Tuesday, November 11, 2014

စည်ပင်ရွေးကောက်ပွဲ အသုံးစရိတ် ကျပ်သိန်းငါးထောင်လျာထား

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲကျင်းပရန် အသုံးစရိတ်အဖြစ် ကျပ်သိန်းပေါင်း ငါးထောင် အသုံးပြုသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောကြားသည်။
‘‘မြို့တော်စည်ပင်သာယာ ရေးကော်မတီက တိုင်းအစိုးရအဖွဲ့ ကို တင်ပြထားတာရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် ခန့်မှန်းခြေ သိန်းငါးထောင်လောက်သုံးစွဲမယ် လို့ ခန့်မှန်းထားတယ်’’ဟု ဦးတင် အေးက 7Day Daily နှင့် သီး သန့်တွေ့ဆုံစဉ်ပြောသည်။
စည်ပင်ရွေးကောက်ပွဲကို ပြီးခဲ့သည့် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ပုံစံများအတိုင်း ကျင်းပသွားမည်ဖြစ်ပြီး မဲရုံဝန် ထမ်းများအဖြစ် ပညာရေးဆိုင်ရာ ဝန်ထမ်းများအား အသုံးပြုသွား မည်ဟုသတင်းရရှိသည်။

 လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေအတိုင်း ဆောင်ရွက် သည်ဆိုသော်လည်း မဲပေးသည့် စနစ်တွင် အသက် (၁၈)နှစ်ပြည့် သူတိုင်းမဲပေးခွင့်ပြုမည်ဆိုပါက မဲစာရင်းကောက်ရန် အချိန်ကြာ ပြီး ကုန်ကျစရိတ် များနိုင်သော ကြောင့် ရွေးကောက်ပွဲ မြန်ဆန်စွာပြီးစီးစေရန် တစ်အိမ်ထောင် လျှင် တစ်ဦးကျ မဲပေးခွင့်စနစ်ကို ကျင့်သုံးခြင်းဖြစ်ကြောင်း ဦးတင် အေးကရှင်းပြသည်။
စည်ပင်ရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်မှာ အစိုးရ၏လက်ရှိသက်တမ်းကျန် ရှိသည့်တစ်နှစ်အတွင်းသာ တာ ဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ပယ်ချခံရသူခုနစ် ဦးရှိပြီး ၎င်းတို့အနေဖြင့် ရက်ပေါင်း ၃၀ အတွင်း အယူခံပြန်ဝင်ခွင့်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
‘‘ဒီနေ့တော့ ပယ်ခံထားတဲ့ ကိုယ်စားလှယ်တစ်ဦး အယူခံလာ တင်တာရှိနေပါပြီ’’ဟု ကော်မရှင် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၁ ရက်တွင် ပြောသည်။
အချို့ကိုယ်စားလှယ်များမှာ ရပ်ကွက် ငွေအလွဲသုံးစားပြုလုပ် ခြင်း၊ တိုင်ကြားစာများ ရှိခြင်း၊ နာမည်ပျက်များရှိခြင်း၊ ရပ်ကွက် အတွင်း ၁၀ နှစ်ကျော်နေထိုင်ခဲ့ ခြင်းမရှိသည့်အတွက် အပယ်ခံရ ခြင်းဖြစ်သည်ဟု ကြည့်မြင်တိုင် မြို့နယ်မှ ကော်မတီအဆင့်ဝင် ရောက်ရွေးချယ်ခံမည့် ကိုယ်စား လှယ်လောင်းတစ်ဦးက ပြော ကြားသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမြို့နယ်၊ ခရိုင်ကော်မတီ အဆင့်ဆင့်ရွေး ကောက်ပွဲကို နှစ်ပေါင်း ၆၀ ကျော်မှသာ ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၁၁၂ ဦးက မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် ဝင်ရောက်ရွေးချယ်ခံမည် ဖြစ်သည်။
 
Credit - 7DAY DAILY

No comments:

Post a Comment