Sunday, May 31, 2015

သမ္မတအကြံပေးအဖွဲ့မှ အနားယူလိုက်ရသည့် အတွက် ဒေါက်တာနေဇင်လတ် စိတ်မကောင်းဖြစ်ရကြောင်းပြော

ရန်ကုန်၊ မေ ၂၇

စစ်ဗိုလ်ချုပ်ဟောင်းများ ပါဝင်မည်ဟု သတင်း ထွက်နေသော အမျိုးသားပါတီဥက္ကဋ္ဌ (နာယက)အဖြစ် ပါတီ မှတ်ပုံတင်နေဆဲ ကာလမှာပင် သမ္မတဦးသိန်းစိန် ၏ အကြံပေးအဖွဲ့ဝင် အဖြစ်မှ ဒေါက်တာ နေဇင်လတ်ကို တာဝန်မှ အနားယူခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ဧပြီ(၃၀)ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းအတွက် ကိုယ်တိုင် စိတ်မကောင်း ဖြစ်မိကြောင်း ၎င်းထက်စီနီယာ သမ္မတရုံးအကြံပေး တစ်ဦးထံသို့ ဒေါက်တာနေဇင်လတ် က သွားရောက်စဉ် ပြောကြားခဲ့သည်။

အမည်မဖော်လိုသော သမ္မတရုံးအကြံပေး ပုဂ္ဂိုလ်က ““ဒေါက်တာနေဇင်လတ် လာသွားတယ်၊ သူ့ကို အကြံပေး အဖွဲ့က ထုတ်လိုက်မယ်မထင်ဘူး။ သူလည်း စိတ်ထဲခံစားရတယ် ပြောတယ်။ ပါတီထောင်ဖို့ မြှောက်ပေးတာ လည်း ဖြစ်နိုင်တာပေါ့။ သူကိုယ်တိုင် ပိုက်ဆံရှိတာပဲ။ နေဇင်လတ်က အဲဒီနေ့က လာတော့ပြောတယ်။ သူက ကိုယ့်ထက် ၅ နှစ်လောက် ငယ်တယ်။ အခု ဗိုလ်ချုပ်ကြီးတွေနဲ့
တစ်ရွယ်တည်း။ ပါတီထောင်မယ်ဆိုရင် သူ့စာသင်ကျောင်းက ကလေးတွေ ရှိတယ်လေ။ သူက ပါမောက္ခ လုပ်နေတယ်မလား””ဟု မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဒေါက်တာနေဇင်လတ်အား နိုင်ငံတော် သမ္မတအကြံပေးအဖြစ်မှ အနားယူခွင့် ပြုလိုက်ခြင်းသည် မှတ်ပုံတင် လျှောက်ထားဆဲဖြစ်သည့် အမျိုးသားပါတီ၏ နာယကအဖြစ် တာဝန်ယူထားခြင်းနှင့် စပ်လျဉ်းမှု ရှိမရှိကို ““အဓိကကတော့ နိုင်ငံရေးပါတီပေါ့။ နိုင်ငံရေးပါတီထောင်တာ နိုင်ငံသားတိုင်း လုပ်ခွင့်ရှိတယ်။ စိတ်ဝင် စားတယ်။ စိတ်အား ထက်သန်ရင် လုပ်လို့ရတယ်။ ထောင်တဲ့အချိန်မှာ ဒီဘက်က သမ္မတရဲ့ အကြံပေး ရာထူးကို ယူထားတယ်။ ဒီဘက်က နိုင်ငံရေးပါတီရဲ့ နာယကသော်လည်းကောင်း၊ ဥက္ကဋ္ဌ သော်လည်းကောင်း ယူထားတယ်လို့ သိရတော့ အများပြည်သူရဲ့ အမြင်မှာ ထင်မြင်ယူဆချက် အမျိုးမျိုး ဖြစ်လာနိုင်တယ်။ အဲဒါ လည်း ပါတယ်ပေါ့။ အဲဒါကြောင့်ပါ””ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က မေ ၂၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားပါတီ တည်ထောင်ခြင်း၏ နောက်ကွယ်တွင် သမ္မတရုံးမှ ပါဝင် ပတ်သက်နေခြင်းနှင့် ဒေါက်တာနေဇင်လတ်ပိုင် ဟိုတယ်တွင် လုပ်ကိုင်နေသည့် သတင်းများနှင့် ပတ်သက်၍ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အနားယူခွင့် ပြုခဲ့ခြင်းအပေါ် ဦးဇော်ဌေး (မှူးဇော်)က မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။

နိုင်ငံတော်သမ္မတ အကြံပေးရာထူးမှ အနားယူခွင့် ပြုလိုက်ခြင်းနှင့် စပ်လျဉ်း၍ ဒေါက်တာနေဇင်လတ် အား မြန်မာသံတော်ဆင့်မှ မေ ၂၆ ရက်တွင် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် မအားလပ်၍ ဖြေကြားမှု မပြုလုပ်နိုင်သေးကြောင်းနှင့် မြန်မာသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော ဖုန်းနံပါတ်များအား Blacklist လုပ်ဆောင် လုပ်လိုက်သည်ကို တွေ့ရှိရသည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment