Tuesday, June 2, 2015

ဟိုရှေ့က ဆူဆူညံ . . .ဘာသံလို့မေး . . – ရွှေကူမေနှင်း

ပါတီထောင်ပြီး နိုင်ငံရေးလုပ်ခြင်းသည် လွှတ်တော်အမတ်ဖြစ်ရေး၊ ၀န်ကြီးဖြစ်ရေး၊ သမ္မတဖြစ်ရေး မရည်ရွယ် သင့်ပါ။ ပြည်သူတွေရဲ့ ဒုက္ခကို ကယ်တင်ဖို့သာ ဦးတည်ရ မည်။ ပြည်သူ့မျက်နှာတစ်ခုကိုသာ ကြည့်ရပါမည်။ ပါတီအနေနှင့် လွှတ်တော်နိုင်ငံရေးပဲဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပနိုင်ငံရေး ပဲဖြစ် ဖြစ်၊ မိမိအလုပ်မှာ ပြည်သူတွေ၏ ဒုက္ခကို ကယ်တင်ရန်သာဖြစ်ရမည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

– ဟိုရှေ့က ဆူဆူညံ ဘာသံလို့မေး။ ။

– ၂၀၁၅ မှာလ များသူငါအပြိုင်နွှဲမယ့် မဲဆွယ်တဲ့တေး။ ။

ရွေးကောက်ပွဲကြီးနီးလာပြီ။

ပွဲက ကြည့်ကောင်းလာပြီမို့ ပျော်စရာ ကောင်းပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၁၈ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌၊ အတည်ပြု ပြောကြားသွားခဲ့သည်။ ထိုပွဲမှာ နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲ ဖြစ်၏။ သည်လိုပွဲမျိုး၌ အတိအကျပြောခြင်းကို သံသယရှိရန် မလိုပါ။ ရွေးကောက်ပွဲ ကိုရွှေ့နိုင်တယ်ဟု ထင် ကြေး ပေးခဲ့ကြသူများကား မိုးပြိုမှာ ကြောက်ပြီးပြေးသော ယုန်ကလေးမျိုးဖြစ်မည်။ ထန်းလက်ပေါ် ထန်းသီး ကြွေခါမျှဖြင့် မိုးပြိုပြီဟု သံသယထားခဲ့ပုံရ၏။ ခံရပါများတော့လည်း မယုံရဲတော့တာ ပါပါလိမ့်မည်။…

အချို့ကမူ ရွေးကောက်ပွဲက ကျိန်းသေဖြစ်မှာပါ။ ဘာကြောင့်ဆို အစိုးရအဖွဲ့၏ နောက်ခံပါတီကိုယ်တိုင်က ဒီတစ်ချီလည်း သူတို့နိုင်မည်ဟု ယုံကြည်ချက်ရှိ၍ ဖြစ်သည် ဟုဆိုကြသည်။ ယခုဆိုလျှင် ရွေးကောက် ပွဲက ၆လပင် မလိုတော့ပေ။ သည်အတောအတွင်း မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်နိုင်အောင် ကြိုးစားဖို့ပဲ ရှိတော့သည်။ မနှစ်ကတော့ PR ဂယက်အတော်ပွက်လောညံခဲ့၏။ ကြိုက်သူလည်း ရှိ၊ မကြိုက်သူလည်း ရှိ။ သဘောထား အမြင်ကွဲခဲ့ကြသည်။ ဟိုလူသည် လူကို အပြစ်တွေ ပုံချခဲ့ကြသည်။ ယခုတော့ ရှင်းသွားပါပြီ။

ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်က-

““လွှတ်တော်ကို ၂၀၁၃ ခုနှစ်ကတည်း ကသတိပေးခဲ့ပါတယ်။ ၂၀၁၄ မှာ ပြဋ္ဌာန်း မယ်။ ၂၀၁၅ မှာ ကျင့်သုံးပါ လို့။ အခုထိ ဧပြီလကုန်မှာ မဆုံးဖြတ်ရသေးဘူးဆိုတော့ လုပ်မပေးနိုင်တော့ပါဘူး။ နောင်ရွေးကောက် ပွဲတွေမှာ သာ ဖြစ်ပေါ်လာမယ့်ဥပဒေနဲ့အညီ ကျင်းပကြပါလို့ ပြောခဲ့ရပါတယ်။ ဒီတော့ အခု ၂၀၁၅မှာပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်အားလုံးကို ““နိုင်သူအကုန်ယူ စနစ်””နဲ့ပဲ ကျင်းပ ရမှာဖြစ်ပါတယ်””ဟု ဆိုသည်။

အရေးကြီးသော အချက်တစ်ခုမှာ မဲဆွယ်စည်းရုံးခွင့်ကို ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၆၀အလိုမှာမှ ရရှိ မည်ဆို ခြင်းဖြစ်၏။ (၁၉၉၀ တုန်းကမဲဆွယ် စည်းရုံးခွင့် ၃လရပါသည်။) ယခုထိ ကျင်းပမည့်ရက်ကို ကြေညာ ခြင်းမပြုသေးပါ။ ၎င်းက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို အနည်းဆုံးရက်ပေါင်း ၉၀အတွင်း၊ အများဆုံး ၄ လ အတွင်းကြေညာပေးမည်ဟု ဆိုသည်။

သို့ဖြစ်ရာ… ယခုအချိန်သည် ““မဲ ဆွယ်စည်းရုံးခွင့်”” ပြုလုပ်ရန် ခွင့်ပြုခြင်း မရှိသေးကြောင်း သတိထားရပါမည်။ အကယ်၍ ဆန္ဒစောပြီး မဲဆွယ်မိခဲ့သော် နောင်အရွေးခံရသည့်တိုင်၊ ဆန့်ကျင်ဘက် ပြိုင်ဘက်များက ထောက် ပြနိုင်သည်။ ရွေးကောက်ပွဲစည်းကမ်းနှင့် မညီဟုဆိုပြီး ““ပယ်ဖျက်””နိုင်ပါသည်။

ရွေးကောက်ပွဲအတွက် လူထုအား မဲဆွယ်ခြင်း မပြုရသေးသော ကာလဖြစ်သော်လည်း နိုင်ငံရေးပါတီများ ကား ဖင်တကြွကြွ ဖြစ်နေကြလေပြီ။ ပြေးလမ်း ပန်းလွှတ်အမှတ်တွင်နေရာယူရင်း ဒိုင်လူကြီး၏ ခရာသံကို နားစွင့်နေ ကြလေပြီ။ ခရာမှုတ်သည်နှင့် တန်းပြီး ပန်းလွှတ်တာမှ ပြေးထွက်ကြရန် အာရုံစိုက်နေကြပြီ။ ပန်းတိုင်ကို အရင် ရောက်မှဖြစ်မည်။ ပထမဆုံးရောက်သူကိုသာ တစ်ဦးတည်းရွေးမည်ဖြစ်သည်။ ဒုတိယနှင့် တတိယမရှိ။ အတော် ကြီး အသကုန် ပြေးရပေတော့မည်။

ဤရက်ပိုင်းအတွင်း ဂျာနယ်များလည်း ကြိုးစားနေကြ သည်။ ရောင်းကောင်းကြပါသည်။ မြန်မာလူထုသည် အထုံအအများ မဟုတ်ကြပါ။ အနည်းဆုံး သတင်းရှာဖတ် ကြသူများဖြစ်သည်။ ယခုလို မိုးထဲလေထဲ သေရေး ရှင်ရေးကာလတွင် ပွဲကြည့်ပရိသတ်ကပင်လျှင် ရင်တမမ ဖြစ်နေလေသည်။ အဖြေကို ကျိန်းသေတွက်၍ မရ တော့ပါ။ နာမည်ကျော် မန်ယူကြီးလည်း ရှုံးပွဲတွေရှိနေသည်။ ““အာကြီး”” တောင် အဆင့်ကျသွားပြီဟု စိတ် မအေးနိုင်ကြပေ။

မဲဆွယ်ပွဲမပြုလုပ်မီ မဖြစ်မနေလုပ်ရမည့်ပွဲမှာ ပါတီညီလာခံများဖြစ်၏။ ယနေ့ထိ လက်ရှိအင်အားကြီးပါတီများ ညီလာခံ ခေါ်နေကြပြီ။ ဗဟိုအမှုဆောင်စည်းဝေးပွဲ လုပ်ကြသည်။ တိုင်းနှင့်ပြည်နယ်မှ အမတ်လောင်း စာရင်း ပြုစု တင်ပြနေကြသည်။ အသည်းတထိတ်ထိတ်၊ ရင်တဖိုဖို ခံစားမှုကို မိမိပါတီတွင်း၌ ပထမကြုံရမည်။ ပါတီ က မရွေးလျှင် ရွေးကောက်ပွဲ ၀င်ခွင့်မရှိ။ ကိုယ့်ရွာသားတွေ ဘယ်လောက်ပင် ထောက်ခံပါစေ၊ ပါတီဗဟိုမှ ဆုံးဖြတ် ချက်ကသာ အတည်ဖြစ်သည်။ အောက်က တက်လာ တိုင်းလည်း မဖြစ်သေး။ ဤကိစ္စကြောင့် နယ်မြို့ကြီးများ ရှိ ပါတီရုံးများ ကွဲခဲ့ကြပြီ။ နယ်ကြိုက်ကိုပယ်၊ ဗဟိုဦးစီး အနိုင်ယူစနစ်က ဒီမိုကရေစီစကားဆိုရင်းမှာပင် ရှိနေဆဲ။

အင်အားနည်းပါတီ လေးများကတော့ တစ်ပိုင်တစ်နိုင်ပဲ လုပ်ကြ၏။ သိပ်ဒုက္ခမခံကြပေ။ ကိုယ့်အင်အားနှင့် ကိုယ်ပဲ ရုန်းကြမည်။ တိုင်းရင်းသားပါတီများက အရှိန်ကောင်းကောင်းနှင့် အားကောင်းမောင်းသန်ကာ ယုံကြည် ချက်အပြည့်ရှိနေသည်။ သို့သော် ယခုနှစ်ပိုင်းတွင်မှ ပေါ်ထွက်လာသော တိုင်းရင်းသား ပါတီကလေးများမှာ မြို့နယ်ဆိုင်းဘုတ်တင်ဖို့ပင် ခက်ခဲနေကြသည်။ မဲပေးချိန်ကျလျှင် ထည့်ပါမည်။ ယခုတော့ ပေါ်ပေါ်ထင်ထင် မလုပ်ရဲပါ…ဟုဆိုကြ၏။ နိုင်ငံရေးလုပ်လျှင် ထောင်ကျတတ်ကြောင်း အသိကမပြယ်သေးပေ။ အစိုးရ ၀န်ထမ်း ဖြစ်လျှင်လည်း လက်ရှိအာဏာ ချုပ်ကိုင်ဆဲပါတီကိုသာ မဲပေးရမည်ဟု အသေမှတ်ထားကြဆဲဖြစ်သည်။ ထမင်း အိုးကွဲမှာ ကြောက်ကြရှာသည်။

အစည်းအဝေးများ၌ လည်းကောင်း၊ တစ်ဦးချင်းအင်တာဗျူးများ၌ လည်းကောင်း ပါတီခေါင်းဆောင်လုပ် သူများ ၏ စကားများကို ဖတ်ရှုကြရ၏။ အချို့က မာန်တင်းပြီး ရန်လုပ်ချင်နေဆဲဖြစ်သည်။ အချို့က လိမ္မာသည်။ လူထု အတွင်းထဲထဲဝင်ဝင် ရင်းရင်းနှီးနှီးနေသည်။ လူထုမေတ္တာကို ဤနည်းဖြင့်ယူရန် ကြိုးစားနေပုံရသည်။

ပါတီညီလာခံများထဲတွင် NDF ပါတီ မှ ခေါင်းဆောင် ဦးခင်မောင်ဆွေ၏ စကားတစ်ခွန်းကို သဘောကျမိသည်။ သူက ပါတီနိုင်လျှင် ဘာလုပ်ပေးမည်၊မဲပေးကြပါ စသဖြင့်မပြောချေ။ ““နိုင်ငံရေးလုပ်တယ် ဆိုတာ ပြည်သူတွေ ရဲ့ ဒုက္ခကို ကယ်တင်ဖို့ပဲ””တဲ့။ စကားလုံးအရ အပိုအလိုမရှိမှန် ကန်နေသည်။ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ခြင်း သည် လွှတ်တော်အမတ်ဖြစ်ရေး၊ ၀န်ကြီးဖြစ်ရေး၊ သမ္မတဖြစ်ရေး မရည်ရွယ်သင့်ပါ။ ပြည်သူတွေရဲ့ဒုက္ခကို ကယ်တင်ဖို့သာ ဦးတည်ရမည်။ ပြည်သူ့မျက်နှာတစ်ခုကိုသာ ကြည့်ရပါမည်။ ပါတီအနေနှင့် လွှတ်တော် နိုင်ငံ ရေးပဲဖြစ်ဖြစ်၊ လွှတ်တော် ပြင်ပနိုင်ငံရေးပဲဖြစ်ဖြစ် မိမိအလုပ်မှာ ပြည်သူတွေ၏ ဒုက္ခကို ကယ်တင်ရန်သာ ဖြစ် ရမည်။

ပြည်သူတွေ ပင်ပန်းလှပါပြီ။

ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ့်လယ်တောလေးမှာ နေချင်ကြပါသည်။ မြို့သားများလည်း အလုပ်ကိုဘတ်စ်ကား ချောင်ချောင်စီးသွားပြီး လစာကလေးက စားလောက်လျှင် တော်ပါပြီ။ မြန်မာလူမျိုးဆိုသည်မှာ အလွန်ပျော် တတ်သော၊ ငြိမ်းချမ်းတတ်သော၊ တင်းတိမ်ရောင့်ရဲတတ်သော လူမျိုးပါ။ သည်တော့ အစိုးရဆိုသော လူများကို လည်း မိမိတို့အား ဒုက္ခပေးမည့်သူများဟု မြင်ခြင်းထက် မိမိတို့၏ဒုက္ခကို ကယ်တင်မည့်သူများအဖြစ် အားကိုး ချင်ကြပါသည်။ နိုင်ငံချစ်၍ နိုင်ငံရေး လုပ်သူများသည် နိုင်ငံကို ကယ်တင်ချင်သူများသာဖြစ်သင့်သည်။

အမြင်ချင်း မတူကြတာက သဘာဝ ဖြစ်၏။

ဗိုလ်ချုပ်ဟောင်းကြီးများ ပါတီထောင်၊ ရွေးကောက်ပွဲဝင်ကြမည်ဆိုသော သတင်း ကလျှံဖိတ်လာပြန် သည်။ အမျိုးမျိုး ထင်မြင်ချက်ပေးကြ၏။ အဓိကမှာ သမ္မတ၏ အကြံပေးပုဂ်္ဂိုလ်ကရာထူးမှထွက်ပြီး ပါတီထောင် သည် ဆိုတော့ ဒါဟာသမ္မတ၏ အကြံဖြစ်ရမည်ဟု ယူဆသူအတော်များသည်။ သမ္မတ ကိုယ်တိုင်ကြံ့ခိုင်ရေး ပါတီဝင် မဟုတ်တော့သဖြင့် ဧကန္တ ဤပါတီသစ်၌ ပါဝင်လှုပ်ရှားကာ နောက်သက်တမ်းတစ်ခု ယူရန်ဖြစ်မည်ဟု တွေးကြ ည်။ ထိုပါတီကလည်း လူ ၄၀၀၀င်မည်ဟု ဆိုထားသည်။ လူလတ်ပိုင်း မဟာဝိဇ္ဇာဘွဲ့ရ ပညာတတ်များဟုလည်း ကြားရပြန်သည်။ တန်တော့ …လွန်ခဲ့ သည့် ၇နှစ်ခန့်က ရန်ကုန်တက္ကသိုလ်မှာ ကပ္ပတိန်များကားကြီး ၇ စီးနှင့် မဟာ ၀ိဇ္ဇာလာတက်ခဲ့သည်ကို သတိရ၏။ တစ်ချိန်တည်းမှာပင် ရုရှား၌ ပညာသင်ခဲ့ကြသော တပ်မတော်အရာ ရှိများကို သတိရ၏။ သူတို့ပေါင်းစုပြီး လွှတ်တော်ဝင်ကြမည်လား။ နောက်တစ်ခုက လက်ရှိ ၂၅ ရာခိုင်နှုန်းက လည်း ယူနီဖောင်းလဲပြီး ပြန်ဝင်နိုင်ကြသေးသည်။ အတွေ့အကြုံရှိပြီး သူများဟု ဆိုနိုင်မည်။ ဒါတွေအားလုံး အတွက်သည်လိုလုပ်ဖို့ သမ္မတအကြံပေးက အကြံပေးခဲ့တာများလား။

တော်တော်ကြီးကို စိတ်ဝင်စားနေကြသည်။ အချို့ကတော့ တစ်မျိုးဝေဖန်၏။ ကြံ့ခိုင်ရေးတံဆိပ်နဲ့ဆိုရင် ရှုံးဖို့ သေချာနေတာကိုသိလို့ ဒီလိုတစ်ဖက်လှည့်ဖွဲ့တာတဲ့။ အားလုံးတစ်ဖွဲ့တည်းပဲတဲ့။ နောက်ပြီး“နောက် ကွယ်က ခိုင်းတာဖြစ်မယ်””ဆိုတာမျိုးလည်း ကြားရသည်။ အင်တာဗျူးများတွင်… ဒါဟာ ဒီမိုကရေစီနည်းပဲဟု ကြိုဆိုသူရှိ သလို ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီအတိုင်းလုပ်ခဲ့တာဟု ကြံဖန်အမှတ်ယူသူတွေလည်း ရှိသည်။ တိုင်းရင်း သားတစ်ဦးကမူ စစ်တပ်ဟာ နားသင့်ပါပြီ၊ လျှော့သင့်ပါပြီဟု ညည်းညူလေ၏။

ပါတီနိုင်ငံရေးမလုပ်ဘဲ စာပေနိုင်ငံရေး လုပ်သူများအဖို့ကား ရေး ကွက်တွေရနေ၍ အတော်ဟန်ကျ၏။ တွေးစရာ တွေလည်းများလှသည်။ တို့ပြည်သူတွေကို Educate (ပညာပေး) လုပ်ဖို့တာဝန်ရှိတယ် ဆိုသော စာပေနိုင်ငံရေး သမားများဖြစ်ရာ မိမိတို့ ကိုယ်တိုင် ပညာပြည့်ဖို့လိုပါလိမ့်မည်။

တစ်နေ့က ဂျာနယ်တစ်ခုတွင် စာရေးဆရာတစ်ဦးက““ဤပုဂိ္ဂုလ်သာလျှင် …”” ဟူ၍ အပြတ်ထောက်ခံလိုက်ရာ အတော် နှာခေါင်းရှုံ့ကြသည်။ စာရေးဆရာ၏အလုပ် သည် ““မဲဆွယ်””ရန်မဟုတ်။ မိမိနားလည်သမျှကို ဝေမျှ ရန်သာဟု အပြစ်တင်ကြသည်။ စာပေရေးသားရာ၌ချည်း မဟုတ်။ ကျေးလက်တောရွာများမှာလည်း စာပေ ဟောပြောပွဲအမည်တပ်ပြီး မဲဆွယ်ပွဲတွေ လုပ်နေကြပြီဟု သတင်းပို့ သူပို့ကြသည်။ စာရေးဆရာမှာလည်း မဲ ဆွယ်ခွင့်ရှိသည်ဟု ဆိုသည်။ ဒီမိုကရေစီ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ခွင့်မှ မရှိတာဟုအကြောင်း ပြ သည်။

ပွဲကတော့ ကြည့်ကောင်းလာပြီ။

ပတ်မကြီးက တထီထီနှင့် မြည်နေပြီ။

ရိုးပြတ်တောထဲမှာ ဇာတ်စင်ထိုးနေပြီ။

ရွာသားတွေလည်း ချက်ပြုတ်ပြင်ဆင် နေကြပြီ။

ပွဲသွားကြတော့မည်။

သည်စင်မှာ ဘယ်အဖွဲ့ကပြမည်လဲ။

ဘယ်ဇာတ်တော်ကိုခင်းကျင်းမည်လဲ။

ဘယ်တေးသီချင်းကို

ဟစ်ကြွေးမည်လဲ။

လက်ဝဲသုန္ဒရ အမတ်ကြီး မဲဇာပို့ခန်းတော့ မကြည့်ချင်တော့ပါ။ ထစ်ခနဲဆို အာဏာပြသော၊ အာဏာရူးဧကရာဇ် စနစ်ကိုမုန်းပါသည်။ တရုတ်စစ်သူကြီး ဂါမဏိနှင့် မွန်သူရဲကောင်း သမိန်ဗရမ်းတို့၏ စီးချင်းထိုးပွဲကိုလည်း စိတ် မအေးနိုင်ပါ။ သူ့သံချပ်ကာအင်္ကျီမှာ ချိုင်းပြဲနေတာမျိုးက ရာဇ၀င်ထဲမှာ ကျန်ရစ်ရောပေါ့။ အခွင့်ကောင်း ရဖို့ မလွယ်တော့ပါ။

ဒါဆိုလျှင်… သီပေါမင်းပါတော်မူခန်းရော။ ကာနယ်စလေဒင်နှင့် ကင်းဝန်မင်းကြီးတို့နေရာမှာ သရုပ်ဆောင် မည့်သူတွေရှိသည်။ တော်ပါပြီ၊ တန်ပါပြီ။ ကျွန်ဖြစ်ရတာ ကျွန်နံ့တောင် မပျောက်သေး။

ဟော…

ဟိုရှေ့က ဆူဆူညံ …

ဘာသံလဲမေး။ ။

၂၀၁၅ မှာလ၊

များသူငါအပြိုင်နွှဲမယ့်

မဲဆွယ်တဲ့တေး။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

  

No comments:

Post a Comment