Sunday, March 8, 2015

တပ်မတော်နေ့ ဦးတည်ချက်များ ပြောင်းလဲသွား၊ ငြိမ်းချမ်းရေးအတွက် ဦးတည်ချက် မပါဝင်တော့

မတ်လ ၂၇ တွင် ကျရောက်မည့် နှစ် ၇၀ ပြည့် တပ်မတော်နေ့ ဦးတည်ချက်များကို နိုင်ငံပိုင် မီဒီယာများတွင် ဖေါ်ပြပါရှိလာရာ ယခင်နှစ် ဦးတည်ချက်များနှင့် မတူတော့ဘဲ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် တည်ဆောက်ရေးဟူသည့် ဦးတည်ချက်ကို ပထမဆုံး ဦးတည်ချက်အဖြစ် ဖေါ်ပြထားပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တစ်စုံတစ်ရာ ဦးတည်ချက်ကိုမူ ဖေါ်ပြမထားပါ။

69th-Armyday
၆၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် စစ်ရေးပြကွင်းတွင် ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက် နံနက်ပိုင်းက ကျင်းပစဉ်။ (ဓာတ်ပုံ- ဝင်းကိုလတ်၊ မဇ္ဈိမ)



နှစ် ၇၀ ပြည့် တပ်မတော်နေ့၏ ပထမဆုံး ဦးတည်ချက်တွင် "နိုင်ငံတော်၏ မြေထု၊ ရေထုနှင့်၊ လေထုကို ကာကွယ်စောင့်ရှောက်ရန်၊ အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်မြင့်မားသော ခေတ်မီတပ်မတော် တည်ဆောက်ရေး" ဟူသည့် ဦးတည်ချက်ကို ဖေါ်ပြထားသည်။

ပြီးခဲ့သည့် ၆၉ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ "ထာဝရ ငြိမ်းချမ်းရေး ရရှိရနှင့် စုစည်းညီညွတ်သော ပြည်ထောင်စုကို အခြေခံ၍ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေး" ဟူ၍ ဦးတည်ချက် ထားရှိခဲ့သော်လည်း နှစ် ၇၀ မြောက် တပ်မတော်နေ့တွင်မူ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဦးတည်ချက် မပါဝင်တော့ခြင်းဖြစ်သည်။

ထို့အတူ ၆၉ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင် "နိုင်ငံတော် အစိုးရ၏ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ် အကောင်အထည်ဖေါ်ဆောင်မှုတွင် တစ်တပ်တစ်အား ဝိုင်းဝန်းကူညီ ဆောင်ရွက်ရေး" ဟူ၍ ဖေါ်ပြထားသည်။ သို့သော် နှစ် ၇၀ ပြည့် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ "နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရေး" ဟူ၍ ဖေါ်ပြထားသည်ဖြစ်ရာ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ပတ်သက်၍လည်း တပ်မတော်၏ ဦးတည်ချက် ပြောင်းလဲသွားခဲ့သည်။

၆၈ နှစ်နှင့် ၆၉ နှစ်မြောက် တပ်မတော်နေ့၏ဦးတည်ချက်များအဖြစ် ဒို့တာဝန်အရေးသုံးပါးဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် အရေးသုံးပါးသည် ပထမဆုံး ဦးတည်ချက်များ ဖြစ်ခဲ့သည်။

သို့သော် နှစ် ၇၀ မြောက် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ နိုင်ငံတော်၏ မြေထု ရေထုနှင့် လေထုကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် တည်ဆောင်ရေးသည် ပထမဆုံး ဦးတည်ချက်အဖြစ် နိုင်ငံပိုင် မီဒီယာများတွင် ဖေါ်ပြထားသည်။

၆၈ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များတွင် "ပြည်တွင်းပြည်ပ အဖျက်သမားများ၏အန္တရာယ်မှန်သမျှ နိုင်ငံတော်၏ စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော်စွမ်းအားတို့ဖြင့် ပူးပေါင်း ကာကွယ် တိုက်ဖျက်ရေး" ဟု ဖေါ်ပြခဲ့ပြီး နှစ် ၇၀ ပြည့် တပ်မတော်နေ့ ဦးတည်ချက်တွင်မူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပ အန္တရာယ်များ၊ သဘာဝဘေး အန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး" ဟူသည့် ဦးတည်ချက် ထားရှိသည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။

Credit - Mizzima News

No comments:

Post a Comment