (Reclaiming the ASEAN Community for People) ဟူသောခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အာဆီယံလူထုဖိုရမ်ကဆွေးနွေးထွက်ရှိလာသည့် အကြံပြု တင်ပြချက်များကိုလည်း နောက်ဆက်တွဲ အကြံပြုချက်အဖြစ် အာဆီယံ ထိပ်သီးခေါင်းဆောင်များထံ ပေးပို့သွားမည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment