Tuesday, November 11, 2014

ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေးအသုံးစရိတ်အတွက် ကျပ်သန်း ၁၀၀ တောင်းခံ

စစ်ဆင်ရေးအသုံးစရိတ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၀၀ တောင်းခံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
  နိုဝင်ဘာ ၁၀ ရက်ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ ဆွေးနွေးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း၏ ရငွေသုံးငွေများနှင့်စပ်လျဉ်းကာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က စစ်အသုံးစရိတ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က "စစ်ဆင်ရေးအသုံးစရိတ် သန်း ၁၀၀ တင်ပြတောင်းခံတာတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာရှိတဲ့
တပ်မတစ်ခုရဲ့ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှာ စခန်းသုံးဖို့ ကွန်ကရစ်ဘန်ကာငါးလုံးတည်ဆောက်ဖို့နဲ့ ကွန်ကရစ်တိုင်နဲ့ ခြံစည်းရိုးကာဖို့အတွက် တိုးမြှင့်ပြီးတင်ပြရခြင်းဖြစ်ပါတယ်" ဟုပြောကြားသည်။
ယင်းကဲ့သို့ စစ်ဆင်ရေးအသုံးစရိတ်တောင်းခံခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်နိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ မထိခိုက်နိုင်ကြောင်းကိုလည်း အောက်တိုဘာ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြထားပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဆက်လက်ပြောကြားသည်။
အောက်တိုဘာ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက်တောင်းခံသည့် ဘက်ဂျက်ငွေပမဏမှာ ကျပ် ၂၃၆၅၈၃၁ ဒသမ ၂၁၈ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ) ရှိကြောင်းသိရသည်။
အဆိုပါငွေများထဲမှ သာမန်အသုံးစရိတ်မှာ ကျပ် ၇၁ ဘီလျံရှိပြီး ကျန်ငွေများမှာ ငွေလုံးငွေရင်းအသုံးစရိတ်ဖြစ်ကြောင်း၊ သုံးပုံတစ်ပုံကို စစ်ဆင်ရေးအတွက်အသုံးပြုထားပြီး ကျန်ငွေများကို လစာ၊ စရိတ်၊ အဆောက်အအုံနှင့် အခြားကိစ္စရပ်များတွင်အသုံးပြုထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ရှင်းလင်းထားသည်။
မြန်မာနိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း တောင်းခံခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် တောင်းခံခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံမှာ အိမ်နီးချင်းနိုင်ငံများ၏ စစ်အသုံးစရိတ်နှင့်နှိုင်းယှဉ်ပါက များပြားခြင်းမရှိကြောင်း သိရသည်။

Credit - Eleven Media Group

No comments:

Post a Comment