Tuesday, June 2, 2015

ကျွန်တော်တွေ့ ဖူးသော ဗိုလ်ချုပ်အောင်ဆန်း – မြတ်ဆွေ

သူက အသားညိုညို၊ ပိန်ပိန်ပါးပါးပင် ဖြစ်၍ စစ်ဝတ်စုံကို ဖိုသီဖတ်သီ ၀တ်စား၏။ ဒေါနှင့်မောနှင့် စိတ်လိုက် မာန်ပါ ပြောနေသဖြင့် ကျွန်တော်တို့ စိတ်ဝင်စားစွာ ရပ်ကြည့်ကြသည်။ စကားပြောနေသော လူကြီး အနားမှာ စစ်ဝတ်စုံနှင့် လူငယ်လူရွယ် အချို့ရှိနေကြ. . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖက်ဆစ်တော်လှန်ရေးကြီး ပြီးဆုံးသွားပြီးနောက် ၁၉၄၅ ခုနှစ် ကာလများတွင် ဖဆပလအဖွဲ့ချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြသည်။

စစ်ကြီး ပြီးဆုံးသွားပြီးနောက် ဂျပန်ငွေစက္ကူများ သုံးစွဲခြင်း မပြုရတော့ဘဲ အင်္ဂလိပ်ကျပ်ငွေကိုသာ သုံးစွဲကြ ရသည်။ ဂျပန်ငွေစက္ကူများသာ လက်ဝယ်ကျန်ရှိနေသော လူအများ အခက်ခဲတွေ့ကြရသည်။ ဂျပန် ခေတ် လက်ကျန် လက်နက်ပုန်းများလည်း ကျေးရွာအတော်များများ၌ ကျန်ရှိနေသည်။

ဤသည်ကို အကြောင်းပြု၍ ခိုးဆိုးတိုက်ခိုက်သူများ ပေါ်ပေါက်လာသည်။ စစ် ကျန်လက်နက်များကို ကိုင် ဆောင်၍ ဓားပြဂိုဏ်းများဖွဲ့ကြသည်။ တစ်ရွာမှ တစ်ရွာကူး ကာလုယက်တိုက်ခိုက်ကြသည်။ ဤသို့ကျေး ရွာများ၌ မငြိမ်မသက်ရှိနေသလို ဓားပြတိုက်မှုများသည် မြို့ပေါ်မှာပါဖြစ်ပေါ်နေသည်။…

ကျွန်တော်တို့ ဒေးဒရဲမြို့ကလေးသည် ဂျပန်ခေတ်စစ်ကာလကလည်း မငြိမ်းချမ်း၊ စစ်ကြီးပြီးတော့ လည်းမငြိမ်း ချမ်းပေ။ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက မကြာခဏလာရောက် ပစ်ခတ်တိုက်သည်။ လက်နက် ပုန်းများရှိသော ဓားပြများကလည်း ငွေကြေးချမ်းသာသော အိမ်များကို ညစဉ်လိုလို အနုကြမ်းစီးကြသည်။ ရဲ အဖွဲ့သည် ဓားပြကို ခုခံကာကွယ်ပေးနိုင်သော အနေအထားမရှိပေ။ ထို့ကြောင့်ချမ်း သာသော ရွှေကုန်သည်၊ ဆန်ကုန်သည်ကြီး အချို့သည် ရန်ကုန်သို့ပြောင်းကြသည်။

သို့သော် ဓားပြများကတော့ လျော့သွားပေ။ ညစဉ်လိုလိုပင် အနုကြမ်းစီးလုယက် ကြမြဲဖြစ်သည်။ ဒေးဒရဲမြို့ ကလေးသည် တိတ်ဆိတ်လျက်၊ ကျီးလန့်စာစားဖြစ်နေ ချိန်။

ကျွန်တော်၏ ဖခင်ကြီးသည်ချမ်းသာ ကြွယ်ဝသူ မဟုတ်ပေ။ ပန်းထိမ်ဆရာကြီး တစ်ဦးဖြစ်၏။ ပန်းတိမ်ဆရာ နာ မည်ရသူ တစ်ဦးဖြစ်ရာ ရွှေထည်ပစ္စည်းအပ်နှံကြသူများလေသည်။ သို့သော်ခေတ်ပျက်၌ သူ့ကိုရွှေထည်ပစ္စည်း အပ်နှံ သူနည်းပါးလှသည်။ အလုပ်မကောင်းချေ။ ဖခင်ကြီးက သူ့ကို ချမ်းသာသောသူ အလုပ်အပ်နှံသော ရွှေ များရှိသူဟု ထင်ပြီးအနုကြမ်း စီးမှာစိုးရိမ်သည်။ ဓားပြတို့နှိပ်စက်ခံရမှာ ကြောက်သည်။ ထို့ကြောင့် သူသည်ရန် ကုန်ပြောင်းနိုင်ရန် ကြိုးစားလေတော့သည်။ ရန်ကုန်မြို့အလုံရပ်ကွက်၊ နတ်စင်လမ်းတွင် အမေ၏ မောင်တစ်ဦး ရှိသည်။ သူတို့ မိသားစု အိမ်ငှားနေကြသည်။ အမေ၏ မောင်ကိုခင်မောင်က စက်ချုပ်သည်။ သူ့ဇန မကြည်က ဈေးရောင်းသည်။ သူတို့က ၀ါးထရံကာ ဓနိမိုးအိမ် တစ်လုံးငှားနေကြသည်။ အိမ်က ပေ ၃၀၊ ပေ ၅၀ လောက် ရှိ၍ အတော်ကလေးကျယ်သည်။ အမေက ရန်ကုန်ပြောင်းလိုကြောင်း ပြောတော့ သူတို့အိမ်မှာ ခေတ္တနေပြီးမှ အိမ်ရှာရန် အကြံပေးသည်။

ဒီလိုနှင့် ကျွန်တော်တို့ မိသားစုမိုးရာသီမှာ ရန်ကုန်ပြောင်းလာသည်ကို မှတ်မိသည်။ မိုးထဲလေထဲ ဧရာဝတီ သင်္ဘောစီးလာကြ၍ ကျွန်တော်တို့ ညီအစ်ကိုပျော်နေသည်။ သူတို့လင်မယားက ကလေးတစ် ယောက်သာ ရ သေးသည်။ ကျွန်တော်တို့ မိသားစုအဖေ၊ အမေနှင့် ကျွန်တော်တို့ ညီအစ်ကို ၃ယောက်ဖြစ်သည်။

ကျွန်တော်တို့က ရန်ကုန်ပြောင်းရသည် ကိုပျော်သည်။ ရန်ကုန်လမ်းမကြီးများပေါ်မှာ ပြေးလွှားနေသော မော် တော်ကားများ ကိုကြည့်၍မ၀၊ လူတွေသွားကြလာကြသည်ကို ကြည့်ပြီးသဘောကျသည်။ ကျွန်တော် တို့နေ သောနတ်စင်လမ်းကလေး၏ အရှေ့ဘက်တွင်သာ အိမ်များရှိ၍ အနောက်ဘက်၌ မွတ်ဆလင် ဗလီဝင်းကြီးရှိ သဖြင့်အုတ်ခြံ စည်းရိုးကာထားလေသည်။ နတ်စင်လမ်းသည် တောင်နှင့်မြောက်ရှိ ဘတ်စ်ကားလမ်းမကြီးများ သို့ ပေါက်လေသည်။

နတ်စင်လမ်းနေသူ အများစုမှာ ပန်းပုဆရာများဖြစ်ကြသည်။ သူတို့သည် ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ် စသည်တို့ ကို ထုလုပ်ကြပြီး ရွှေတိဂုံဘုရားဈေးသို့ပို့ကြသည်။ ကျွန်တော်ကား ကျွန်တော့်အားဆင်ရုပ် ကလေးတစ်ရုပ်ပေး သော ပန်းပုဆရာကိုကြီးမြင့်ဆို သူကိုမှတ်မိနေသည်။ ကျွန်တော့်အသက် ခုနစ်နှစ်လောက်ရှိဦးမည်။ ကိုကြီးမြင့် က အသက်၂၀ကျော်အရွယ် ကျွန်တော်တို့နှင့် တစ်အိမ်ကျော်သူတို့ အိမ်မှာ ပန်းပုအလုပ်ရုံ ကလေးရှိသည်။ ပန်းပုဆရာအဘိုးကြီးတစ်ယောက်နှင့် လူငယ်လူရွယ် ၄-၅ ဦးခန့် အလုပ်လုပ်နေကြသည်ကို သွားရောက် ငေး မောဖူးသည်။

ကိုကြီးမြင့်က ကျွန်တော့်ကိုခေါ်ပြီး ဆင်ရုပ်ကလေး တစ်ရုပ်ပေးလေသည်။ သူပေးသော ဆင်ရုပ်ကား ခြေ ထောက်မှာ မဆိုစလောက် အနာကလေးပါသည်။ ဆိုင်သွင်လို့ ဖြစ်ပုံမပေါ်။ ထို့ကြောင့် ကျွန်တော် ကစားဖို့ ပေးပုံရသည်။ လှပသော ဆင်ရုပ်ကလေးပါပဲ။ ကျွန်တော်က အိပ်ရာခေါင်းရင်းတွင် အမြတ်တနိုးထား၍ အရိပ်တ ကြည့်ကြည့်။ ကျွန်တော်တို့ညီအစ်ကို အလုံရပ်ကွက် ကမ်းနားလမ်းရှိမြူနီ စပယ် ကျောင်းတွင်နေကြရသည်။ အုတ်တိုက် နှစ်ထပ်အိမ်နှင့်တူသည်။ ကျွန်တော်က ဒုတိယတန်းဖြစ်၍ အပေါ်ထပ်မှာနေရသည်။ အတန်းငယ် ကလေးများကိုအောက် ထပ်မှာထား၏။ ကျောင်းအုပ်ဆရာကြီးကား အသက် ၅၀ ကျော်၊ ကတုံးပြောင်ပြောင် နှုတ်ခမ်းမွှေးဖြူဖြူနှင့် ဖြစ်သည်။

ထိုစဉ်က နိုင်ငံခြားစစ်တပ်များရှိသေး၍ စီးကရက်ဘူး မျိုးစုံတွေ့ရသည်။ ဂိုးလ် ဖလိတ်၊ ရွက်လှေ၊ ကပ်စတန် စသည့် နာမည်မျိုးစုံနှင့် ဖြစ်သည်။ ထိုစီးကရက်ဘူးများကို ဖြတ်၍ ကျွန်တော်တို့ ကားထပ်တမ်း ကစားကြသည်။ အတန်းထဲမှာကစား နေကြစဉ်ဆရာကြီး မိသွား၍ ကြိမ်လုံးနှင့် အရိုက်ခံရဖူးလေသည်။

ကျွန်တော်တို့ အိမ်နှင့်ကျောင်းသည် အတန်ငယ်ဝေးသော်လည်း ကားစီး၍မရ။ လမ်းလျှောက်ရလေသည်။ နေပူ ပူမိုးရွာရွာ ကျွန်တော်တို့ ကျောင်းသားတစ်စုသွားအတူ လာအတူ ဖြစ်ကြသည်။ မိုးရွာလျှင် လမ်းလျှောက် ရတာ ပို၍ပျော်ကြ၏။

တစ်နေ့တွင် ကျွန်တော်တို့ညနေ ကျောင်းအလွှတ်၊ မိုးကလေးနည်းနည်း ရွာနေသောအချိန်၊ ကျွန်တော်တို့လမ်း ကလေးသို့ အ၀င်၌ ကျယ်ဝန်းသောကွက် လပ်တစ်ခုရှိသည်။ မြက်ခင်လေးဖြစ်နေ သည်။ ထိုနေရာတွင် လူစု လူဝေး တစ်ခုကို တွေ့ရသည်။ ထိုင်သူများက ထိုင်နေကြပြီး အချို့ကရပ်နေကြသည်။ သူတို့ရှေ့တွင်မော်တော် ကားတစ်စီး ရှိသည်။ လူတစ်ယောက်သည် ကားစက်ဖုံးပေါ်ကရပ်ပြီး စကားပြောတရားဟောနေ၏။

သူက အသားညိုညို၊ ပိန်ပိန်ပါးပါးပင် ဖြစ်၍ စစ်ဝတ်စုံကို ဖိုသီဖတ်သီ ၀တ်စား၏။ ဒေါနှင့်မောနှင့် စိတ်လိုက်မာန် ပါပြောနေသဖြင့် ကျွန်တော်တို့စိတ်ဝင်စားစွာ ရပ်ကြည့်ကြသည်။ စကားပြောနေသောလူကြီး အနားမှာ စစ် ၀တ်စုံနှင့် လူငယ်လူရွယ် အချို့ရှိနေကြသည်။ သူတို့သည် လက်ခုပ် တီးသည့် အခါတီးကြသည်။

ကားပေါ်၌ရပ်၍ပြောနေသော လူကြီး၏စကားများ၌ ညီညွတ်ကြမှ၊ အလုပ်လုပ် ကြမှဟူသော စကားလုံးများပါ သည်။ သူ စကားပြောတာ မြန်၍တစ်ခါ တစ်ခါမကြား လိုက်သလိုရှိသည်။ သို့သော်လမ်းပေါ်တွင် စုဝေးနေကြ သူအားလုံးသည် သူပြောသမျှကို စိတ်ဝင်တစားရှိနေကြ လေသည်။

“အင်း … ဗိုလ်ချုပ်အောင်ဆန်းက တော့တော်ပါပေ့ဗျာ၊ တိုင်းပြည်အတွက် မနားမနေအလုပ်လုပ်နေတယ်”ဟူ၍ ကျွန်တော့်ဘေးမှ ဦးထုပ်ဆောင်းထားသော လူကြီးပြောသံကြားလိုက်ရ၏။ အလုပ်သမားကြီးတစ်ဦးနှင့်တူ၏။

ကျွန်တော်တို့ အိမ်ပြန်ရောက်သော အခါအိမ်ရှေ့တွင်ထိုင်၍ သတင်းစာဖတ်နေသော အဖေ့အား ဗိုလ်ချုပ် အောင်ဆန်း တရားဟောနေတာ တွေ့ခဲ့ရတယ်ဗျ” ပြော ပြကြသည်။ အဖေက “မင်းတို့ကံကောင်းတယ်၊ အဖေ ဗိုလ်ချုပ်ကို တစ်ခါမှမတွေ့ဖူးသေး ဘူး”ဟုပြောလေသည်။ ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ခဲ့ ရသဖြင့် ဆုလာဘ်ကြီး တစ်ခုခုရသလိုပျော်ရွှင်နေ ကြလေသည်။

တစ်နေ့တွင် ကျွန်တော်တို့ပျော်ရွှင် ကြည်နူးမှုသည် မမျှော်လင့်ဘဲ ဆုံးရှုံးခဲ့ရမှု နှင့်ရင်ဆိုင်ရလေသည်။ နောက် နေ့များတွင် ကျွန်တော်တို့သည် ကျောင်းသွားကျောင်းပြန် ဗိုလ်ချုပ်ကို တွေ့ရဦးမလားဟု မျှော်လင့်ကြသည်။ မတွေ့ရပေ။ နေ့တွေလတွေ အတော်ပြောင်းခဲ့လေပြီ။ တစ်နေ့တွင်တော့ နေ့လယ်၁၂နာရီခန့် ကျွန်တော်တို့ အတန်းထဲမှာ စာအကူးနေကြစဉ် ဆရာကြီးဝင်လာသည်။ ကျောင်းလွှတ်လိုက်မယ်။ မင်းတို့အိမ်ကောင်း ကောင်းပြန်ကြဟု ဆိုသည်။

ကျောင်းလွှတ်ပြီဆို၍ ပျော်သွားကြသည်။ ဟေးခနဲအော်လိုက်ကြ၏။ မိုးက လေးတဖွဲဖွဲမှာ ကျွန်တော်တို့ ကျောင်းဆင်းလာကြသည်။ လမ်းပေါ်မှာ ယခင်ကလို ကားတွေများများစားစား မတွေ့ရ။ လူကြီး အချို့ခပ် သုတ်သုတ် လျှောက်သွားကြသည် ကိုတွေ့ရ၏။

ကျွန်တော်တို့ကား ကျောင်းစောစောလွှတ်သဖြင့် အိမ်သို့ဖြည်းဖြည်း သာ လျှောက် ပြန်ကြ၏။ လမ်းဘေးမှာ တွေ့သောရေအိုင် ရေဗွက်ထဲ ဆင်းသည်။ ဘောလုံးကန်ချင် စိတ်ပေါ်လာသော်လည်း ဘောလုံးကမပါ။ အိမ် ကိုရောက်တော့မှ ဆော့ကြမည် စိတ်ကူးလာကြသည်။ ကျွန်တော်နေထိုင်ရာ နတ်စင်လမ်းကလေးမှာလည်း တိတ်ဆိတ်နေ၏။ ပန်းပုရုံကလေးများမှ ထုသံဖြတ်သံ များပင်မကြားရ။ ဘယ်လိုကြောင့်ပါလိမ့်။

ကျွန်တော်အိမ်သို့ ရောက်သောအခါ အဖေသည် အလုပ်မှစောစီး စွာပြန်ရောက် နေပုံရသည်။ သူသည် ရွှေ တောင်တန်းရှိ ပန်းထိမ်ဖို၌ နေ့စဉ်အလုပ်ဆင်းသည်။ ဒီ နေ့နေမကောင်းလို့လားဟု ထင်မိသည်။ အဖေသည် စိတ်မကောင်းဟန်ဖြင့် ကျွန်တော်တို့ရှေ့လာရပ်နေသည်။

“သားတို့ မင်းတစ်ခါက တွေ့ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ဘူး၊ လူသတ်သမားတွေ ပစ်သတ်သွားလို့ သေပြီ ..တဲ့” အဖေက ဆို့ဆို့နစ်နစ်ပြော၏။

ကျွန်တော်တို့သည် ဘာမှနားမလည်သလိုဖြင့် ၀မ်းနည်းစွာခံစား လိုက်မိသည်။ “တို့တွေ့ခဲ့ဖူးတဲ့ ဗိုလ်ချုပ် အောင်ဆန်း သေပြီတဲ့” ဟု တီးတိုးအသံထွက်မိလေ၏။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment