ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတန်းနှင့် ရန်ကုန်ရှိ ကျောင်းသားဆန္ဒပြမှုတွင်
အင်အားသုံးဖြိုခွင်း၍ ကျောင်းသားများနှင့် သတင်းထောက်များကို
ရိုက်နှက်ဖမ်းဆီးခြင်းများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့
ဦးတည်နေချိန်တွင် မရှိသင့်တော့ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) တို့က
မတ်လ ၁၁ ရက်တွင် ကြေညာချက်များ ထုတ်ပြန်၍ တုံ့ပြန်လိုက်သည်။

၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်တွင် လက်ပံတန်းရှိ ပင်မကျောင်းသားသပိတ်အား ဖြိုခွင်းနေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
NLD ၏ကြေညာချက်တွင် အကြမ်းမဖက်ရေးလမ်းစဉ်ကို လက်ခံယုံကြည်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးကို ယုံကြည်သဖြင့် မည့်သည့်အကြမ်းဖက်မှုမျိုးမဆို လက်မခံနိုင်ဟု ဖော်ပြထားသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြုလုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျထိန်းသိမ်းခြင်း သင်တန်းပေးနေချိန်တွင် ရဲတပ်ဖွဲ့သည် ဥပဒေ၊ ရဲလက်စွဲတို့နှင့်အညီ စနစ်တကျလူစုခွဲခြင်း ဖြစ်စေရမည် ဖြစ်သည်။ သို့သော် လိုအပ်သည်ထက် အင်အားသုံးဖြိုခွင်း၍ ရိုက် နှက်ခြင်းများပြုလုပ်ခြင်းကို စုံစမ်းရေးကော်မတီဖွဲ့၍ အစီရင်ခံစာကို အများပြည်သူသိရှိစေရန် အမြန်ဆုံးထုတ်ပြန်သင့်သည်ဟု ဖော်ပြထားသည်။
ကေအိုင်အိုကလည်း ၎င်း၏ကြေညာချက်တွင် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းကို ကန့်ကွက်ကြောင်း၊ လျော်ကန်သည့် ပညာရေးဥပဒေ ပေါ်ပေါက်လာစေရန် ဆန္ဒဖော်ထုတ်သောကျောင်းသားထုအား လေးစားစွာ အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။
အစိုးရက အပြန်အလှန်ညှိနှိုင်းရေးလမ်းကြောင်းကို ငြင်းဆန်မျက်ကွယ်ပြုပြီး အင်အားသုံး အကြမ်းဖက်နှိမ်နင်းခြင်း သည် ပြည်တွင်းမငြိမ်မသက်မှု ပိုမိုကျယ်ပြန့်လာစေရန် ဖန်တီးနေသည်ဟု သုံးသပ်ကြောင်း ဖော်ပြထားသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်က အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပဲခူးတိုင်း လက်ပံတန်းမြို့တွင် ဆန္ဒပြနေသည့် ကျောင်းသားများကို မတ်လ ၁၀ ရက်က ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး အကြမ်းဖက်ဖြိုခွဲစဉ် သတင်းထောက်များ ဖြစ်ကြောင်းသိရှိလျက်နှင့် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းတို့လုပ်ဆောင်ခဲ့သည်ကို ကြားသိရသဖြင့် ယင်းလုပ်ရပ်သည် ၂၀၁၄ ခုနှစ်ကအတည်ပြုခဲ့သည့် သတင်းမီဒီယာ ဥပဒေပုဒ်မ (၇) အရ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာ နေရာ ဒေသတို့၌ သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းမှ ကင်းလွတ်မှုရှိစေရန်နှင့် လုံခြုံရေးအကာအကွယ် ရယူခွင့်ရှိစေရန် ဖော်ပြပါရှိသော်လည်း လက်တွေ့တွင် သတင်းထောက်များမှာ ကာကွယ်ပေးမှု ရယူနိုင်ခြင်းမရှိဘဲ အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုကိုသာ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။
ယင်းလုပ်ရပ်များသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဟုဆိုသော အစိုးရတစ်ရပ်က ပြုပြင်ပြောင်းလဲရေးတွင် အရေးပါသည့် ကဏ္ဍတစ်ခုမှ ပါဝင်သည့် စတုတ္ထမဏ္ဍိုင် ဘက်တော်သားများကို အကြမ်းဖက်ခြင်းဖြစ်သည်ဟု ယူဆသည်။
ယင်းအပြင် ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပျက်ခဲ့သည့် ဆန္ဒပြမှုဖြိုခွဲမှုဖြစ်စဉ်၌ သတင်းထောက်နှစ်ဦး ခေတ္တဖမ်းဆီးခံရသည့် ဖြစ်စဉ်အပါအဝင် မတ်လ ၁၀ ရက် ဖြစ်စဉ်များအတွက် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြင်းထန်စွာကန့်ကွက်ပြီး အစိုးရက ကျိုးကြောင်းဆီလျော်သည့် တုံ့ပြန်ဖြေရှင်းမှုမျိုး လုပ်ဆောင်ပေးရန် မြန်မာဂျာနယ်လစ် ကွန်ရက်ကတောင်းဆို လိုက်သည်ဟု ဖော်ပြပါရှိသည်။
ယခုလိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေး၍ အာမခံချက်ရရှိအောင် လုပ်ဆောင်ပေးရန်လည်း တိုက်တွန်းကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။
အဆိုပါကြေညာချက်သုံးခုစလုံးတွင် အစိုးရက ဒီမိုကရေစီလမ်းကြောင်းသို့ သွားနေချိန်တွင် အကြမ်းဖက်မှုမားကို လုပ်ဆောင်နေခြင်းသည် မရှိသင့်သောလုပ်ရပ်များဖြစ်ပြီး ယင်းအပေါ်အစိုးရက တာဝန်ယူဖြေရှင်းဆောင်ရွက် ပေးသင့်ကြောင်း ဖော်ပြထားသည်။
လက်ပံတန်းမှ ရန်ကုန်သို့ချီတက်မည့် ကျောင်းသားပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်က အကြမ်းဖက် ဖြိုခွင်းပြီး တစ်ရာကျော် ဖမ်းဆီးထားခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment