Sunday, May 31, 2015

အကြိမ်ကြိမ် တင်ပြတိုင်ကြားပါသော်လည်း စပါးသုံးခွံသုံး (ဂက်စ်)နှင့် နေ့ညမပြတ် ဆူညံစွာ လည်ပတ်နေသည့် ကျိုက်လတ်မြို့မှ ဆန်စက် – ပေးစာ

၁။ အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ (၁၇ x ၁၈) ဗိုလ်ချုပ်လမ်းတွင် တည်ရှိသော စက်အမှတ် (၆၈၂) ဇေယျသိဒ္ဓိမင်္ဂလာ ဆန်စက်သည် လူနေရပ်ကွက်အတွင်း စပါးခွံသုံး(ဂက်စ်)နှင့် နေ့ညမပြတ် (၂၄)နာရီ တန်(၃၀)ကျ ဆူညံစွာ လည်ပတ်နေသော အကြီးစား ဆန်စက်ဖြစ်ပါသည်။

၂။ ထိုသို့ လူနေရပ်ကွက်အတွင်း လည်ပတ်နေမှုကြောင့် လေထု ညစ်ညမ်းခြင်း၊ ရေတွင်း၊ ရေမြောင်းများ ပျက်စီးရခြင်း၊ စက်လည်ပတ်သံမပြတ် ဆူညံနေခြင်းများစသည့် လူနှင့်ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို သက်ဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်တကွ တာဝန်ရှိဌာနဆိုင်ရာ အသီးသီးသို့ (၁၀-၁၂-၂၀၁၃) နေ့မှစ၍ အကြိမ်ကြိမ် တင်ပြ တိုင်ကြားသော်လည်း ယနေ့ထိ လူနေရပ်ကွက်အတွင်း လေဆိုး၊ ရေဆိုး၊ အသံဆိုးတို့၏ သက်ဆိုးရှည်နေမှုများကို ကျန်းမာရေးအသိ၊ သတိရှိကြသူတိုင်း လူသားချင်း ကိုယ်ချင်းစာနိုင်ရန် ဖော်ပြလိုက်ပါသည်။

၃။ တိုင်ကြားမှုများနှင့် ပတ်သက်၍ (၃-၁-၂၀၁၄)တွင် မြို့နယ်အဆင့်မှလည်းကောင်း၊ (၁၇-၁-၂၀၁၄)တွင် တိုင်းအဆင့်နှင့် (၁၈-၁-၂၀၁၄)တွင် နေပြည်တော်အဆင့်ရှိ ဒေသန္တရ စက်မှုကြီးကြပ်စစ်ဆေးရေး အဖွဲ့များမှ လည်းကောင်း လာရောက် စစ်ဆေးအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၁၂-၃-၂၀၁၄) တွင် တစ်ကြိမ်၊ (၄-၉-၂၀၁၄) တွင်တစ်ကြိမ် ညွှန်ကြားစာများ ထုတ်ပြန်ခဲ့ပါသည်။

၎။ ပြည်သူ့အသံ နားပိတ်၊ ပြည်သူ့ဒုက္ခ မျက်စိမှိတ်ပြီး ပတ်ဝန်းကျင် ကျန်းမာရေးနှင့် ကြောင်းကျိုး မဆီလျော်သည့် မျက်နှာလွှဲခဲပစ် ညွှန်ကြား စာများကို ကာယကံရှင် ဆန်စက်အတွင်း ထင်သာ မြင်သာ ဖော်ပြထားခြင်း ရှိ/မရှိ မသိရသော်လည်း သက်ဆိုင်သူများသို့ ပေးဝေခြင်းမရှိ၊ မိတ္တူကူးယူခွင့် မပေးဘဲ ကျိုက်လတ်မြို့နယ် ထွေအုပ်နှင့်အဖွဲ့က (၁၂-၃-၂၀၁၄)ညွှန်ကြားစာ ကို (၁-၄-၂၀၁၄)တွင် လည်းကောင်း၊ (၄-၉-၂၀၁၄)ညွှန်ကြားစာကို (၂၂-၁၀-၂၀၁၄)တွင်လည်းကောင်း တိုင်ကြားသူ ဒုက္ခသည်များအား သူငယ်နှပ်စား ပမာ ခေါ်ယူဖတ်ကြား ပြခဲ့သည့်အတွက် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ပတ်ဝန်းကျင်တွင် ကောင်းကျိုး မရှိသော ထိုညွှန်ကြားစာများကို လုံးဝ အသိအမှတ်မပြု ယုံကြည်မှု မဲ့ခဲ့ရပါသည်။

၅။ (၂၀၁၄)၊ ၉ လပိုင်းတွင် ၎င်းဆန်စက်မှ ထရန်စဖော်မာ တပ်ဆင်ပြီးစီး ခဲ့သော် ယနေ့အထိစပါးခွံ (ဂက်စ်)ဖြင့်သာ လည်ပတ်နေသည့်အတွက် စက်ရုံပတ်ဝန်းကျင်မှ ပြည်သူများ အထူးသဖြင့် စက်ရုံလေ အောက်ရှိ မိသားစုဝင်များသည် လေကောင်းမရှူရ၊ ရေကောင်းမသုံးရ၊ ဆူညံစွာ အိပ်ပျက်ရခြင်းမှာ တစ်ရက် တစ်လမဟုတ် နေ့စဉ်ရက်ဆက် သားစဉ်မြေးဆက် ခံစားရမည့် အနာဂတ် ကျန်းမာရေးအား လျစ်လျှူရှု မျက်ကွယ်မပြုကြပါရန် အစိုးရအဆက်ဆက်မှ (အစိုးရအဆက် ဆက်) တောင်းဆိုသွားမည် ဖြစ်သဖြင့် သက်ဆိုင်ရာ လူကြီးမင်းများက သိရှိဖြေရှင်း (သိရှိဖြေရှင်း) ပေးကြပါရန် ကျွန်တော်/ကျွန်မတို့က အကြိမ်ကြိမ် ဦးတိုက် လျှောက်ထား လိုက်ပါသည်။

၆။ (၁၈)လမ်းရှိ ပြည်သူအများ ရေချိုတံတားတွင် ၎င်းဆန်စက်မှ ဆန်ထွက်ပစ္စည်းများ စုပုံပိတ်ဆို့ထားခြင်းနှင့် နေ့စဉ်ရေ တင်ရေချ ရောင်းဝယ် ဖောက်ကားနေခြင်းများကို သက်ဆိုင်ရာက တားဆီးဖြေရှင်း ပေးပါမည်ဟု ပြောခဲ့ရာ (၂၃-၁၂-၂၀၁၄)တွင် တိကျစွာ လိုက်နာနိုင်ရေး ပီပြင်စွာ တားဆီးပေးရန် သက်ဆိုင်ရာသို့ တင်ပြ ခဲ့သော်လည်း ယနေ့အထိ နေ့စဉ်မပျက်မကွက် တိကျစွာ လိုက်နာ၍ ပီပြင်စွာ ဆောင်ရွက်နေကြောင်းပါ ခင်ဗျား။

တိုင်ကြားသူ

ကျိုက်လတ်ပြည်သူ(၁၉)ဦး

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment