Tuesday, November 11, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၁၀
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ဒုတိယခေါင်းဆောင် ဦးနိုင်ဟံသာ အပါအဝင် လက်နက်ကိုင် ခေါင်းဆောင်ပိုင်းအချို့ နေပြည်တော်ကောင်စီ နယ်မြေတွင် နိုဝင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံခဲကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
သမ္မတရုံး ဝန်ကြီးဌာန (၄) တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် NCCT ဒုတိယခေါင်းဆောင် ဦးနိုင်ဟံသာ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ကိုယ်စားပြုလေးဦး တက်ရောက်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တွေ့တာကတော့ ကိုယ့်အဖွဲ့အစည်းကို ကိုယ်စားပြုပြီး တွေ့တာပါ။ အလွတ်သဘော ဆွေးနွေးတယ်။ လာမယ့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ရည်ရွယ်တာပါ” ဟု ၎င်းကဆိုသည်။
ယင်းသို့ တွေ့ဆုံမှုသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်သော်လည်း ဆွေးနွေးချက်များကို ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ကိုယ်ရေးအရာရှိတစ်ဦးက ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှ စတင်ကာ NCCT အဖွဲ့ဝင်များ ထိုင်း-မြန်မာနယ်စပ်တွင် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်ရန် ရှိသောကြောင့် အစိုးရနှင့် NCCT တို့၏ ခုနစ်ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးဆွေးနွေးပွဲကို နိုဝင်ဘာ တတိယအပတ်မှသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ပြောကြားထားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ခြောက်ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ထားသည်အထိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း NCA မူကြမ်း အချောသတ်နိုင်ခြင်း မရှိသေးပေ။

Credit - The Voice Weekly

No comments:

Post a Comment