မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတ လူမှုရေးအသင်းများကို တိုင်းဒေသကြီး ကြက်ခြေနီအသင်းက ရှေးဦး သူနာပြုစုနည်းများ သင်ကြားပေးသွားမည်ဟု ကြက်ခြေနီအသင်း၏ ဒုဦးစီးမှူး ဦးကျော်ကျော်က ပြောသည်။
ဦးကျော်ကျော် က “မတော်တဆမှုတွေ ကူညီတဲ့ နေရာမှာ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို အသက် ဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့အတွက် ရည်ရွယ်ပြီး သင်ကြားပေးဖို့ လုပ်တာပါ။ ဒီအတိုင်း ကောက်တင်သွားပြီး
ဆေးရုံးဆေးခန်း ပို့လိုက်ရင် လမ်းမှာ သေတာတွေ ဖြစ်နိုင်တယ်။ ရှေးဦး ပြုစုနည်းလေး တတ်တော့ လိုအပ်တာတွေ လုပ်ပေးသွားနိုင်မယ်” ဟု ပြောသည်။
သင်ကြားပေးရာတွင် ပရဟိတ လူမှုရေးအသင်းများကို သွားရောက် သင်ကြားပေးမည်ဖြစ်ပြီး အသင်းများက ဖိတ်ကြားလာပါကလည်း သင်တန်းများ သွားရောက်ဖွင့်လှစ်ပေးမည် ဖြစ်သည်။ အဆိုပါ သင်တန်းများ
လာရောက် သင်ကြားပေးခြင်းအတွက် အခကြေးငွေပေးရန် မလိုအပ်ဟုလည်းဆိုပြီး ပရဟိတ အဖွဲ့ဝင်များအားလုံးကို တတ်ထားစေလိုသည်ဟုလည်း ဦးကျော်ကျော်က ဆိုသည်။
၎င်းက “ဒီရှေးဦး သူနာပြုစုနည်းက အရေးပေါ် အသက်ကယ်ပေးလို့ ရပါတယ်။ ကိုယ်က လမ်းမှာ တစ်ခုခု လုပ်ပေးထားတော့ လူနာလည်း သက်သာတယ်။ ဆေးရုံကလည်း လုပ်ပေးရတာ မြန်တယ်။ ဒါကို ဘာကြောင့် ပြောရသလဲဆို တချို့သွေးထွက်လွန်ပြီး ဆေးရုံရောက်တာနဲ့ အသက်ဆုံးရှုံးသွားတာ တွေရှိတယ်။ အရိုးကျိုးတာက အစပေါ့။ ဒီအတိုင်း ကောက်တင်တော့ ဖြစ်တဲ့သူ အော်နေရတယ်။ ရှေးဦး နည်းနဲ့လုပ်ပေးတော့ သက်သာတယ်” ဟု ပြောသည်။
မန္တလေးတိုင်း ကြက်ခြေနီအသင်းသည် လူမှုပရဟိတ အသင်းများနှင့် ချိတ်ဆက်၍ သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီး လောလောဆယ်တွင် အသင်းများကို ချိတ်ဆက်ရုံ အဆင့်သာရှိပြီး သင်တန်းဖွင့်လှစ်ရန် ပရဟိတ အသင်းအချို့က စိတ်ဝင်စားမှု နည်းနေသည်ဟု ဦးကျော်ကျော်က ဆိုသည်။
ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က “တချို့အသင်းတွေက စိတ်မဝင်စားတာ မဟုတ်ပါဘူး။ လူကနည်းတော့ သင်တန်းတက်ဖို့ဆိုတာ မလွယ်ဘူး။ သင်တန်းတက်နေတဲ့ အချိန်တွေ ထွက်ရမယ်ဆို လူက မရှိဘူး။ ဒါကြောင့်ပါ။ ကျွန်တော်တို့က ကြိုဆိုပါတယ်” ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းက သင်တန်းတက်ရန် အချိန်မရသော အသင်းများကို လည်း တစ်ဦးချင်းလိုက်၍ အချိန်ပိုင်း သင်ကြားပေးရန်လည်း စီစဉ်ထားသည်။
Credit - Mizzima News
No comments:
Post a Comment