Saturday, June 6, 2015

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆည်များတည်ဆောက်ခြင်းထက် အခြား နည်းလမ်းများ ရွေးချယ်သင့်ဟုဆို

Written by  ထက်ထက်အောင် 

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ရေရှည်ထိန်းသိမ်းရေးအတွက် အစိုးရက လျှပ်စစ်ဓာတ်အား ရရှိရန် ဆည်များတည်ဆောက်ခြင်းထက်  အခြားခေတ်မီ နည်း လမ်းများကို ရွေးချယ်သင့် သည်ဟု ကရင်ပြည်နယ် မြစ်ချောင်း ထိန်းသိမ်းရေးအဖွဲ့မှ ဆက်ဆံရေးအရာရှိ စောသာဘိုးက ဆိုသည်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲနှင့် ကလေးကာတွန်း၊ ပန်းချီပြပွဲကို ဇွန် ၅ ရက်က မွန်ပြည်နယ် သထုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြီး ယင်းအခမ်းအနားအပြီးတွင် ၄င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

စောသာဘိုးက “ ကြီးမားတဲ့ ရေကာတာတွေ တည်ဆောက်တာက စွန့်စားရမှုများပေမယ့်

 ရေရှည်မှာကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပြီး အစား မထိုးနိုင်တာမို့ အစိုးရ အနေနဲ့ 
တခြားခေတ်မီ နည်းလမ်းတွေကိုပဲ ရွေးချယ်သင့်တယ်။ ဆည်ဆောက်တာက လျှပ်စစ်ထုတ်ဖို့အတွက် တခြားနိုင်ငံတွေက သိပ်မ သုံးတော့တဲ့ နည်းလမ်းဖြစ်နေပြီ” ဟုဆိုသည်။

လျှပ်စစ်ဓာတ်အား ရရှိရန် ဆည်များတည်ဆောက်ကာ ဓာတ်အားထုတ်ခြင်းသည် လတ်တလောတွင် ဖွံ့ဖြိုးမှုဖြစ်သည်ဟု ဆိုနိုင်သော်လည်း ရေရှည်ဖွံ့ဖြိုးမှုအတွက် မဟုတ်နိုင်ကြောင်း၊ ယင်းဆည်ဆောက်မှုများကြောင့် ဒေသခံများ၏ လူနေမှုဘ၀ ဆုံးရှုံးရမှု များပြားလာကာ ပြန်လည် အတည်တကျ နေနိုင်ရန် ခက်ခဲပြီး ဆည်ဆောက်ရန် သစ်ပင်များ ခုတ်လှဲမှုကြောင့်လည်း ဆည်ဆောက်ရာဒေသများတွင် ဂေဟစနစ်ပျက်စီးမှုများလည်း ဖြစ်လာသည်ဟု ဆိုသည်။

အထူးသဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဆည်များသည် ငလျင်ကြောရှိရာနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် ယင်းဒေသများ၌ ပိုမိုစိုးရိမ်စရာ ဖြစ်နေသည်ဟု လည်း ၄င်းက ဆိုသည်။

ယင်းအပြင် ဆည်များတည်ဆောက်ရန် နိုင်ငံခြားချေးငွေများ ရယူရသဖြင့် သေချာသော စီမံခန့်ခွဲမှုများ လိုအပ်ပြီး ယင်းချေးငွေများအတွက် အစိုးရတွင် မလိုလား အပ်သော သက်ရောက်မှု များလည်း ရရှိလာမည်ဟု ၄င်းက ဆိုသည်။

Green Day သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ Founder ဦးစိန်သန်းက“သစ်တောတွေ ပြုန်းတီးတာတွေရဲ့အဓိကအကြောင်းရင်းတွေက လူတွေရဲ့ဖွံ့ဖြိုးရေး လုပ်ဆောင်မှုတွေ ဆိုပြီး သစ်ခုတ်တာတွေက အဓိကပေါ့၊ တောမီးလောင်တာတွေလည်း ပါတယ်။ သထုံဘက်မှာဆိုလည်း သစ်တောပြုန်းတာတွေ များလာ တယ်။ ရေရှည်ထိန်းသိမ်းမှု မရှိရင် အလကားပဲ။ ရေတို မကြည့်ဘဲ ကျွန်တော်တို့ ရေရှည်ကို ကြည့်ရမယ် လူတိုင်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးလာအောင် ကမ္ဘာကြီး ပူနွေးလာနေတဲ့ နေရာမှာ သဘာဝပတ်ဝန်းကျင် ရေရှည်ထိန်း သိမ်းရေးကို ဘယ်လိုလုပ်မလဲ အသားပေး စဉ်းစားရမယ်” ဟုဆိုသည်။

ကရင်ပြည်နယ် မြစ်ချောင်းထိန်းသိမ်းရေး အဖွဲ့က ဇွန် ၆ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့၌ လည်း ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် စာပေဟောပြောပွဲ ကျင်းပသွားရန်ရှိပြီး ၄င်းတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း စောသာဘိုးက ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment