~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သမ္မတ ဦးသိန်းစိန်၏ ဇွန်လရေဒီယို မိန့်ခွန်းတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် ပြည်ထောင်စု ဥပဒေပြုစာရင်းဇယား(၁)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းဇယား(၂) တို့ကို ပြင်ဆင်နိုင်ရန် ဦးစားပေး ညှိနှိုင်းလုပ်ဆောင်နေပြီး အစိုးရသက်တမ်း ၄ နှစ်အတွင်း လက်တွေ့၊ စမ်းသပ် လုပ်ဆောင်ချက်များအရ ရရှိသည့်
အချက်အလက်များကို အခြေခံ၍ ယင်းဇယား(၁)နှင့်(၂) တို့ကို ပြင်ဆင်ရန် ဇွန်လအတွင်း လွှတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အလားတူ ပြီးခဲ့သည့် မေလ ၂၉ ရက်က ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂ဝမှ ခေါင်း ဆောင်များ တွေ့ဆုံခဲ့ရာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည် များကို ပြင်ဆင် သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ရာ မည်သည့် ပုဒ်မများမှာ ပြင်ဆင်သင့် ပြင်ဆင် ထိုက်သည့် ဥပဒေများဟူ၍ ရှင်းလင်းပြတ်သားစွာ ပြောဆိုခဲ့ခြင်း မရှိပေ။
လက်ရှိအချိန်တွင် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အတိုက်အခံ နိုင်ငံရေးပါတီ အင်အားစုများနှင့် တိုင်းရင်းသားပါတီများက အရေးတကြီး ပြင်ဆင်စေလိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများ မဟုတ်ဘဲ အရေးမကြီးသည့် အချက်အလက်များကို ပြင်ဆင်သွားရန် သမ္မတနှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့က ကြိုးပမ်းနေသည့်အပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ် လာခဲ့ရာ ယင်းဝေဖန် ပြောဆိုမှုများကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ဖော်ပြ လိုက်ပါသည်။
ရှိန်းဝေနောင်
● ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
သစ်ပင်တစ်ပင်ကို ကိုင်းဖျားကိုင်းနားလေးတွေကို ခုတ်ရုံနဲ့ ကျွန်တော်တို့ ဖွဲ့စည်းပုံ ပြင်ခြင်းမမည်ဘူးလို့ပဲ သုံးသပ်တာပေါ့။ အဲဒီလိုသဘောနဲ့ ကျွန်တော်တို့ မသွားဘူး။ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေ ကလည်းလေ။ အနည်းဆုံး စစ်မှန်တဲ့ ပြည်ထောင်စု မူဘောင်တစ်ခုရဲ့ အခြေခံအရေးကြီးတဲ့ ပုဒ်မတွေကို ပြင်နိုင်ရမယ်။ အဲဒီလို ပြင်ခြင်းအားဖြင့် Referendum လုပ်ဖို့လိုအပ်တယ်။ Referendum လုပ်ကိုလုပ်ရမယ်။ အဲဒီအတွက် လိုအပ်တဲ့ ပုဒ်မတွေကို မပြင်ဘဲနဲ့ ဘယ်လိုမှ ဒီဖွဲ့စည်းပုံကြီးကို ပြင်လိုက်တယ်ဆိုတဲ့ အသုံး အနှုန်းကို ကျွန်တော်တို့ လက်မခံချင်ဘူး။ အဲဒီထဲမှာ ၄၃၆ လည်း ပါတာပေါ့ဗျာ။ ပြင်သင့် ပြင်ထိုက်တာကို ပြင်ရမှာပေါ့။ မပြင်သင့်ဘူး လက်ရှိကာလမှာဆိုတဲ့ ပုဒ်မတွေကိုမပြင်နဲ့ဦးပေါ့ဗျာ။ ဥပမာ တပ်မတော်သား အမတ်တွေ ဆက်ရှိချင်သေးတယ်ဆိုရင် ဆက်ရှိပေါ့။ အဲဒါနဲ့ ပတ်သက်တဲ့ ပုဒ်မတွေကို မပြင်ဘူးပေါ့ဗျာ။ မပြင်သေးဖို့အတွက် သဘောတူတယ်ပေါ့ဗျာ။ ကာလတစ်ခုအထိ ဒီအတိုင်း သွားမှာပေါ့ဗျာ။ ၄၃၆ ကို ပြင်ဖို့လိုသလားဆိုရင် ကျွန်တော်တို့အားလုံးက (ကိုယ်စားလှယ်)သုံးပုံနှစ်ပုံနဲ့ သွားမယ်လို့ ပြင်ဆင်ရေး ကော်မတီ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် တင်ပြီးပြီ။ အဲဒီမှာလည်း များရာအမတ်တွေက၊ များရာစု ပါတီတွေက ဒီအတိုင်း ထောက်ခံတာပဲ။ တပ်မတော်သား အမတ်တွေကပဲ မထောက်ခံတာလေ။
● ဦးထွန်းထွန်းဟိန် (ဗဟိုကော်မတီဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ)
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်း သာယာဖို့၊ ငြိမ်းချမ်းရေး ရရှိဖို့ ဆိုလို့ရှိရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဆောင်ရွက်လို့ မရပါဘူး။ ဒီနှစ်ချက်ကို လိုချင်တယ်လို့ ပြောလို့ရှိရင်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ပြင်ဆင်ဖို့ အကောင်းဆုံးကတော့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ သူက ဂိတ်တံခါးဖြစ်နေတော့ ဂိတ်တံခါးကို မဖြတ်ဘဲနဲ့တော့ ကျန်တဲ့အရာတွေကို အလွယ်တကူ ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူလူထုကို ချပြပါတယ်။ လူထုကလည်း ဘာနဲ့တုံ့ပြန်လဲလို့ ပြောလို့ရှိရင် ပုဒ်မ ၄၃၆ကို ပြင်ဆင်လိုတယ် ဆိုပြီးတော့ လက်မှတ်ပေါင်း ၅ သန်းပေါ့လေ။ လက်မှတ်ပေါင်း ၅ သန်း ဆိုတဲ့ နေရာမှာလည်း မဲပေးနိုင်သော ပြည်သူလူထု ၅ သန်းကနေ လက်မှတ်ထိုးပေးတာပါ။ မဲမပေးနိုင်တဲ့ နိုင်ငံသား တွေ မပါပါဘူး။ ဒါတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကို တင်ပြပါတယ်။ ဒီလက်မှတ် ငါးသန်းကို တင်ပြထားပေမယ့် ခုအချိန်အထိ အကောင်အထည် မပေါ်ဘူးပေါ့လေ။ လွှတ်တော် ထဲမှာလည်း အကောင်အထည် မပေါ်ပါဘူး။ အစိုးရကို ပြောတဲ့အခါမှာလည်း အကောင်အထည် မပေါ်ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်လိုတဲ့ဆန္ဒ မတွေ့ရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ပြောလိုတာကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တိုင်းပြည် အေးချမ်းသာယာဖို့ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရမှာပါ။ တကယ်လို့ ပြည်သူလူထုအနေနဲ့ ပြင်ချင်တယ် ဆိုလို့ရှိရင်တော့ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်။ ပြင်မယ်လို့ အဆိုပြုတဲ့ နိုင်ငံရေးပါတီတွေ မဲပေးမှသာဖြစ်မယ်။ ဒါမှသာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်နိုင် တော့မယ် ဆိုတဲ့ဟာက အခုနိုင်ငံတော် သမ္မတကြီးရဲ့မိန့်ခွန်းနဲ့ ၂၉ ရက်နေ့မှာ နာယကကြီးနဲ့ နိုင်ငံရေးပါတီ များရဲ့ တွေ့ဆုံဆွေးနွေးပွဲကနေပြီးတော့ ကြည့်လို့ရှိရင် ထင်ရှားရှင်းလင်း လာပါလိမ့်မယ်။
● ကိုဂျင်မီ (၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ကျွန်တော်တို့ အဓိကထားပြီး ပြောချင်တာကတော့ ပုဒ်မ ၄၃၆ ပဲ။ ပုဒ်မ ၄၃၆ကို မပြင်နိုင်ဘူးဆို လို့ရှိရင် ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့အဓိပ္ပာယ် ဘယ်လိုမှမထွက်ဘူး။ ပြည်သူတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ လုပ်ပိုင်ခွင့် အပြည့်အဝရှိမှ ဒီမိုကရေစီ အစစ်အမှန် ဖြစ်မှာကိုးဗျ။ ပုဒ်မ ၄၃၆ ပြင်ပါလို့ ပြောနေတာလည်း စစ်တပ်ကို လွှတ်တော်ထဲက ထွက်သွားပါလို့ တစ်ခွန်းမှ ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ လုပ်ပိုင်ခွင့်ကိုတော့ အပြည့်အဝ ပေးဖို့လိုတယ်။ အဲဒါမှပဲ ဒီမိုကရေစီဆိုတာ ဖြစ်လာမှာကိုးဗျ။ အဲဒီတော့ ပုဒ်မ ၄၃၆ ကို မပြင်နိုင်ဘူးဆိုလို့ရှိရင် ဒီမိုကရေစီ ဖွဲ့စည်းပုံ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖြစ်ဘူးဆိုရင် တိုင်းပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရောက်မှာမဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး။
● ဦးစိုင်းညွန့်လွင် (အတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
အခုကတော့ ၄၃၆ တို့ဘာတို့ ပြင်ဆင်ဖို့ကတော့ အလားအလာ တအားနည်းသွားပြီ။ ဘာကြောင့်လဲဆိုတော့ ၄၃၆ တို့ ဘာတို့က Referendum လုပ်ရမယ်လေ။ လူထုဆန္ဒခံယူပွဲ လုပ်ရမယ်လေ။ အခု မိုးလည်း ကျလာပြီဆိုတော့ လူထုဆန္ဒခံယူပွဲလုပ်လည်း အောင်မြင်ဖို့က သိပ်မလွယ်ဘူး။ (ဆန္ဒခံယူပွဲမှ ဖွဲ့စည်းပုံ ပြင်နိုင်မည့် မဲဆန္ဒရှင်ပမာဏ) ၃၃ သန်းရဲ့ တစ်ဝက်ကျော် ရရမယ်ဆိုတော့ ၁၇ သန်း ၁၈ သန်း လောက်ရမှ ဆိုတော့ အဲဒါလုပ်ဖို့ သိပ်မလွယ်တော့ဘူး။ လက်တွေ့ သဘောအရတော့ မလွယ်ဘူး။ ဒါပေမဲ့ လူထုဆန္ဒခံယူပွဲ မလုပ်ဘဲနဲ့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေရဲ့ ထောက်ခံချက်နဲ့ ၇၅ ရာနိုင်နှုန်းကျော် ပြင်ဆင်နိုင်မယ့် ပုဒ်မတွေ ကျန်သေးတယ်။ ဒီအတွက်ပဲ မျှော်လင့်ချက် ရှိတော့တယ်။
● ဒေါက်တာသောင်းထွန်း (ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့)
ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ ပြည်သူတစ်ရပ်လုံး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်သူတစ်ရပ်လုံး လိုလားတဲ့ လိုလားချက် ဖြစ်ပါတယ်။ ဒါတွေကိုလည်းပဲ လက်မှတ် ၅ သန်းကျော် စုစည်းပြီးတော့ တင်ပြ ထားတာတွေလည်း ရှိတယ်ပေါ့။ နောက်တစ်ခုကတော့ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုရင် လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ အခြေခံမူတွေနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ တစ်ဖက်ကတော့ မူပေါ့ဗျာ။ ရည်ရွယ်ချက်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ အခြေခံမူတွေနဲ့ ကိုက်ညီပြီးတော့ နိုင်ငံသားတွေ အားလုံး၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်ဖို့ပေါ့။ လောလောဆယ်မှာတော့ လွှတ်တော်ထဲမှာ ပြင်ဆင်ရေးက ၇ဝ ရာခိုင်နှုန်းကျော်ရမှ ပြင်ဆင်လို့ ရမယ်ဆိုတဲ့ ပုဒ်မက အဟန့်အတား ဖြစ်နေပြီးတော့ တပ်မတော် ကိုယ်စားလှယ်များရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီး နေတယ်ပေါ့။ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောတဲ့ ပြင်ဆင်မှုမျိုးတွေဟာ ဘယ်လောက် အတိုင်းအတာအထိ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုမျိုး ရမလဲ။ ပြင်ဆင်မှုတွေ ဆွေးနွေးတဲ့အခါမှာ ဘယ်လောက် အရေးကြီး အချက်အလက်တွေကို ပြင်ဆင်ဖြစ်သလဲ။ ဒါကဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လုပ်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်ရဲ့ဂုဏ်သိက္ခာ ဖြစ်ပါတယ်။
● ဒေါက်တာ အာကာမိုးသူ (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်)
တပ်မတော်ရဲ့သဘောထား၊ စစ်တပ် သဘောထားကတော့ စစ်တပ်အတိုင်းပဲ သူတို့ ပြတ်ပြတ်သားသား ပြောတယ်။ ၂၅ ရာခိုင်နှုန်းကို ထိတဲ့ ပြင်ဆင်ခြင်းကို သူတို့မလုပ်ဘူး။ အခြေခံဥပဒေကို ကာကွယ်မယ်လို့ပဲ အမြဲတမ်းပြောတယ်။ အဲဒီအလားအလာကိုက ပြုပြင်ပြောင်းလဲရေး သွားတဲ့အခါမှာ ခေါင်းချင်းဆိုင်ပြီးတော့ ဆွေးနွေးရမယ့် အပိုင်းတွေ ဖြစ်လာတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး အပိုင်းထဲမှာ နိုင်ငံတော် ကာကွယ်ရေးသည် ကာကွယ်ရေးကိစ္စကို ဆောင်ရွက်ရမယ်။ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းဟာ အုပ်ချုပ်ရေး ပိုင်းကို ဆောင်ရွက်ရမယ် ဆိုတဲ့အခါမှာ ကျွန်တော်တို့ ရောထွေးနေတဲ့ပုံစံကို နည်းနည်းလေး ရှင်းရှင်းလင်းလင်း လုပ်ဖို့ အခြေခံဥပဒေထဲမှာတင် ရှင်းရှင်းလုပ်ဖို့ဆိုပြီးတော့ စဉ်းစားတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် အထက်အောက် ပြဿနာ ပေါ်နေတယ်လို့ မြင်တယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment