Tuesday, June 2, 2015

တရားဝင်ဖြေရှင်းရမယ့်ကိစ္စကို ရန်တိုက်ခြင်းနဲ့ လမ်းလွှဲလိုက်လေသလား ပြန်ကြားရေးဝန်ကြီး – အောင်ထွန်းလင်း

ပြောရမယ်ဆိုရင် နိုင်ငံနှင့်ချီပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်နေတာကြောင့် အခုလိုမျိုး သတင်း အချက်အလက်နှင့် သတင်းရေးသားချက် ကွဲပြားနေမှုကို တိကျစွာ စုံစမ်းစစ်ဆေးပြီး အစိုးရ၏ တရားဝင် အဖွဲ့အစည်းဖြစ်တဲ့ ပြန်ကြားရေး ၀န်ကြီးဌာန က နိုင်ငံတကာ နဲ့ ပြည်တွင်းမီဒီယာ အားလုံးကိုခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်၊ ဖြေရှင်းရမှာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ)

နောက်အစိုးရသစ်ကို ရွေးချယ်ဖို့ အတွက် အဓိကဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာ ရွေးကောက် ပွဲ ဖြစ်မှ ဖြစ်ပါ့မလားလို့ စိုးရိမ်မှုတွေကလည်း များနေပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည် တွင်း ပြဿနာတွေဖြစ်တဲ့ တိုင်းရင်းသားဒေသ လက်နက်ကိုင် တိုက်ပွဲတွေကိစ္စ၊ လယ်ယာမြေ သိမ်းဆည်းမှုကိစ္စ၊ တရားဥပဒေ စိုးမိုး မှုဆိုင်ရာ ကိစ္စတွေက တစ်ပုံတစ်ပင်ကြီး ဖြေရှင်းဖို့ ကျန်နေသေးသလို

ဒီကိစ္စနဲ့ဆက် စပ်ပြီး ဖြစ်လာနိုင်တဲ့ အကောင်း၊ အဆိုးမှန်သမျှကိုလည်း ထည့်တွက်ဖို့ လိုနေတာကြောင့်ပါ။ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တဲ့ကိစ္စ ရပ်တွေပါ။

ပြည်တွင်းပြဿနာများ နည်းတူ တစ်ဖက်ကလည်း ပြည်ပနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကလည်း ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာနေပါတယ်။ ပြည် တွင်း ပြဿနာတွေ တစ်ပုံတစ်ပင်ကိစ္စကို အကြောင်းပြတာမျိုး မလုပ်ဘဲ ရွေးကောက်ပွဲ ကို တရားမျှတစွာ ကျင်းပပေးနိုင်ဖို့ တောင်း ဆိုနေကြ သလို နောက်ထပ် ဖိအားပေးမှု တစ်ရပ်က လှေစီးဒုက္ခသည်တွေ ကိစ္စပါ။ ယင်းဖိအားမှာ အစိုးရသစ်၏ အာဆီယံဥက္ကဋ္ဌနေရာ ရယူခဲ့ပြီး တည်ဆောက် ခဲ့သော နိုင်ငံတကာ ဆက်ဆံရေးကို အထိခိုက်နိုင်ဆုံး ဖိအားတစ်ရပ် ဖြစ်လာပါတယ်။

ယင်းကဲ့သို့သော ဖိအားပေါင်းစုံနှင့် တွေ့ကြုံနေရစဉ် အချိန်တွင်ပင် မေလ ၂၁ ရက်က ရခိုင်ပြည်နယ် မောင်တော မြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ပင်လယ်ပြင်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီး ဒုက္ခသည် ၂၀၈ ဦး တင်ဆောင်ထားသည့် စက်လှေနှစ်စီးကို မြန်မာ့တပ်မတော် က တွေ့ရှိကာ ထိန်းသိမ်း ခေါ်ဆောင်ခဲ့ပြီး မေလ ၂၂ရက်မှာ အငူမော်ကျေးရွာက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အပ်နှံခဲ့တဲ့ သတင်း တစ်ပုဒ် ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်တွေမှာအပြင် အစိုးရ အာဘော် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဖမ်းဆီးခံရသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦးအပြင် မြိတ်၊ ထားဝယ်နဲ့ ဧရာဝတီတိုင်းက လှေသမား ၁၇ ဦးနဲ့ နိုင်ငံသား စိစစ်ဆဲ စကားပြန်ဘင်္ဂါလီ ၃ ဦးတို့ကိုလည်း တစ်ပါတည်း ဖမ်းဆီးမိခြင်း ဖြစ်ပြီး အဲဒီလှေနှစ်စင်းဟာ ထိုင်းနှစ်နိုင်ငံ ရနောင်းမြို့က ဧပြီလ ၈ ရက်က ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကို ဧပြီလ ၁၃ ရက်က ရောက်ရှိကြောင်း၊ ဧပြီလ ၂၀ ရက်ကစပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အတွင်းက အုန်းကျွန်း အနောက်ဘက် ကမ်းခြေမှာ ရပ်တန့်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ကို ခေါ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သတင်း မှာ ဖော်ပြထားပါတယ်။ ခေါ်ဆောင် ခဲ့တဲ့ သူတွေကို ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ပို့ဆောင်ဖို့ ထွက်ခဲ့ရာမှာ ပင်လယ်ပြင် စစ်ဆေးမှု ပြုလုပ်နေတာကြောင့် မေလ ၁၅ ရက်မှာ နောက်ကြောင်း ပြန် လှည့်ပြီး မောင်းနှင် လာစဉ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း အစိုးရသတင်းစာက ဖော်ပြထားပါတယ်။

ဒီအထိက ပြဿနာ မဟုတ်သေးပါဘူး။ အဲဒီအဖြစ်အပျက်ကိုပဲ ဘီဘီစီ သတင်းဌာနက မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ““ရွှေ့ပြောင်းသူတွေရဲ့ စက်လှေ ၂ စီး မြန်မာကယ်ဆယ်”” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထားတာ ပါ။ အဲဒီသတင်းကို ရခိုင်ပြည်နယ် ဥပဒေချုပ်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း ကို မေးမြန်းပြီး ရေးသားထားတာ ဖြစ်ပြီး ဖမ်းဆီးမိသူ ၂၀၀ ကျော်ထဲက ရှစ်ယောက်ဟာ မြန်မာနိုင် ငံ ကျောက်တော်မြို့က ဘင်္ဂါလီတွေဖြစ်ပြီး ကျန် ၂၀၀ ကတော့ ဘင်္ဂလားဒေ့ရှ်က လို့ ဖော်ပြထားပါတယ်။ သတင်းမှာ သူတို့တွေ ဘယ်ကလာတယ် ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါကတော့ ဘီဘီစီ သတင်းဌာနရဲ့ ဖော်ပြ ချက်ပါ။ ဒါပေမဲ့လည်း အဲဒီသတင်း ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ လူမှု ကွန်ရက်ဖေ့ဘုတ်မှာ အခုလိုမျိုး ပြောထားပါတယ်။

ဘီဘီစီ(မြန်မာ) သတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းထဲမှာပါတဲ့ လှေပေါ်ပါတဲ့ လူ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာဖြစ်တယ် ဆိုတဲ့အချက်နဲ့ လူမှောင်ခိုလှေ ဘယ်နေ့မှာ ဘင်္ဂလားဒေ့ရှ်က ထွက်တယ်၊ ဘယ်နေ့မှာ ထိုင်းကမ်းခြေကနေ ပြန်လှည့် လာတယ် ဆိုတဲ့အချက်တွေ တစ်ခုမှမရေးဘဲနဲ့ ရခိုင်ပြည်နယ်က ထွက်လာသလိုလို လှည့်ပတ် ရေးထားပါတယ်။ ကျွန်တော်တို့ သတင်းမှာ ဘင်္ဂလားဒေ့ရှ်က လာပါတယ်လို့ အတိအကျရက်၊ နေရာများနဲ့ ရေးထား တာတောင် ““မြန်မာပြန်ကြားရေး ၀န်ကြီးဌာနရဲ့အင်တာနက် စာမျက်နှာမှာတော့ စက်လှေပေါ်ပါသူ အများစုဟာဘင်္ဂါလီတွေ ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဘင်္ဂါလီတွေလို့သာ သုံးနှုန်းခေါ်ဆိုလေ့ ရှိပါတယ်””ဆိုပြီး မလိမ့်တ ပတ် ရေးထား ပါသေးတယ်။ ဒီလိုရေးသားချက်မျိုးကို အင်တာနက်ပေါ်မှာရော၊ ပုံနှိပ် စာမျက်နှာများမှာရော ၀ိုင်းဝန်း တုံ့ပြန် ဖြေရှင်းသင့်တယ်လို့ ထင်ပါတယ်။ ဘီဘီစီမှာ ၀င်လုပ်နေတဲ့ ပြည်တွင်းက မီဒီယာဆရာကြီးတွေရော မကန့်ကွက်တော့ဘူးလား မသိပါ””ဟု ဘီဘီစီမြန်မာပိုင်းတွင် ဖော်ပြ ထားသော ““ရွှေ့ပြောင်းသူတွေရဲ့ စက်လှေ ၂စီးမြန်မာကယ်ဆယ်”” ခေါင်း စဉ်ပါ သတင်းနှင့်တကွ ပူးတွဲဖော်ပြကာ ရေးသားထားပါတယ်။

ဒါ့အပြင် ““ဘီဘီစီသတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းထဲမှာပါတဲ့ လှေပေါ်ပါတဲ့ လူ ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာဖြစ်တယ်ဆိုတဲ့အချက်နဲ့ လူမှောင်ခိုလှေဘယ်နေ့မှာ ဘင်္ဂလားဒေ့ရှ်က ထွက်တယ်၊ ဘယ်နေ့မှာ ထိုင်းကမ်းခြေကနေပြန်လှည့် လာတယ်ဆိုတဲ့ အချက်တွေတစ်ခုမှ မရေးဘဲနဲ့ ရခိုင်ပြည်နယ်က ထွက်လာသလိုလို လှည့်ပတ် ရေးသားထားပါတယ်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ဘယ်လိုပြောမလဲ စောင့်ကြည့်ရမှာပဲ””ဟု အထက်ပါ ပို့စ်မတင်ခင်က ဘီဘီစီ အင်္ဂလိပ်ပိုင်း အင်တာနက် စာမျက်နှာပါ သတင်းလင့်ခ်ကို ဖော်ပြပြီး ရေးသားထားပြန်ပါတယ်။

ဒီနေရာမှာ ဘီဘီစီသတင်းရဲ့ ရေးသားဖော်ပြချက်နဲ့ အစိုးရအာဘော် သတင်းစာတွေရဲ့ ရေးသား ဖော်ပြချက်တွေ ကွဲလွဲနေတာကိုတော့ မပြောလိုပါ။ ပြောလိုတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက်ပေါ်က ရေးသားချက်နဲ့ပါ။

လတ်တလော အနေအထားအရ လှေစီးဒုက္ခသည်လို့ လူသိများတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလူတွေ ရဲ့ ပြဿနာဟာ မြန်မာနိုင်ငံအတွက် ခေါင်းခဲ စရာကိစ္စတစ်ခုပါ။ ထို့နည်းတူ ဖြေရှင်းဖို့အတွက် ဘက်ပေါင်းစုံက စဉ်းစားတွေးခေါ် ဆုံးဖြတ်ပြီးမှသာလျှင် ကိုင်တွယ်ရမယ့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကမ္ဘာတစ်လွှားက နိုင်ငံတွေက စောင့်ကြည့်နေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ကမ္ဘာတစ်ဝန်းက မီဒီယာတွေက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရေးသားဖော်ပြကြ၊ သုံးသပ်ကြနဲ့ ရှုပ်ထွေးနေဆဲပါ။ အဲဒီလိုအခြေအနေမှာ အစိုးရသတင်းစာပါ သတင်းအချက်အလက်နဲ့ ဘီဘီစီပါ သတင်းရေးသားချက် မတူညီဘဲ မှားယွင်းနေတယ်ဆိုရင် သက်ဆိုင်ရာ ၀န်ကြီးဌာနက အဲဒီသတင်းမီဒီယာကို တရားဝင် မေးမြန်း ရမှာပါ။ ထို့နည်းတူ ဘီဘီစီပါ သတင်းမှာ ဖြေကြားထားတဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ်နဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဥက္ကဋ္ဌဦးလှသိန်းကို သတင်းနှင့် ပတ်သက်ပြီး ဘီဘီစီမှ မေးမြန်းစဉ် မည်သို့မည်ပုံ ဖြေကြားခဲ့သနည်း ဆိုတာကို စုံစမ်းမေးမြန်းရမှာပါ။ ပြောရမယ်ဆိုရင် နိုင်ငံနှင့်ချီပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက် နေတာကြောင့် အခုလိုမျိုး သတင်းအချက်အလက်နှင့် သတင်းရေးသားချက် ကွဲပြားနေမှုကို တိကျစွာ စုံစမ်း စစ်ဆေးပြီးအစိုးရ၏ တရားဝင် အဖွဲ့အစည်းဖြစ်တဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက နိုင်ငံတကာနဲ့ ပြည်တွင်း မီဒီယာအားလုံးကိုခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်၊ ဖြေရှင်းရမှာပါ။ အခုတော့ အဲဒီလိုမဟုတ်ပါ။

အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ““ကျွန်တော်တို့ သတင်းမှာ ဘင်္ဂလားဒေ့ရှ်က လာပါတယ်လို့ အတိအကျ ရက်၊ နေရာများနဲ့ ရေးထားတာတောင် ““မြန်မာပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာတော့ စက်လှေပေါ်ပါသူ အများစုဟာ ဘင်္ဂါလီတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဘင်္ဂါလီတွေလို့သာ သုံးနှုန်းခေါ်ဆိုလေ့ ရှိပါတယ်””ဆိုပြီး မလိမ့်တပတ် ရေးထားပါသေးတယ်။ ဒီလို ရေးသားချက်မျိုးကို အင်တာနက်ပေါ်မှာရော၊ ပုံနှိပ်စာမျက်နှာ များမှာရော ၀ိုင်းဝန်းတုံ့ပြန် ဖြေရှင်းသင့်တယ်လို့ ထင်ပါတယ်။ ဘီဘီစီမှာ ၀င်လုပ်နေတဲ့ ပြည်တွင်းက မီဒီယာ ဆရာကြီးတွေရော မကန့်ကွက် တော့ဘူးလားမသိပါ””လို့ ရေးသားထားချက်ဟာ အစိုးရအဖွဲ့ အကြီးအကဲ တစ်ယောက်ရဲ့ လုပ်ရပ်မဖြစ်သင့်ပါဘူး။

အခုလို ထောက်ပြတာဟာ အစိုးရအဖွဲ့ အကြီးအကဲတစ်ယောက်ရဲ့ ဖြေရှင်းပုံ မမှန်တာကို အဓိကထား ပြောချင် တာပါ။ ဒါ့အပြင် ““အင်တာနက်ပေါ်မှာရော၊ ပုံနှိပ်စာမျက်နှာများမှာရော ၀ိုင်းဝန်းတုံ့ပြန် ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်””ဆိုတဲ့ စကားရပ်ဟာလည်း တကယ်တော့ အစိုးရရဲ့ လုပ်ရမယ့်အလုပ်ကို ပြည်တွင်း မီဒီယာတွေနဲ့ အင်တာနက်သုံးတဲ့ ပြည်သူတွေက ရှင်းကြ၊ တုံ့ပြန်ကြလို့ ပြောနေသလိုပါပဲ။ တည့်တည့်ပြော ရရင် လှေစီးဒုက္ခ သည်တွေအရေးကို အစိုးရမလုပ်ဘဲ ပြည်သူနဲ့ မီဒီယာက လုပ်လို့ ပြောလိုက် သလိုပါပဲ။

နောက်တစ်ခုက““ဘီဘီစီမှာ ၀င်လုပ်နေတဲ့ ပြည်တွင်းက မီဒီယာဆရာကြီးတွေရော မကန့်ကွက်တော့ဘူးလား မသိပါ””ဆိုတဲ့ စကားဟာလည်း ဘီဘီစီမှာ လုပ်နေတဲ့ သတင်းသမားတွေ အချင်းချင်းကို သွေးထိုးလိုက်တဲ့ စကားရပ်လို့ပဲ မြင်ပါတယ်။ နဂိုစစ်အစိုးရ လက်ထက်က ဆောင်ပုဒ်တစ်ခုကို သွားသတိရမိပါတယ်။

““ဗွီအိုအေ၊ ဘီဘီစီ – ရန်တိုက်ပေးနေသည်။ အာအက်ဖ်အေ၊ ဒီဗွီဘီ -သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမား နားမယောင်လေနဲ့ သတိထား”” ဆိုတဲ့ ဆောင်ပုဒ်တစ်ခုပါ။ အခုတော့ အဲဒီအလုပ်ကို ပြန်ကြားရေး ၀န်ကြီးကိုယ်တိုင်က လူမှုကွန်ရက်ပေါ်မှာ လုပ်နေပြီလားလို့ မေးရမှာပါ။

ဒါကြောင့် အခုကိစ်္စဟာ နိုင်ငံနဲ့ချီတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်နေတာကြောင့် လူမှုကွန်ရက်ပေါ်ကနေ ဖြေရှင်း သလိုလို၊ ရန်တိုက် ပေးနေသလိုလို လုပ်တာမျိုးမဖြစ်သင့်ဘဲ ဘီဘီစီရဲ့ ရေးသားချက်ဟာ မှားယွင်းတယ်၊ ဘက်လိုက်မှု ရှိတယ် ဆိုရင်ဖြင့် တရားဝင်နည်းနဲ့ ဖြေရှင်းခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment