Sunday, May 31, 2015

၉၀ ရွေးကောက်ပွဲ သင်ခန်းစာ - အယ်ဒီတာ့အာဘော်

၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဆင်နွှဲ၍ မြန်မာပြည်သူအပေါင်းက ဒီမိုကရေစီ ရရှိရေးကို တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့နောက် အာဏာသိမ်း တပ်မတော် အစိုးရက ရွေးကောက်ပွဲ ပြု လုပ်ပေးမည်၊ ရွေးကောက်ပွဲ အနိုင်ရသူများထံ အာဏာအပ်နှင်းမည်ဟူသော ကတိက၀တ်များဖြင့် ပြည်သူ ကို ချွေးသိပ်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲပြီး၍ ပြည်သူက ရွေးချယ်သော ကိုယ်စားလှယ်များ ပေါ်ထွက်လာသော အခါတွင်မူ ပေးထားသော ကတိက၀တ်များကို အရှက်မဲ့စွာဖောက်ဖျက်၍ အာဏာ လက်မလွတ် တမ်းစွဲကိုင်ကာ စစ်အာဏာ သက်ဆိုးရှည်အောင် ဆွဲဆန့်လာခဲ့ကြသည်။ ယခုနှစ် မေလ ၂၇ ရက်ဆိုလျှင် ၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အလှည့်အပြောင်းကြီး ဖြစ်မည် ဟု ပြည်သူအပေါင်းက မျှော်လင့်ခဲ့ကြသော ၉၀ ရွေးကောက်ပွဲသည် စစ်အာဏာသိမ်း ခေါင်းဆောင်များ၏ ကတိက၀တ် ချိုးဖောက်မှုကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရပြီး နိုင်ငံနှင့် ပြည်သူတို့၏ ဘ၀များသည်လည်း စစ်အာဏာရှင် စနစ်အောက်တွင် နစ်မွန်းခဲ့ကြရသည်။

မိမိတို့ လိုလားသည့် အစိုးရတစ်ရပ် ပေါ်ထွန်းလာရေးအတွက် မြန်မာပြည်သူ အပေါင်းက ၉၀ ရွေးကောက်ပွဲ တွင် တစ်ခဲနက် မဲပေး ရွေးချယ်ခဲ့သော်လည်း ၂၅ နှစ်တာ ကုန်လွန်သွားခဲ့သည့်တိုင် လူထု၏ ဆန္ဒ ဖြစ်မြောက် မလာနိုင်သေးပေ။ ကုန်လွန်သွားသည့် ၂၅ နှစ်တာကာလ အတွင်း ပြည်သူ့အာဏာကို စစ်အုပ်စုက မသမာ သော နည်းလမ်းစုံသုံးကာ သိမ်းပိုက်ရယူထားခဲ့ပြီး နောင်အစဉ်အဆက် စစ်မင်းဆက် သက်ဆိုးရှည်ရေး အတွက် လည်း ရှေးရှု ဦးတည်လျက် ရှိသေးသည်။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အရေးအကြီးဆုံးဖြစ်သော ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး ကို နေ့ရွှေ့ညရွှေ့ လုပ်ခဲ့ပြီး ယခုနှစ် မေလအတွင်း အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ ပြုလုပ်ပေးမည်ဟူသော ကတိက၀တ်ကို လည်း ဖောက်ဖျက်လိုက်ပြီဖြစ်သည်။ ယခုနှစ်တွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးမည်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည် ဟူသော ကတိက၀တ်များကလည်း ပဲ့တင်ထပ်လျက်ရှိသည်။ သို့သော် အကြိမ်ကြိမ် လိမ်လည်လှည့်ဖြား၍ နိုင်ငံရေး ကတိက၀တ် ချိုးဖောက်မှုများကို အထပ်ထပ်အခါခါ တွေ့ကြုံခဲ့ကြဖူးသဖြင့် အများစုက အဆိုပါ ကတိက၀တ်များ အပေါ် ယုံကြည်မှု နည်းနေကြသည်မှာ အမှန်ပင်ဖြစ်သည်။

အကယ်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာခဲ့သည် ဆိုပါကလည်း ရွေးကောက်ပွဲ အလွန်ကာလ၌ ပြည်သူက ရွေးချယ် တင်မြှောက်သော ကိုယ်စားလှယ်ထံသို့ အမှန်တကယ် အာဏာလွှဲပြောင်း ပေးမည်လောဟု သံသယ ထားစရာရှိနေသည်။ လိမ်လည်ခံလိုက်ရသော ၉၀ ရွေးကောက်ပွဲ သင်ခန်း စာကြောင့် ရွေးကောက်ပွဲလွန် ကာလကို စိုးရိမ်ပူပန်နေရခြင်း ဖြစ်သည်။ ထို့ပြင်ရွေးကောက်ပွဲမတိုင်မီ ကာလ အတွင်း၌ လည်း ညစ်ပတ်သော နိုင်ငံရေးနည်းလမ်းများကို အသုံးပြုသောကြောင့် မငြိမ်မသက် ဖြစ်လာ မည်ကို စိုးရိမ်နေရသည်။ ရွေးကောက်ပွဲ မတိုင်မီကာလ၊ ရွေးကောက်ပွဲ ကျင်းပမည့် ကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလ သုံးပါးစလုံး၌ နိုင်ငံရေးမသမာမှုများ ပေါ်ပေါက်မလာရန် အရေးကြီးနေသည်။

ရွေးကောက်ပွဲကာလသုံးပါး၌ တည်ငြိမ်မှုရှိစေရေး အတွက်လည်းကောင်း၊ အာဏာလွှဲပြောင်းရေး ကတိက၀တ်များ အတွက် လည်းကောင်း၊ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရအနေနှင့် တပ်မတော်နှင့် ညွန့်ပေါင်းပမာ ပူးပေါင်းအုပ်ချုပ်ရာ၌ သဟဇာတ ဖြစ်စေရန်အတွက် လည်းကောင်း၊ အရေးအကြီးဆုံးဖြစ်သော အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်အတွက် လည်းကောင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ အစဉ်မပြတ် ခပ်စိပ်စိပ် ပြုလုပ်၍ ညှိနှိုင်း သဘောတူညီချက်များ အမြန်ဆုံးရယူ အကောင်အထည်ဖော်ရန် လိုအပ်နေသည်။ အဓိကကျသည့် အချက်မှာ နိုင်ငံရေးဆိုင်ရာ ကတိက၀တ်များကို လူကြီးလူကောင်း ဆန်စွာ စောင့်ထိန်းလိုက် နာ ဆောင်ရွက်ရေးပင်ဖြစ်ပါသည်။

အယ်ဒီတာ

၂၇-၅-၂၀၁၅


မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment