Thursday, June 4, 2015

ခြောက်နှစ်ခန့်အတွင်း မန္တလေးတိုင်းရှိ ဆေးယဉ်ပါး တီဘီ ဝေဒနာရှင် ၃၆၀ ကျော် ကုသပေးနိုင်ခဲ့

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆေးယဉ်ပါးနေသည့် တီဘီ ရောဂါဝေဒနာရှင် ၃၆၀ ကျော်ကိုခြောက်နှစ်ခန့်အတွင်း ကုသပေးနိုင်ခဲ့သည်ဟု  အထက်မြန်မာပြည်
 တီဘီ ရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ စောသိန်းက မဇ္ဈိမကို ပြောသည်။

ဆေးယဉ်ပါး တီဘီဝေဒနာရှင် ၃၆၇ ဦး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ၂၀၁၅ခုနှစ် မေလအထိ ကုသပေးခဲ့ပြီး  ကျပ်သိန်း ၅၀ ခန့် ကုန်ကျကာ ဝေဒနာရှင်တစ်ဦးလျှင် ရောဂါပျောက်သည်အထိ လ ၂၀  ကြာမြင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ထိုသို့ဆေးယဉ်ပါးသူများအား တိုင်းဒေသကြီးအတွင်း ကွင်းဆင်းရှာဖွေကုသပေးမှုများ ဆောင်ရွက်
 ပေးနေသည်ဟု ဆိုသော်လည်း မန္တလေးတိုင်းအတွင်း ၂၈ မြို့နယ်ရှိသည့်အနက် ၁၃ မြို့နယ်သာ ဆောင်ရွက်ပေးနိုင်သည်ဟု ဦးစောသိန်းက ဆိုသည်။

"ဆေးကတော့ အလုံအလောက် ရှိနေပါတယ်။ ဝေဒနာရှင်တွေက တစ်ပြားတစ်ချပ်မှ ပေးစရာ မလိုပါဘူး။ အားလုံးအခမဲ့ပါ။ နိုင်ငံတော်ကနေ ကူညီထောက်ပံ့ပေးနေတာပါ" ဟုလည်း ဒေါက်တာ စောသိန်း က ပြောသည်။

ဝေဒနာရှင်များသည် မန္တလေး ခုနစ်မြို့နယ်အပါအ၀င် မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ ရမည်းသင်း၊ ကျောက်ပန်းတောင်း တို့ရှိ ကျန်းမာရေးဆေးပေးခန်းများတွင်လည်း ကုသနိုင်ပြီး ကျန်မြို့နယ်များမှလည်း နီးစပ်သည့်မြို့နယ်များတွင် လာရောက်၍ ကုသနိုင်သည်ဟု ဦးစောသိန်း က ဆိုသည်။

ဆေးယဉ်ပါးသူ တီဘီဝေဒနာရှင်ဟု ယူဆသူကို  မြို့နယ်ကျန်းမာရေးဦးစီးဌာနက ရှာဖွေတွေ့ရှိပါက ထိုသူ၏ သလိပ်ကို အထက်မြန်မာပြည် တီဘီရောဂါ တိုက်ဖျက်ရေးသို့ ပေးပို့ရမည်ဖြစ်ပြီး ဆေးယဉ်ပါး ဖြစ်နေ သည်ဟု စစ်ဆေးတွေ့ရှိပါက နှစ်သိမ့်ဆွေးနွေးမှုများပြုလုပ်ကာ ရောဂါကုသရန်
 ဆောင်ရွက်ပေးရသည်ဟုလည်း ၎င်းက ဆိုသည်။

ဒေါက်တာ စောသိန်းက "ဆေးယဉ်ပါး ရောဂါဖြစ်ရတာကတော့ ရိုးရိုးတီဘီကို စနစ်တကျ ကုခဲ့လို့ ဖြစ်တာပါ။ တီဘီရောဂါ အမြစ်ပြတ်ပျောက်ကင်းဖို့ အဆင့်ဆင့် ဆေးပတ်ပြည့်အောင် သောက်ဖို့လိုပါတယ်။ တီဘီကို ပြတ်အောင် မကုဘူးဆိုရင် တခြားရောဂါတွေ အ၀င်လွယ်ပြီး အသက်အန္တရာယ် ဖြစ်နိုင်တယ်" ဟု ပြောသည်။

ရိုးရိုးတီဘီ ပျောက်ကင်းစေရန် ပထမအဆင့်၊ ဒုတိယအဆင့် ဟူ၍ ခွဲခြားကုသပေးလျက်ရှိရာ ပထမအဆင့်အဖြစ် သောက်ဆေး ၆ လ သောက်ရမည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် ထိုးဆေး အပါအ၀င် ၈ လ ကုသရမည် ဖြစ်ကာ တတိယအဆင့်  ဆေးယဉ်ပါး တီဘီ ရောဂါဝေဒနာများဖြစ်ပြီး လ ၂၀ ကုသရမည် ဖြစ်သည်။

"နယ်ဝေးက လာကုတဲ့သူတွေဆိုရင် ဆေးရုံ ဆေးခန်းနီးတဲ့ဆီမှာ နေထိုင်ပြီးတော့ ကုခိုင်းတယ်။ ကျွန်တော်တို့ကလည်း အနီးကပ်ကြည့်ရှုလို့ ရတယ်" ဟုလည်း ဒေါက်တာ စောသိန်း က ပြောသည်။

အထက်မြန်မာပြည် တီဘီရောဂါ တိုက်ဖျက်ရေးမှ ရောဂါဝေဒနာရှင်များ အမြန်ဆုံး ရှာဖွေတွေ့ရှိ ကုသပေးနိုင်ရန် ရွှေ့လျှားရောဂါ ရှာဖွေရေး အဖွဲ့များဖြင့် ပြည်နယ်တိုင်းရှိ မြို့နယ်များတွင် ကွင်းဆင်း ရှာဖွေပညာပေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ဇွန်လအတွင်းတွင် သိန္နီ၊ မကွေးနှင့် သပိတ်ကျင်းတို့တွင် ရှာဖွေကုသ ပညာပေး ဟောပြော စည်းရုံးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment