Monday, March 9, 2015

အမြန်လမ်းယာဉ်တိုက်မှု သံဃာငါးပါးပျံလွန်တော်မူ၊ ယာဉ်မောင်းထွက်ပြေး

နေပြည်တော် (မဇ္ဈိမ)။ ။ ရန်ကုန်မှ နေပြည်တော်သို့ သွားသည့် မန်းရွှေမြို့တော် ခရီးသည်ယာဉ်မှ လိုက်ထရပ်ယာဉ်အား နောက်မှ ဝင်တိုက်ကာ သံဃာ ငါးပါးပျံလွန်တော်မှုပြီး ၁၉ ဦး ဒဏ်ရာရရှိမှု နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် ၂၄၁ နှစ်ဖာလုံတွင် မတ် ၉ ရက် နံနက် ၅ နာရီက ဖြစ်ပွားခဲ့သည်။

“သံဃာ ငါးပါး ပျံလွန်တော်မှုတယ်၊ ဒဏ်ရာရတဲ့ ကိုရင်နဲ့ ကျောင်းသားတွေကို ခုတင်တစ်ထောင်ဆေးရုံမှာ ကုသပေးနေတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှုးရုံးမှ ရဲမှုးကြီးနေဝင်းက ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကိုရင် ၁၂ ပါးဒဏ်ရာ ရရှိခဲ့ပြီး ဦးဇင်းသုံးပါးနှင့် ကျောင်းသားလေးယောက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ လိုက်ထရပ်ယာဉ်တွင်ပါရှိသည့် ကိုရင်များနှင့် ဦးဇင်းများသည် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နောက်မှုးကျေးရွာမှဖြစ်ပြီး ပဲခူးမြို့ရှိ ရွှေတောင်ပရိယတ္တိ စာသင်တိုက်တွင် ဘုန်တော်ကြီး စာမေးပွဲ ဖြေဆိုပြီး ပြန်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

“ယာဉ်မောင်းကို ယာလိုင်းက တာဝန်ယူပြီး ပြန်လည်အပ်နှံမယ်လို့ အာမခံထားပါတယ်” ဟု ရဲမှုးကြီး နေ၀င်းက မဇ္ဈိမကိုပြောသည်။

လတ်တစ်လောတွင် ဒဏ်ရာရရှိသည့် ကိုရင်၊ ဦးဇင်းနှင့် ကျောင်းသားများကို နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံကြီး အရေးပေါ်ဌာနတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ပြီး ဆေးကုသပေးလျက်ရှိသည်။

မန်းရွှေမြို့တော် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး အမြန်လမ်းရဲစခန်းယာဉ်(ပ)၂/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇၊၂၀၂ အရ အမှုဖွင့်အရေးယူထားသည်။


Credit - Mizzima News

No comments:

Post a Comment