Saturday, June 6, 2015

အရပ်သား အစိုးရသစ်လက်ထက်တွင် ကျောင်းမတက်ရောက်နိုင်သူ ၅ ဆကျော်ခန့်မြင့်တက်

ရန်ကုန်၊ ဇွန် ၎

အခမဲ့ ပညာသင်ကြားရေးစနစ်ဟု ကြွေးကြော်ထားသည့် အရပ်သား အစိုးရသစ် လက်ထက် တွင် ကျောင်းမတက်ရောက်နိုင်သူ ၅ ဆကျော် ခန့် မြင့်တက်သွားကြောင်း သန်းခေါင်စာရင်း ကောက်ယူမှု အချက် အလက်များအရ လေ့လာတွေ့ရှိရသည်။

အစိုးရသစ် စတင်တာဝန်ယူသည့် ကာလဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ကျောင်း စတင်နေရမည့် ၉ နှစ် အရွယ်မှ ၅ နှစ်အရွယ် (ယခု ၂၀၁၅ ခုနှစ်အထိ) ကလေးငယ်များ၏ ကျောင်းတက်ရောက်မှု မရှိသည့် ရာခိုင်နှုန်းမှာ ၂၀ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပြီး အစိုးရသစ် မတက်ခင် ၃ နှစ်တာ ကာလက ၄ ဒသမ ၅ ရာခိုင်နှုန်း သာ ရှိခဲ့သည်။

““မြန်မာနိုင်ငံအတွင်း ကျောင်းနေခွင့် ဆုံးရှုံးတဲ့ကလေးတွေ အများကြီးရှိ တယ်။ နိုင်ငံတော်က တာဝန်ယူရမယ် လို့ ကျွန်တော်ထင်တယ်။ အခမဲ့ မသင်မနေရ ဆိုတဲ့စကားလုံးက မိဘကို ဒဏ်ရိုက်တဲ့
အသုံးအနှုန်း မဟုတ်ဘူး။ အစိုးရက တာဝန်ယူရမယ့် အသုံးအနှုန်းသာဖြစ်တယ်””ဟု ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

NNER အဖွဲ့ဝင်လည်းဖြစ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာ ညိုညိုသင်းက ““အစိုးရအနေနဲ့ အခမဲ့ ပညာသင်ကြားရေးကို ပါးစပ်နဲ့ ကြွေးကြော်နေရုံနဲ့ မရဘူး။ စာအုပ်ထဲမှာ ရှိနေရုံနဲ့ မရ ပါဘူး။ တကယ် လက်တွေ့ကျကျ ပြည်သူလူထုခံ စားရဖို့က အကောင်အထည် ဖော်နေတဲ့ ၀န်ကြီးဌာနမှာ အများကြီး တာဝန်ရှိပါတယ်။ ဒီထက်ပိုပြီး အပြောတွေလျှော့ အလုပ်နဲ့သက်သေပြဖို့ လိုတယ်””ဟု မြန်မာ သံတော် ဆင့်သို့ သုံးသပ်ပြောကြားသည်။

အခမဲ့အလယ်တန်းပညာရေး စနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်၊ အားကစား၊ စာရေးကိရိယာကြေး၊ ကျောင်းသုံး ဖတ်စာအုပ်ကြေးများ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် ပညာရေး ၀န်ကြီးဌာန၏ မသင်မနေရ အခမဲ့ ပညာရေးစီမံကိန်းအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး မူလ တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကို ပြဋ္ဌာန်းဖတ်စာအုပ်နှင့် ကျောင်းလခ အခမဲ့အပြင် ဗလာစာအုပ် ၆ အုပ်နှင့် ငွေကျပ်တစ်ထောင်ကို ထောက်ပံ့ပေးရာ လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကစပြီး ငွေကျပ် တစ်ထောင်အစား ကျောင်းဝတ်စုံ တစ်စုံစီ ပံ့ပိုးမည် ဖြစ်သည်။

တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment