Saturday, June 6, 2015

သဘာပတိ ခွန်မြင့်ထွန်း ၊ ဥက္ကဌ - ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မိန့်ခွန်း

လော်ခီးလာ တိုင်းရင်းသားညီလာခံ ၅ ရက်မြောက်နေ့ (ဇွန်လ ၆ ရက်)

လေးစားအပ်ပါသော အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ်များ၊ နမ်ဗီယားအပါအ၀င် အထူးဖိတ်ကြားထား သူများ၊ လေ့လာသူများ အားလုံးကို မင်္ဂလာပါလို့ ကျွန်တော်နှုတ်ခွန်းဆက်သပါတယ်။

WASD-2




တစ်ဆက်တည်းမှာပဲ ပြည်သူလူထုဆီကိုသတင်းမှန်တွေတင်ပြနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကြားကနေ ရောက်လာကြတဲ့ မီဒီယာညီအစ်ကို၊ မောင်နှမတွေကို လည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

အထူးအားဖြင့်တော့ ကျွန်တော်တို့ကိုဒီအစည်းအဝေးပွဲကြီးမှာ သဘာပတိအဖြစ်နဲ့ဆောင်ရွက်ခွင့်ပေးခဲ့ကြတဲ့ ဦးရီးတော်၊နောင်တောင်များ အပါအ၀င်ခေါင်းဆောင် ကြီးများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိတာကို မှတ်တမ်းတင် ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေဟာ အရင်ကာလက ပြုလုပ်ခဲ့ကြတဲ့  အပစ်အခတ်ရပ်စဲရေး အခြေအနေတွေနဲ့ မတူဘဲ တမူထူးခြားချက်တွေရှိနေ တာကို ကျွန်တော်တို့ အားလုံးအသိဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဒီနေ့အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ အမြင့်ဆုံးသော စည်းလုံးညီညွတ်မှုရေချိန် ရှိနေတဲ့အချိန်မှာ ဆောင်ရွက်နေရတာ ဒါဟာ အားကောင်းချက်တစ်ရပ် ဖြစ်ပါတယ်။

ထို့နည်းတူပဲ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာရှိတဲ့ ကျွန်တော်တို့ တိုင်းရင်းသားညီအကိုမောင်နှမတွေကလည်း ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေ အပေါ်မှာ စောင့်ကြည့် ပြီးတော့မျှော်လင့်ပြီးတော့ အားကိုးတကြီးနဲ့စောင့်စားနေကြချိန်လည်းဖြစ်သလို ပြည်သူလူထုရဲ့ ပါဝင်မှု အားအကောင်းဆုံးအချိန်မှာလည်းရှိနေတဲ့ အချိန်ကာလဖြစ် ပါတယ်။

ထို့နည်းတူ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုကလည်း စိတ်ဝင်တစားနဲ့ ဒီအပေါ်မှာ အရေးတယူနဲ့ ပါဝင်ဆောင်ရွက်နေတာကိုလည်း အရေးကြီးတဲ့ အခြေ အနေတစ်ရပ်ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင်  အရင်ကာလက အပစ်အခတ်ရပ်စဲရေးတွေဆိုတာ လူထုနဲ့ နိုင်ငံတကာ ရှေ့မှောက်မှာ ဆောင်ရွက်ခွင့်မရခဲ့ပါဘူး။ ဒီလိုပဲ ပြောရမှာဖြစ် ပါတယ်။ ဒီကနေ့ အပစ်အခတ်ရပ်စဲရေးကတော့ လူထုနဲ့ နိုင်ငံတကာမိသားစုအပါအ၀င်  ပြည်သူလူထုရဲ့ ရှေ့မှောက်မှာ ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ အချက်လို့ မြင်ပါတယ်။

ထို့နည်းတူပဲ အရင်ကာလ အစိုးရများက အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းတဲ့ ကာလတွေမှာ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့  အာမခံချက်မပါဘဲနဲ့ ဒီနေ့မှာတော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့အချက်နဲ့ အာမခံချက်ပေးပြီး  အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ခွင့်ရတာဟာလည်းဒါဟာ ကျွန်တော်တို့အတွက် အားကောင်းတဲ့အချက်လို့မြင်ပါတယ်။

ဒါကြောင့်မို့လို့ဒီအခြေအခံအချက်အလက်တွေဟာကျွန်တော်တို့လိုချင်တဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင် ဖို့အတွက် အခြေခံပတ်ဝန်းကျင်ကောင်းတွေ ကျွန်တော်တို့ ရရှိထားပြီလို့  ပြောနိုင်ပါတယ်။

ဒီဖက်ဒရယ်အခြေခံတွေ၊ ပတ်ဝန်းကျင်ကောင်းတွေကို ဆုပ်ကိုင်ထားပြီးတော့မှ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ရယူတည်ဆောက် သွားနိုင်ဖို့ လိုပါတယ်။

ဒီလိုအရေးကြီးဆုံးအချိန်ရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ စိုးရိမ်မှုရေချိန်အမြင့်ဆုံးဖြစ်တာကလည်း ဒါဟာသဘာဝဖြစ်ပါတယ်။

ဒါကြောင့်မို့လိုကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တာကတော့ စုစည်းညီညွတ်မှုနဲ့ ဒီနေ့ငါးရက်မြောက်တဲ့အထိကို အကြေအလည်ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ဆောင်ရွက်နိုင် ခဲ့ပါတယ်။

တကယ်ပြောရမယ်ဆိုရင်တော့ အကျေအလည်ညှိနှိုင်းဆွေးနွေးမှုတွေကို အများဆုံးပြုလုပ်နိုင်ခဲ့တဲ့အတွက် ဒီကနေ့ NCA မူကြမ်းအပေါ်မှာ ပြင်ဆင်ဖြည့်စွက်မှု အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းပဲ အကြေအလည်ညှိနှိုင်းမှုတွေနဲ့ ပြင်ဆင်ဖြည့်စွက်မှု အနည်းဆုံးဖြစ်အောင် ဆောင် ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါကဘာကို သက်သေခံနေလဲ၊ သက်သေပြနေလဲဆိုရင် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေထိန်း ချုပ်ပြီးတော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်စေရေးအတွက်ကို အခြေခံသဘောထားတွေ ဘယ်လောက်ရှိတယ်ဆိုတာလည်း ဖော်ပြနေတာဖြစ်ပါတယ်။

ဒီမှာဆိုရင် သက်ကြီးဝါကြီး ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများဆိုရင် မိမိရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကို မငဲ့ကွက်ဘဲနဲ့ ဒီအစည်းအဝေးမှာ ထိုင်ပြီးတော့ အပင်ပန်းခံပြီး ၀ိုင်းဆွေးနွေးနေကြတာကိုက ကျွန်တော်တို့ညီလာခံကြီးရဲ့  ဂုဏ်ကျက်သရေတစ်ပါး ဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရရင် ကျွန်တော်တို့တိုင်းရင်းသားများရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်မှာ ဘယ်လောက်တန်ဖိုးထားတယ်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပေါ်မှာ ဘယ်လောက်ပြင်းပြတယ် ဆိုတဲ့အပေါ်မှာ သက်သေခံချက်တွေလည်းဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ရရှိထားပြီးသော အခြေအနေကောင်းတွေကို ဆုပ်ကိုင်ပြီးတော့ ကောင်းသထက်ကောင်းအောင် လုပ်သွားနိုင် ဖို့ဟာ ကျွန်တော်တို့အားလုံးရဲ့စုစည်းညီညွတ်ရေးဖြစ်ပါတယ်။

ထို့နည်းတူပဲ အခြေအနေကောင်းတွေ လက်လွှတ်ဆုံးရှုံးပြီးတော့ ဆိုးသထက်ဆိုးသွားဖို့ကလည်း ကျွန်တော်တို့ရဲ့ စုစည်းညီညွတ်ရေးအပေါ်မှာပဲ အခြေခံနေ တာဖြစ်ပါတယ်။

ဒါကြောင့်မို့လို ကျွန်တော်တို့ဟာ ကျွန်တော်တို့  အချင်းချင်းအကြားမှာ စုစည်းညီညွတ်မှုက ပထမဆုံးအချက်ဖြစ်ပါတယ်။

အဲဒီစုစည်းညီညွတ်မှုကိုလည်း ပိုပြီးတော့မှ ဆုပ်ကိုင်သွားနိုင်မယ်၊ ရယူသွားနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ စုစည်းညီညွတ်မှုမရှိရင် ဘယ်သူက မှ အောင်ပွဲခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အချင်းချင်းကြားမှာ စုစည်းညီညွတ်မှုတွေ ပြိုကွဲရင်တော့ ကျွန်တော်တို့ဟာ အောင်ပွဲခံမှာ မဟုတ်ပါဘူး။ ထို့နည်းတူပဲ တစ်တိုင်းတစ်ပြည်လုံး အနေနဲ့ပြောရမယ်ဆိုရင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို မရယူနိုင်ဘူးဆိုရင် အစိုးရနဲ့ တပ်မတော်လည်း အောင်ပွဲခံမှာ မဟုတ် ပါဘူး။

ဒါကြောင့်မို့ ကျွန်တော်တို့အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ကတော့ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးအတွက် အောင်ပွဲဖြစ်ဖို့ကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်ပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဟာ ကျွန်တော်တို့အတွင်း စည်းလုံးညီညွတ်မှုရဲ့ ပထမဆုံးသော အခြေခံအုတ်မြစ်ဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပထမဆုံးသောခြေလှမ်း၊ ပထမဆုံးသောအုတ်မြစ်ဖြစ်ပါတယ်။

တနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးရဲ့ ပထမဆုံးသော  အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအခြေခံအုတ်မြစ် ကို ကောင်းကောင်းမွန်မွန် ချမှတ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။

အရင်ကာလတုန်းက နိုင်ငံရေးလမ်းပြမြေပုံဆိုတာ တစ်ဖက်သတ်ချမှတ်ခဲ့တာပဲ ရှိပါတယ်။ ဒီ NCA မူကြမ်းမှာ နိုင်ငံရေးလမ်းပြမြေပုံကို ကျွန်တော်တို့နှစ်သက်တဲ့ အချက်တွေ၊ မနှစ်သက်တဲ့အချက်တွေရှိသော်လည်း ဒီမှာ နိုင်ငံရေးအနှစ်သာရတစ်ရပ်ကတော့ရှိပါတယ်။

အဲ့ဒါဘာလဲဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးလမ်းပြမြေပုံဆိုတာမျိုးတွေ  တိုင်းပြည်အတွက်သွားတဲ့ အစီအစဉ်မျိုးတွေကို ဘယ်တုန်းကမှ အတူတကွ ချမှတ်ခွင့် မရခဲ့ပါဘူး။ တစ်ဖက်သတ်ပဲ အစိုးရဘက်ကနေ တပ်မတော်ဘက်ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီ NCA မူကြမ်းမှာ နိုင်ငံရေးအနှစ်သာရ ဘာတစ်ခုရှိသလဲဆိုရင် ရှေ့ဆက်လျှောက်လှမ်းမယ့် ကျွန်တော်တို့ရဲ့  ပြည်ထောင်စုခရီးမှာ အတူတကွ စုပေါင်းပြီး ချမှတ် မှုတွေနဲ့ အတူတကွ လျှောက်လှမ်းမယ်ဆိုတဲ့နိုင်ငံရေး အနှစ်သာရကို ရရှိထားတာကိုလည်း ကျွန်တော်တို့ ဒါကို ထောက်ပြလိုပါတယ်။

ဒါကြောင့်မို့လို မတူကွဲပြားမှုတွေရှိပေမယ်လို့  ကျွန်တော်တို့ အချင်းချင်းကြားမှာ စုစည်းညီညွတ်မှု အားအကောင်းဆုံးနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အခုလို အချိန် ကာလအားဖြင့်တစ်စုံတစ်ရာ ကြာမြင့်ခဲ့ပေမယ့်လို့ ကျွန်တော်တို့ရဲ့ အကြေအလည် ညှိနှိုင်းဆွေးနွေးမှုတွေဟာ ပိုအားကောင်း သထက်ကောင်းပြီးတော့ မှဆွေးနွေး ခဲ့တဲ့ အခြေအနေတွေ အပေါ်မူတည်ပြီးနောက် လာမယ့်ခေါင်းစဉ်ကိုလည်း အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်မယ်လို့ ကျွန်တော်တို့ ဒါကိုမျှော်လင့်ပါတယ်။

အထူးအားဖြင့်တော့ ကျွန်တော်တို့တွေဟာ တော်လှန်ရေးသတိရှိရှိ၊ နိုင်ငံရေးသတိရှိရှိ ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ သွားနိုင်ဖို့ လိုအပ်သလို ဥာဏ်ပညာအမြော် အမြင်ကြီးကြီး သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်။

အဲဒီနှစ်ချက်ကို အခြေခံမှသာလျင် ကျွန်တော်တို့ဟာ ခိုင်မာတဲ့ နိုင်ငံရေးအာမခံချက်တွေရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ကျွန်တော်တို့အနေနဲ့ ဒီတော်လှန်ရေး သတိရှိရှိ၊ နိုင်ငံရေးသတိရှိရှိနဲ့ ရပ်တည်ချက် ခိုင်မာဖို့လိုအပ်သလို သဘောထားကြီးကြီးနဲ့ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါ တယ်။

ဒီအပေါ်မှာ NCCT အဖွဲ့ဝင်များအနေနဲ့ကတော့ အစိုးရနဲ့ တိုင်းရင်းသားများရဲ့အကြားမှာ ပေါင်းကူးတံတားအနေနဲ့ ဆောင်ရွက်ပေးခဲ့တာ ဒီနေ့ဆွေးနွေးနေရ တဲ့ကာလလည်း သက်သေခံချက်ဖြစ်ပါတယ်။

ပေါင်းကူးတံတားဖြစ်တဲ့အတွက် NCCT ဟာ နှစ်ဖက်အနင်းခံပြီးတော့မှ ဆောင်ရွက်ပေးခဲ့တာကိုလည်း အထူးကျေးဇူးတင်ကြောင်းကိုလည်း မှတ်တမ်းတင်ဖော်ပြ လို့ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အဓိက အကျဆုံးအခြေခံကတော့ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်ရေးအတွက်ဖြစ်စေ၊  အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဖြစ်စေ၊ အရေးကြီးဆုံးသော အချက်ကတော့ ကျွန်တော်တို့ အချင်းချင်းကြားမှာ တန်းတူရည်တူ အသိအမှတ်ပြုပြီးတော့မှ မိသားစုစိတ်ဓာတ်နဲ့ အပြန်အလှန် ဆက်ဆံရေးဖြစ်ပါတယ်။

ဒီအချက်ကို ဆုပ်ကိုင်ပြီးတော့ ရှေ့ဆက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ဒီကြားထဲမှာ ထည့်သွင်းပြောကြား လိုတာကတော့ ပြည်သူလူထုကို သတင်းတွေ ရရှိအောင် ဆောင်ရွက်ပေးကြတဲ့ မီဒီယာညီအစ်ကိုမောင်နှမတွေကို အထူးကျေးဇူးတင်ပါတယ်။

သို့သော်လည်းပဲ မီဒီယာညီအစ်ကိုမောင်နှမများအနေနဲ့ လွဲချော်တဲ့သတင်းတွေ၊ အချို့သော မလိုလားအပ်တဲ့ သုံးသပ်ချက်တွေနဲ့ မှားယွင်းဖော်ပြမှုတွေ မဖြစ်ဖို့ ကိုတော့ ဂရုစိုက်ပေးဖို့ကို အထူးမေတ္တာရပ်ခံပန်ကြားလိုပါတယ်။

ရရှိထားပြီးတဲ့ စုစည်းညီညွတ်မှုကနေ ကောင်းသထက်ပိုကောင်းအောင် အမျိုသားပြန်လည်သင့်မြတ်ရေးကို ရရှိပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်အောင်၊ နောက်တစ်ခုကတော့ လက်တွေ့ကျကျ ပြင်ဆင်ဖြည့်စွက်မှု အနည်းဆုံးနဲ့ အကြေအလည်ဆွေးနွေးမှုအများဆုံးနဲ့ ဆောင်ရွက်ကြဖို့  ကျွန်တော်မေတ္တာရပ်ခံပန်ကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ…..။

Credit - Mizzima News

No comments:

Post a Comment