Sunday, May 31, 2015

ကြံ့ခိုင်ရေးအသင်း စစ်ကိုင်းတိုင်းတာဝန်ခံ ဗိုလ်မှူးချုပ်သူရအေးမြင့်နှင့် တိုင်းမှူးဗိုလ်ချုပ်စိုးနိုင်တို့ရှိစဉ်က ဒီပဲယင်း အရေးအခင်း

ကြံ့ခိုင်ရေးအသင်း စစ်ကိုင်းတိုင်းတာဝန်ခံ ဗိုလ်မှူးချုပ်သူရအေးမြင့်နှင့် တိုင်းမှူးဗိုလ်ချုပ်စိုးနိုင်တို့ရှိစဉ်က ဒီပဲယင်း အရေးအခင်း ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ်္တိစာအုပ်တွင်ဖော်ပြထားသော ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု

ကျွန်တော်မုံရွာရောက်သည့်အချိန်တွင် ဒေသတွင်းအခြေအနေမှာ အတော်ကလေးတော့ တင်း မာနေသည့် သဘောရှိသည် …

ဒီနယ်မြေတွင် တောက်လျှောက် စည်းရုံးရေး ဆင်းခဲ့ကြေ သာ ပြည်ခိုင်ဖြိုး နယ်မြေတာဝန်ခံ များ၏ သာမန်ထက်ပိုသော စည်းရုံးလှုံ့ဆော်ထားမှုများသည် တစ်ဖက်စွန်းရောက်စေခဲ့သည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာ့နိုင်ငံရေးလောကတွင် တပ်မတော်အစိုးရလက်ထက် ဖျက်၍မရတော့သည့် အမည်းစက်တစ်ခုဖြစ်ခဲ့သော စစ်ကိုင်းဒေသကြီး၊ ဒီပဲယင်းဒေသ၌
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်သော သူရဦး တင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ၀ိုင်းဝန်းရိုက်နှက်ကြသည့် လူအုပ်ကြီးကို သက်ဆိုင်ရာအာဏာပိုင်များက မဖြေ ရှင်းနိုင်ခဲ့သည့် ““ကမ္ဘာကျော်ဒီပဲယင်း အရေးအခင်း””သည် မေလ ၃၀ ရက်တွင် ၁၂နှစ်မြောက်ဖြစ်ရာ အစိုးရ အဆက်ဆက် မဖော်ထုတ်နိုင်သေးသော ရာဇ၀တ်မှုတစ်ခုအဖြစ် သမိုင်းတွင်လျက်ရှိပေသည်။ မြန်မာသံတော် ဆင့်အနေဖြင့်မူ မည်သူမှန်သည်၊ မည်သူမှားသည်ထက် ထိုစဉ်က တာဝန်ရှိခဲ့ကြသော စစ်ကိုင်းတိုင်းဒေသကြီး စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင် (ယခု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး အသင်း (စစ်ကိုင်းတိုင်းတာဝန်ခံ)၊ ဗိုလ်မှူးချုပ် သူရအေးမြင့်(ယခု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ-၂)တို့က တစ်စုံ တစ်ရာ တိတိပပပြောစေချင်လှသည်။…

အများအထင် ဒီပဲယင်း၌ ပါဝင်နိုင်သည်ဟုဆိုသော ဦးအောင်သောင်း (ထိုစဉ်က မန္တလေးတိုင်းဒေသကြီး၊ ပြည် ခိုင်ဖြိုးတာဝန်ခံ) ယခု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံကမူ ဒီပဲယင်းနှင့်ပတ်သက်၍ ၎င်းလုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း မြန်မာသံတော်ဆင့်သို့ အတိအလင်း ပြောကြားခဲ့ပေသည်။ အမျိုးမျိုးအဖုံဖုံ ဝေဖန်မှုများ ကြားမှ ကြံ့ခိုင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစိုးဝင်း အတ္ထုပ္ပတိစာအုပ် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်၌ ထွက်ပေါ်လာခဲ့ရာ ““ကမ္ဘာကျော် ဒီပဲယင်း အရေးအခင်း”” နှင့် စပ်လျဉ်း၍ ကိုယ်တွေ့ဖြစ်ရပ်များ အား ထိုစဉ်က အာဏာပိုင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့ရသော အတွေ့အကြုံများအဖြစ် ထည့်သွင်းရေးသား ဖော်ပြ ထားသည်။ ဗိုလ်ချုပ်ကြီးစိုးဝင်း၏ စာအုပ်တွင် ရေးသားထားသော ““ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု””မှ ထုတ်နုတ် ၍ ဖော်ပြလိုက်ပါသည်။

ဒီပဲယင်းပြဿနာသည် အန်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးအကြား နိုင်ငံရေးအရ အားပြိုင်မှုဖြစ်စဉ်များထဲမှ မမျှော် လင့်ဘဲ ဖြစ်ပွားခဲ့ရသော သာမန်ထက်ပိုသည့် ရုန်းရင်းဆန်ခတ်မှု တစ်ခုဖြစ်သည်။ သာမန် ထက်ပိုသောဟုဆို ရခြင်းမှာ ထိုဖြစ်စဉ်တွင် အန်အယ်လ်ဒီခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်စုကြည်တို့ ပါဝင်ပတ်သက်ေ နသော ကြောင့် ဖြစ်သည်။

ဒီပဲယင်းဖြစ်စဉ်သည် ဒေါ်စုကြည်အကျယ်ချုပ်မှ လွတ်မြောက်အပြီး အထက် မြန်မာပြည် ၂၅ ရက်ကြာ ပါတီ စည်းရုံးရေး ခရီးစဉ် အဆုံးသတ်ခရီးလည်း ဖြစ်သည်။ ဒေါ်စုကြည် ခရီးမထွက်ခင် ကတည်းကပင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညိ‘ှနှိုင်းပြီးမှ သွားရန်နှင့် မလိုလားအပ်သည့် ပြဿနာများမပေါ်ပေါက်စေရန် အတွက် လူစုလူဝေးနှင့် မသွားရန်တို့ကို ကြိုတင်သဘောတူခဲ့ကြသည်။ သို့သော် လည်း တကယ်တမ်း ဒေါ်စု ကြည်ခရီးထွက်သည့်အခါ ထိုကြိုတင်သဘောတူညီချက်များကို မရည်ရွယ်ဘဲ ဖောက်ဖျက်မိ သလို ဖြစ်နေ သည်။ ဒေါ်စုကြည်သည် ဗိုလ်ချုပ်သမီးဖြစ်နေခြင်းကပင် လူအများ၏အာရုံစိုက်မှုကို အလိုအလျောက်ရခဲ့ရာ သူသွားရာလမ်း တစ်လျှောက် ပရိသတ်အုံနှင့်ကျင်းနှင့် ရှိနေသည်မှာ ထူးဆန်းသော ကိစ္စတော့ မဟုတ်ပါချေ။

……….

ဒီကြားထဲတွင်ပင် သူ့အနေဖြင့် ဒီမိုကရေစီအရေးကိုအခြေခံပြီး အစိုးရ၏လုပ်ဆောင်ချက်များကို ဝေဖန်မှု၊ ဟောပြောမှုများ ဆက်လက်လုပ်လာခဲ့ရာ အစိုးရနှင့်သာမက ပြည်ခိုင်ဖြိုး အဖွဲ့အစည်း များနှင့်ပါ ထိပ်တိုက် တွေ့ဆုံမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ် ခဲ့သည်။ ဒေါ်စုကြည်၏ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် ခရီး စဉ်အတွင်း မြို့နယ် ၂၂ မြို့နယ်သွားခဲ့ရာ ၁၄ မြို့နယ်တွင် ပဋိပက္ခများဖြစ်ခဲ့သည်။ အထူးသဖြင့် မန္တလေးနှင့် စစ်ကိုင်းတိုင်း အတွင်းဖြစ်သည်။

ဒေါ်စုကြည် ထိုခရီးစဉ်ထွက်မည်ဆိုသောအခါ နိုင်ငံရေးအရ အားပြိုင်မှုများ၊ ပဋိပက္ခများဖြစ်နိုင်သည်ကို လူကြီး များက ကြိုတင်တွက်ဆခဲ့ကြသည်။ တစ်ဖက်က ပြည်ခိုင်ဖြိုးအနေဖြင့် နိုင်ငံရေးအရ အန်အယ်လ်ဒီကို အသာစီး မရစေရန် လုံးပန်းရသကဲ့သို့ တစ်ဖက်ကလည်း ပဋိပက္ခများ မဖြစ်စေရန်ထိန်းကျောင်းဖို့လည်းလိုသည်။ ဒေါ်စု ကြည်ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တာဝန်ယူနေသော တိုင်းမှူးများ ၏ သက်တမ်းက တစ်နှစ်ကျော်စီပဲ ရှိသေးသည်။ ထို့ကြောင့် သူတို့ကိုကူညီရန်အတွက် အဆိုပါဒေသများတွင် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ဖူး သူများကို လူကြီးများက စေလွှတ်ခဲ့သည်။ ကျွန်တော်လည်း ကိုယ်ရေးအရာရှိ ပင် မခေါ်ဘဲ နမခတိုင်း စစ်ဌာနချုပ်တွင် ရောက်နေခဲ့သည်။

ကျွန်တော်မုံရွာ ရောက်သည့်အချိန်တွင် ဒေသတွင်းအခြေအနေမှာ အတော်ကလေးတော့ တင်းမာနေသည့် သဘောရှိသည်။ ဒီနယ်မြေတွင် တောက်လျှောက်စည်းရုံး ရေးဆင်းခဲ့ကြသော ပြည်ခိုင်ဖြိုးနယ်မြေ တာဝန် ခံများ၏ သာမန်ထက်ပိုသော စည်းရုံးလှုံ့ဆော်ထားမှုများသည် တစ်ဖက်စွန်း ရောက်စေခဲ့သည်။ တစ်ချိန်မဟုတ် တစ်ချိန် ပြဿနာဖြစ်စေရန် အစပျိုးနေသည့် အခြေအနေမျိုးဖြစ်နေသည်။ ထိုအကျိုးဆက်သည် အန်အယ်လ်ဒီ ထောက်ခံသူနှင့် မထောက်ခံသူတွေအကြား တစ်ဖက်နှင့် တစ်ဖက် တစ်ဆုံးတစ်စအတွေးများကိုဖြစ် ပေါ်စေခဲ့ သည်။

……….

လူထုကို လမ်းပေါ်သို့ရောက်လာစေသည့် အနေအထားမျိုး ရောက်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်း ဟုတ် မဟုတ် အတိအကျပြောရန် ခက်သော်လည်း ထိုအခြေအနေသည် ကျွန်တော်တို့အတွက် အတော်လေး ခက် ခက်ခဲခဲကိုင်တွယ်ရမည် မှန်းသိသည်။ နိုင်ငံရေးအရရော၊ အုပ်ချုပ်ရေးအရပါ အခက်အခဲများစွာ ရှိမည်ကိုသိ သည်။ ဒေါ်စုကြည်၏ ခရီးစဉ်တွင် တစ်နေရာ မဟုတ်တစ်နေရာတွင် တစ်ဖက်နှင့်တစ် ဖက်ငြိနိုင်သည်ကို မျှော် လင့်ထားပြီးဖြစ် သည်။ ဘယ်အချက်တွင် မီးပွားလေးလွင့် နိုင်သည်၊ ဘယ်သို့လောင်နိုင်သည်ကိုလည်း အမျိုး မျိုးတွက်ဆထားကြရသည်။ အဘယ့်ကြောင့်ဆိုသော် သူရွေးချယ်ခဲ့သည့် ခရီးစဉ်နယ်မြေများသည် အထိ အခိုက်မခံသော နယ်မြေများဖြစ်နေသည်။ အစိုးရအဆက် ဆက်ကိုဆန့်ကျင်သော အင်အားစုရှိနေ သည့်နေရာ၊ အထူးသဖြင့် ယခင်တစ်ချိန်က ကွန်မြူနစ်တို့ ကြီးစိုးခဲ့သည့်နေရာ၊ ယခုကွန်မြူနစ် လူထွက်များနှင့် နိုင်ငံရေးဇရှိ သူများ အစုအဝေးဖြင့် ရှိနေသော နေရာများဖြစ်သောကြောင့် ဖြစ်သည်။

ကျွန်တော်တို့စိုးရိမ်သည်မှာ ထိုအချက်ဖြစ်သည်။ နှစ်ဖက်အင်အားနှင့် အခြေ အနေကို ကျွန်တော်တို့ သိထား သော်လည်း တတိယအင်အားစု ၏ခြေလှမ်းကို ကျွန်တော်တို့ မသိခြင်းဖြစ်သည်။ တတိယအင် အားစုဆိုသည် မှာ မည်သူမည်ဝါဟု လက်ညှိုးထိုးပြီး တိတိကျကျပြောပြရန် ခက်ခဲသော်လည်း ထိုတတိယအင်အားစုဆိုသည် မှာ လူမျိုးမျိုး ဖြစ်နိုင်သည်။ အဖွဲ့အစည်း အမျိုးမျိုးဖြစ်နိုင်သည်။ နိုင်ငံခြားက ၀င်ရောက်စွက်ဖက်နေသော အဖွဲ့ အစည်းများ လည်းဖြစ်နိုင်သည်။ အန်အယ်လ်ဒီနှင့် ဆန့်ကျင်ဘက် ပြည်ခိုင်ဖြိုးအင်အားစု မဟုတ်သည့် အခြား အဖွဲ့အစည်းများလည်း ဖြစ်နိုင်သည်။ သီးခြားဟီးရိုးလုပ်ချင်သော တစ်ကိုယ်တော် လူစွမ်းကောင်းများလည်း ဖြစ်နိုင်သေးသည်။ ပြီးတော့ ပြဿနာတွေ ရှုပ်ထွေးလျှင် အမြတ်ထုတ်လိုသည့် တောကြောင် များကလည်း ရှိ သေးသည်။ အခြေ အနေတွေက ရှုပ်ထွေးနေရာ သွေးဆူလွယ် သူတွေ၊ နားယောင်လွယ်သူတွေကို သွေး ထိုး သူတွေက ထိုးနေကြသည်။ အန်အယ်လ်ဒီ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်ကို ကျွန်တော်တို့ မြင်နိုင်၊ သိ နိုင်သော်လည်း ထိုမသိသော တတိယအင်အားစု၏ ခြေလှမ်းကို ကျွန်တော်တို့အလျှင်းမမြင်နိုင် ခဲ့သည့်အတွက် ကြောင့် သူ၏ခရီးစဉ်ကို စိုးရိမ်ခြင်းဖြစ်သည်။

လူစုလူဝေးဖြင့် ဖြစ်ပွားသော အရေးအရာများကို ကျွန်တော်တို့ ကောင်းစွာကိုင်တွယ်နိုင်သော်လည်း ထိုအရေး အရာများ၏ အလယ်တွင်ရောက်နေသော ဒေါ်စုကြည်ကိစ္စကမူ ဖြေရှင်းဖို့အခက်အခဲရှိနေသည်။ ကျွန်တော်တို့ က သူ့အတွက် အန္တရာယ်ရှိ နိုင်သဖြင့် အကန့်အသတ်များပြုလုပ်ရခြင်းကို သူ့အနေဖြင့် သဘောကျဟန်မတူ။ ချုပ်ချုပ်ချယ်ချယ်လုပ် လုပ်လွန်းသည်ဟု ထင်ကောင်းထင်နေနိုင်သည်။ ကျွန်တော်တို့က သူ့အသက် အန္တရာယ်ကို စိုးရိမ်သည်။ ထိုသဘောထားသည် ကျွန်တော်တစ်ဦးတည်း သဘောထားသာမဟုတ်၊ လူကြီးများ နှင့် တပ်မတော်တစ်ရပ်လုံး၏ သဘောထားဖြစ်သည်။ ဒေါ်စုကြည်သည် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း၏သမီးဖြစ်သည်။ ကျွန်တော်တို့တပ်မတော် သားများ၏ ညီမဆိုလည်း ဟုတ်သည်။ အစ်မဆိုလည်း ဟုတ် သည်။ ဒေါ်စုကြည်နှင့် ပတ်သက်၍ရော၊ သူ၏ ရပ်တည်ချက် နှင့်ပတ်သက်၍ပါ လက်မခံနိုင်စရာ အကြောင်းမရှိ။

နောက်တစ်ချက်က လူအားလုံးသည် သူ့ကို ချစ်ကောင်းချစ်နေမည်မှာ မှန်သော်လည်း တစ်စုံတစ်ယောက်က သူ့အသက်ကို အသုံးချ၍ ဖြတ်လျှောက်သွားမည်ကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း သည်ပင်လျှင် တစ်တိုင်းပြည်လုံးက ချစ်နေပါလျက်နှင့် ရေတိမ်နစ်ခဲ့ရပြီးဖြစ်သည်။ သူ့မှာက ချစ်သူလည်းရှိနေ သည်၊ မချစ်သူလည်းရှိနေသည်။ နိုင်ငံရေးနယ်ပယ်ထဲ ၀င်လာသူတိုင်း မည်သူပင် ဖြစ်စေ ထိုလောကဓံ နှစ်ရပ်ကို ရင်ဆိုင်ရသည်ဖြစ်သည်။ နယ်ချဲ့လက်သစ်တို့သည် ဗိုလ်ချုပ်သမီးကိုလည်း အလားတူဖြစ်ရပ် မျိုးဖြင့် တိုင်းပြည်ကို အခက်မတွေ့စေဟု မည်သူမျှ အာမမခံနိုင်ပါ။ အစိုးရသည် သူ့ကိုအကြိမ်ကြိမ် နေအိမ်တွင် အကျယ်ချုပ်ချ၍ ကန့်သတ်ခြင်းမှာလည်း နိုင်ငံရေးအကြောင်းပြချက် တစ်ခုတည်းကြောင့် မဟုတ်ပါ။ အခြေခံ အားဖြင့် စိတ်ထားကောင်းပြီး သဘောရိုးသော သူ့ကိုခုတုံးလုပ်၍ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း မခံရအောင် နှင့် တပ်မတော်၏ဂုဏ်သရေ မညှိုးရအောင် ရည်ရွယ်ချက်လည်း ပါပါသည်။

ထို့ကြောင့် ဒေါ်စုကြည်၏ အသက်အန္တရာယ်ကင်းရေးသည် တပ်မတော်အတွက် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် မည်သူပင်ဖြစ်စေ တစ်ယောက်ယောက်က သူ့အသက်အန္တရာယ်ကို တစ်စုံတစ်ရာ ဖြစ်စေပါက တပ်မတော်ကိုပင် လက်ညှိုးထိုးကြမည် ဖြစ်သည်။ ကျွန်တော်တို့ ထိုအဖြစ်မျိုးကို လုံးဝအဖြစ် မခံ နိုင်ပါ။ တစ်စုံတစ်ခုဖြစ်ခဲ့လျှင် ကမ္ဘာတည်သရွေ့ ရှိနေမည်ဖြစ်သော မြန်မာနိုင်ငံ၏ တပ်မတော်သမိုင်းတွင် ဖျက် မရသော အမည်းစက်ကြီး ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့သည် သူ၏လှုပ်ရှားမှုနှင့်တကွ ပြည်တွင်း ပြည်ပ အခြေအနေများကို သတိကြီးစွာထားပြီး စောင့်ကြည့်နေရသည်။ တစ်ဖက်က နိုင်ငံရေး အရအားပြိုင် နေရသလို တစ်ဖက်ကလည်း သူ့အန္တရာယ်ကင်းရေးကို သတိပြုရသည်။ ထို့ကြောင့်ပင် သူ၏လုံခြုံရေးအတွက် သိသိသာသာရော မသိမသာပါ သူ့ဘေးတွင်ထားရှိ ကာကွယ်ပေးထားရသည်။

၁၉၈၈ အရေးအခင်းပြီးခါစက သူနှင့် ပတ်သက်သည့် အဖြစ်အပျက်တစ်ခုရှိခဲ့ ဖူးသည်။ ရန်ကုန်မြို့ မြေနီ ကုန်း မီးပွိုင့်တွင် ဖြစ်ခဲ့သော ဖြစ်စဉ် တစ်ခုဖြစ်သည်။ နယ်ဘက်ကို စည်းရုံးရေးဆင်းပြီး ပြန်လာရင်း အရေးအခင်း ကာလက မြေနီကုန်းမီးပွိုင့်တွင် သေဆုံးခဲ့သူများ နှစ်ပတ်လည် ပန်းခွေချရန်အသွား လူတစ်ယောက် ကသူ့ကို ရုတ်တရက်ဝင်ရောက် အန္တရာယ်ပြုခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာ မရခဲ့။ သူ့ကိုဝင်ရောက် အန္တရာယ်ပေးသော သူသည်တပ်မတော်နှင့် မည်သို့မျှမပတ်သက်သော သူတစ်ယောက်ဖြစ်သည်။ အစိုးရကို ပုန်ကန်နေသော အဖွဲ့အစည်းများထဲမှလည်း မဟုတ်။ သူလိုကိုယ်လိုသာမန် အရပ်သားတစ်ဦးသာ ဖြစ်သည်။ ထိုသူမျိုးသည် ကျွန်တော်တို့ မမျှော်မှန်းနိုင်သော တတိယမြောက်အင်အားစုဟု ဆိုရမည်ဖြစ်သည်။

ဒေါ်စုကြည် စစ်ကိုင်းမရောက်မီကချင်နှင့် မန္တလေးတွင် အစိုးရနှင့်နိုင်ငံတော်၏ အားနည်းချက်များကို ဝေဖန် ပြောဆို သည်။ ရှေ့ပိုင်းခရီးစဉ်ဖြစ်သည့် စစ်ကိုင်းတိုင်းနယ် မြေအချို့နှင့် ကချင်ပြည်နယ် ခရီးစဉ်များတွင် အားစမ်းသည့် သဘောသာ ရှိခဲ့သော်လည်း မန္တလေးဘက်ရောက်သည့်အခါ လူထုကများလာသည်။ မြစ်ကြီး နားက ပြန်ထွက်လာပြီးကသာကတည်းက ထိုအခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။ စဥ့်ကူး၊ ရွှေကူမှ တစ်ဆင့် မိုးကုတ်လမ်းကနေ မန္တလေးဝင်တော့ ကားတန်းကြီးဖြစ်သွားသည်။ ထိုမှစပြီးလမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ကအစ ဘာစည်းကမ်းမှ မရှိတော့။ မုံရွာအထိ တောက်လျှောက် ထိုပုံစံအတိုင်း တစ်စထက်တစ်စတိုးကာ ပရမ်း ပတာဖြစ်လာသည်။ လူများတော့ ထုံးစံအတိုင်း မထိန်းနိုင်တော့။ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ လုံခြုံရေး တာဝန်ရှိသူတွေကလည်း ထိန်းချုပ်ဖို့ခက်လာသည်။

အဆုံးစွန် ထိုလူထုလှုပ်ရှားမှုတွေကို ဦးဆောင်နေသော အန်အယ်လ်ဒီကိုယ်တိုင်လည်း နောက်မှပါလာသော လူထုကို ထိန်းသိမ်းနိုင်သည့် အနေအထားမရှိတော့။ လိုက်လာသည့်လူတွေ ကလည်း ရည်ရွယ်ချက်ရှိရှိ ပါလာ သူများရှိ သလို ရည်ရွယ်ချက်မရှိ ပျော်လို့လိုက်လာ သူများလည်း ရှိသည်။ တစ်လမ်းလုံး ကားဟွန်းသံ၊ ဆိုင် ကယ်ဟွန်းသံများဖြင့် ဆူညံနေပြီး ဒေါ်စုကြည်လာမည်ကို ကြိုသိနေကြသော လမ်းဘေးဝဲယာအိမ်များမှ လူတွေ ထွက်ကြည့်ကြပြန်သည်။ ထိုသို့ဖြင့် လူအုပ်က ပိုပြီးတောင့်လာသည်။

မန္တလေးမှ စစ်ကိုင်းဘက် ကူးလာတော့လည်း မန္တလေးကလူများ ဆိုင်ကယ်တန်းဖြင့် ပါလာသည်။ လမ်းပေါ်မှာ မရပ်ဖို့၊ တရားမဟောဖြစ်အောင် လုပ်ဖို့များကို ညွှန်ကြားထားသဖြင့် ဆိုင်ရာမြို့နယ် အဖွဲ့အစည်းများက အခြေအနေကို လိမ္မာပါးနပ်စွာ ထိန်းထားနိုင်ခဲ့သည်။

အဓိကက မုံရွာတွင်ဖြစ်သည်။ မုံရွာတွင် သူမရောက်ခင်ကတည်းက ကြိုထွက်စောင့်နေသော ဆိုင်ကယ်များ၊ ကားများနှင့်ရှုပ်ထွေးနေသည်။ မန္တလေးက ပါလာသော ဆိုင်ကယ်များ၊ ကားများနှင့်ပေါင်း လိုက်သောအခါ လူအုပ်က တော်တော်လေးကြီးလာသည်။ နောက်ပါအင်အားများလာသဖြင့် လူထုကပိုမို အတင့်ရဲလာပြီး ရှုပ်ထွေးသော အခြေအနေများ ဆက်တိုက်ဖြစ်လာခဲ့သည်။ ဒေါ်စုကြည်အလာနှင့် ချိန်ကိုက်၍ နိုင်ငံရေးလှုပ်ရှား မှုများ ပြုလုပ်ရန်စီစဉ်ထားကြသည်။ စိတ်အားထက်သန်နေသော သံဃာတော်များက ဦးဆောင်ပြီးယောက်ျား မှန်သမျှ လမ်းပေါ်ထွက်ကြရန် လှုံ့ဆော်သည်။

မေ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဘုတလင်ဘက် ကောက်ထွက်သွားသည်။ မုံရွာမှာ ကျန်နေခဲ့သော သံဃာ များနှင့် လူအုပ်က သူ့နောက်လိုက်ရန် ထွက်လာကြ သည်။ အုန်းအုန်းကျွက်ကျွက်နှင့် တားမနိုင် ဆီးမရဖြစ် သောအခါ သေနတ်ပစ်ဖောက် လူစုခွဲရသည်။ လူစုခွဲချိန်တွင် ကားခေါင်မိုးပေါ်တွင် မတ်တတ်ရပ်ပါလာသော လူမျိုးခြားတစ်ယောက် ကျည်ပြန်ထိပြီး သေသွားသည်။ ဆူပူသူများက သေသူကို သင်္ကန်းပတ်ကာ စစ်တပ်က ဘုန်းကြီးကို သေနတ်ဖြင့်ပစ်သတ်ပါသည်ဆိုကာ သတင်းလွှင့်လိုက်တော့ အခြေအနေက ပိုပြီးရှုပ်ထွေး သွား သည်။

ဒေါ်စုကြည်ကို အကြောင်းပြု၍ လမ်းမပေါ်သို့ လူထုအစုအဝေးဖြင့် ရောက်လာသည့် ဖြစ်စဉ်အတွင်း ထပ်မံဖြစ် ပွားခဲ့သော ထိုအခြေအနေသည် သံဃာတော်များနှင့် စစ်တပ်အကြား ပို၍ကြီးမားသော အဖုအထစ်တစ်ခု ထပ်မံ ဖြစ်လာစေသည်။ တစ်ဆက်တည်းမှာပင် ပခုက္ကူဘက်မှလူအုပ်နှင့် သံဃာများကလည်း မုံရွာကိုဆင်းဖို့ ကြိုးစားလာပြန်သည်။ တစ်ခါအစိုးရကို ထောက်ခံသော သံဃာတော်များကလည်း ဓားဆွဲတုတ်ဆွဲဖြင့် “ကတုံး ကတုံးချင်း ရှင်းမယ်”ဆိုပြီး တစ်စခန်းထကြပြန်သည်။ တစ်ဖက်မှ ဘုန်းကြီးများကို ဖျောင်းဖျနေရသလို သင်္ကန်း ပတ်လူသေအလောင်းကိစ္စကလည်း အရေးကြီးနေသည်။ သေသူသည် ဘုန်းကြီးမဟုတ်ကြောင်း ပြနိုင်ရန် အလောင်းကို လက်ဝယ်ပြန်ရအောင်နှင့် အလောင်းလက်ဝယ်မရခင်အတွင်း သံဃာတော်များ ကိုလည်း တစ်ဖက်က အာမခံကာထိန်းထားရန် တာဝန်ယူဆောင်ရွက်နေသူများအား မှာနေရသည်။

ထိုစဉ်က မုံရွာတစ်ဝိုက်အခြေအနေသည် ပြဿနာပေါင်းစုံ ရောထွေးနေသဖြင့် အတော်လေး ချိန်ချိန်ဆဆထိန်း သိမ်းနေရသည်။ လူကြီးများက သွေးထွက်သံယိုမရှိစေရန်နှင့် အကယ်၍ ရှိခဲ့ပါကလည်းအနည်း ဆုံးဖြစ်စေရန် အကြိမ်ကြိမ်မှာ လိုက်သည်။ ကျွန်တော့်အနေဖြင့်လည်း မည်သည့်အထိ အခိုက်အပွန်းအရှမျှ မရှိရလေအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းရန်အဆက်မပြတ် ညွှန်ကြားနေ ရသည်။ သွေးဆူနေသော လူအုပ်ကို တည့်တည့် ရင်ဆိုင်နေရသော တပ်မတော်သားများနှင့် လုံခြုံရေးတာဝန် ယူရသူများအား “အဆုံးစွန်ထိ သည်းခံရန်၊ လက် တုံ့မပြန်ရန်နှင့် အမိန့်အတိုင်း တိကျစွာလုပ်ဆောင်ရန်” တို့ကို စက်ပေါ်မှနေပြီး အကြိမ်ကြိမ် အထပ်ထပ် မှာရ သည်။ အမှားအယွင်းကလေးတစ်ခုသည် အတောမသတ်နိုင်သော အခြေအနေများကို ဖိတ်ခေါ်သကဲ့သို့ ရှိသွား နိုင်သည်။

အခြေအနေမှာ တစ်ဖက်က မုံရွာပြင်ပကနေ ဆူပူလှုပ်ရှားသလို တစ်ဖက်ကလည်း မြို့တွင်း၌ ထိန်းမနိုင်သိမ်းမရ ဖြစ် အောင်အခြေအနေတွေ ဖန်တီးသကဲ့သို့ဖြစ်လာသည်။ အခြေအနေတွေက ရှုပ်ထွေးနေပြီး ဘယ်သူဘယ် ၀ါက ထိန်းချုပ်လုပ် ဆောင်နေမှန်းမသိရ။ သို့သော်လည်း ဦးတည်နေသည့် အနေအထားမှာ မုံရွာမြို့ကို မြို့ သိမ်းတိုက်ပွဲဖြစ်အောင် လုပ်နေသကဲ့ သို့ဖြစ်နေသည်။ မုံရွာရှိလုံခြုံရေးအင်အားကို မြို့ပြင်ရောက်စေပြီး အင်အားချည့်နဲ့တော့မှ မြို့ကိုဝင်သိမ်းမည့် သဘောဖြစ်နေသည်။ တပ်မတော်အနေဖြင့် တိုက်ပွဲပေါင်း များစွာကို ရင်ဆိုင်ခဲ့သော အတွေ့အကြုံပေါင်းများစွာရှိသည်။ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကွက်မျိုး ဆင်လာလျှင် မည်သို့တုံ့ပြန်ရမည်ကို ဘ၀ပေးအသိ ကျွန်တော်တို့တွင်ရှိနေပြီးဖြစ်သည်။ မြို့တွင်း၌ လူသေဘုန်းကြီး အတု ပြဿနာရှင်းနေချိန်တွင် ပခုက္ကူမှသံဃာနှင့် လူအုပ်များ ဆင်းမလာရန်တားထားရသည်။ တစ်ဆက်တည်းမှာ ပင် မုံရွာမြို့လုံခြုံရေးအတွက် စိတ်ချရရန် ပခုက္ကူမှတပ်ရင်းတစ်ရင်းကို အမြန်ဆုံး ခေါ်ပြီး တာဝန်ယူစေရသည်။

ထိုအချိန်တွင် ဒေါ်စုကြည်မှာ ဘုတလင်မှ ဒီပဲယင်းဘက်ဖြတ်၍ မုံရွာဘက်ပြန်လာရန်တာစူနေပြီဖြစ်သည်။ သူ တို့ ဘုတလင်ရောက်ချိန်တွင် ညနေ ၅ နာရီကျော်နေပြီဖြစ်သည်။ ဒီပဲယင်းမရောက်ခင် စိုင်ပြင်ရွာရောက်တော့ ညနေ ၆နာရီ ခွဲနေပြီဖြစ်သည်။

မုံရွာတွင် ဖြစ်နေသော အခြေအနေ၊ သူသွားရာလမ်း တစ်လျှောက် ဖြစ်ပျက်နေသောဖြစ်ရပ်များကြောင့် သူ့ကို မုံရွာသို့ ပြန်လာခွင့်ပြုခြင်းထက် ထိန်းသိမ်းလိုက်ရန် အခြေအနေဖြစ်လာသည်။ ဖြစ်ပျက်လာသော အခြေအနေ များကြောင့်သည်အတိုင်း ဆက်လက်လွှတ်ထားပါက တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းရေးကို အကောင်း ထက်အဆိုးကပိုများလာနိုင်မည့် အလားအလာများဖြစ်နေသည်။ ဒေါ်စုကြည် ကိုဒီပဲယင်းမြို့မ၀င်မီ ရွာသစ်ရွာ တွင် လုံခြုံရေးတပ်ဖွဲ့ကစောင့်၍ ထိန်းသိမ်းရန်စီစဉ်ခဲ့ကြသော်လည်း မထင်မှတ်သော အဖြစ်အပျက်ကကြား တွင်ဖြစ်ပျက်သွားခဲ့သည်။ ထိုအဖြစ်အပျက်မှာ ကျည်ရွာရှေ့တွင်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ နယုန်လကွယ်ည၊ မှောင်နှင့်မည်းမည်း တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေအရပ်ရပ်ကို လုံခြုံရေးတာဝန် ယူထားသူများက ကျွန်တော့်ထံသတင်းပို့ ကြသည်။

““ဒီလမ်းကနေ ဒေါ်စုကြည် ဖြတ်ပြန်မှာဆိုတာ သိနေကြလို့ ကျည်ရွာဝန်းကျင်မှာ အစောကြီးကတည်းက လူစု လူဝေးကရှိနေ ပါတယ်၊ ကျည်ရွာက ရွာကြီးတစ်ရွာ မဟုတ်ပေမယ့် သူနဲ့မလှမ်းမကမ်းမှာ တစ်ဆက်တည်းရှိ နေတဲ့ ရွာနှစ်ရွာ ရှိနေပါတယ်၊ ရွာ ၃ရွာပေါင်း အင်အားနဲ့ ရွာနီးချုပ်စပ်အင် အားတွေပေါင်းပြီးစုနေတာဖြစ်လို့ အင်အား ထောင်ချီပြီးစုထားသလို ဖြစ်သွားပါတယ်၊ တစ်ဖက်ကလည်း ပြည်ခိုင်ဖြိုးအသင်းဝင် တွေ၊ စွမ်းအား ရှင်တွေကလည်း အနီးပတ်ဝန်းကျင်မှာ ရှိနေပါသေးတယ်။ ပြီးတော့ ကျည်ရွာနဲ့သိပ်မဝေးတဲ့တစည အမာခံရွာ ကလူတွေကလည်း အဲဒီနေရာကိုရောက် နေပါတယ်၊ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့တွေက ပုဒ်မ ၁၄၄ ထုတ် ထားကြောင်းနဲ့ လူစုလူဝေးမပြုလုပ်ဖို့ အသံချဲ့စက်တွေနဲ့ တောက်လျှောက် အော်ပြောခဲ့ပါတယ်””

အခြေအနေမှာခံယူချက်၊ ယုံကြည်ချက်ချင်းမတူကြသော အဖွဲ့အစည်းပေါင်းစုံ စုဝေးမိသလိုဖြစ်သွားကာ အချင်းချင်း အင်အားပြိုင်ဆိုင်မိသွားပြီး လကွယ်ည၏ အမှောင်ထုအတွင်း ထိပ်တိုက်ရင်ဆိုင်မိကြသည်။ အခြေ အနေအရပ်ရပ်က အတိမ်းအစောင်း အထိအခိုက်မခံသော အနေအထားမျိုးဖြစ်သည်။

““ဒေါ်စုကြည် ကျည်ရွာရှေ့ရောက်တော့ ည ၈ နာရီ ထိုးလုနေပြီဖြစ်ပါတယ်။ ကျည်ရွာရှေ့မှာရှိတဲ့ လူအုပ်က ဒေါ်စုကြည် ကားကိုရပ်ခိုင်းပြီး တရားဟောခိုင်းပါ တယ်၊ ဒေါ်စုကြည်က “မိုးလည်း ချုပ်နေ၊ ပင်လည်း ပင်ပန်း နေလို့ မဟောပါရစေနဲ့”လို့တောင်းပန်ပေမယ့် လူထုကအတင်းအ ကျပ်တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ အင်န်အယ်လ်ဒီထောက်ခံသူနဲ့ မထောက်ခံ သူတွေအကြား အော်ဟစ်ပြိုင်ဆိုင်မှုတွေ ကလည်း ဆူညံနေပါ တယ်””

တစ်ချိန်လုံးအားပြိုင်လာရာမှာ ကျည်ရွာရောက်တော့ မီးပွားကလေးက လွင့်လာပုံရသည်။ တစ်ဖက်နှင့် တစ်ဖက်လည်း အပြောအဆိုပိုကြမ်း လာသည်ဟု ဆိုသည်။

““ကုလားမလို့ ခေါ်တဲ့သူကလည်းရှိပြီး တစ်ဖက်ကလည်း ဆတ်ဆတ်ထိမခံ ခွေးခြင်္သေ့လို့ ပြန်အော်ကြပါတယ်။ တချို့ကလည်း ဒို့တာဝန်အရေးသုံးလုံးလို့ အော်ကြပါတယ်။ နောက်တော့တစ်ဖက်နဲ့ တစ်ဖက် ရိုင်းရိုင်းစိုင်း စိုင်းတွေ အပြန်အလှန်အော်ကြ ဟစ်ကြဖြစ်လာပါတယ်””

လူစုလူဝေးဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြိုင်ဖြစ်လာသောအခါ သည်ပုံစံမျိုးထဲ ရောက်သွားသည်မှာ ဖြစ်လေ့ဖြစ် ထရှိသည့် သဘာဝဖြစ်သည်ကို ကျွန်တော်သတိထား မိလိုက်သည်။ ဒီအဆင့်သည် အခြေအနေ ဆိုးများဆီသို့ တွန်းပို့တတ်သည်။ အခြေ အနေသည် တစ်စက်ကလေးမှ အတိမ်းအစောင်းမခံသော အနေအထားဆီ သို့ဦး တည်နေမှုမှာ ရပ်တန့်သွားရန် အရိပ်အကဲမမြင် တော့။

ဒီ့အတွက်အတော်လေး ခေါင်းနားပန်း ကြီးသွားသည်။ ဒီအခြေအနေကို နိုင်နိုင်နင်းနင်းမထိန်းနိုင်လျှင် ဖြစ်လာ နိုင်သည့် အန္တရာယ်က အတော်ကလေးကြီးသည်။ အချိန်တွေကြာလာလေ အထိအခိုက်မခံသော အခြေ အနေတွေ ဖြစ်လာခြင်းကို တားဆီးဖို့ အတော်ကလေး ခက်လာလေဖြစ်လာသည်။ တက်လာသမျှသော သတင်းတွေကလည်း ပြင်းထန်သည်ထက် ပြင်းထန်လာနေရာ အတော်အတန်ကျယ်ဝန်းသော နမခတိုင်းမှူး ရုံးခန်းကို ကျဉ်းကျပ်သလို ထင်ရပြီး မွန်းကျပ်နေသလို ခံစားရသည်။

““အဲဒီလို အော်ဟစ်နေကြရင်း ဘယ်နေရာကမှန်းမသိ ၀ုန်းခနဲ အသံကြားလိုက် ရပြီး ရိုက်ကြနှက်ကြ ဖြစ်သွား ပါတယ်။ မှောင်နဲ့ မည်းမည်းဆိုတော့ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူက ဘယ်သူ့ကိုရိုက်ကြသလဲ ဆိုတာ မသိရဘဲ မည်းမည်းမြင်သမျှ ရိုက် နေကြသလို ဖြစ်သွားပါတယ်၊ လူအုပ်ကလည်း ပြေးတဲ့သူက ပြေးဆိုတော့ အလဲ လဲ အကွဲကွဲ ဖြစ် ကုန်ကြပါတယ်။ ဒေါ်စုကြည်ကားကတော့ လူအုပ်ထဲကနေဖောက် ထွက်ပြီး အတင်းမောင်း ထွက် သွားပါတယ်။ လုံခြုံရေးအတွက်ချထားတဲ့ အတားအဆီးတွေကို ၀င်တိုက်သွားပြီး ရေဦးဘက်မောင်း ပြေးသွား တာ တွေ့လိုက်ရပါတယ်””ကျည်ရွာရှေ့က အခြေအနေက တည်ငြိမ်သွားသော်လည်း ဒေါ်စုကြည်က ဘယ် ရောက်သွားမှန်းမသိသဖြင့် အတော်ကလေး စိတ်ပူနေရသေးသည်။ သူဖောက်ထွက်သွား သည်က ရေဦးဘက် ဖြစ်သောကြောင့် အခြေအနေတွေ လှမ်းမေးရသည်။ အဖြေ ကတော်တော်နှင့်မရ။ ထိုအချိန်ကလေးသည် ကျွန်တော့်အတွက် စိုးရိမ်စိတ်ကြောင့် အတော်ကလေး ဆောက်တည်ရာမရဖြစ်ခဲ့သော အချိန်ဖြစ်သည်။

ရေဦးရဲစခန်းတွင် ဒေါ်စုကြည်တို့ ရောက်နေကြောင်း စခန်းမှူး၏ သတင်းပို့ ချက်ရတော့မှ သက်ပြင်းချပြီး စိတ် အေးရတော့သည်။ တစ်ဖက်တွင်လည်း ဦးတင်ဦးနှင့် အခြား ၃ဦးတို့ လူအုပ်နှင့် လွတ်ရာဘက်လမ်းလျှောက် ထွက်ခဲ့သောကြောင့် ဒီပဲယင်းရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းထားသည်ဟု သတင်းဝင်လာသည်။ ဒီတော့မှ စိတ် နှလုံးဒုန်းဒုန်းချနိုင်တော့ သည်။ ဖြစ်ခဲ့တာတွေတော့ ဖြစ်သွားပြီ။ လက်ချင်းယှက်၍ ကာကွယ်ထားသော လုံခြုံ ရေးစည်း ကျိုးပေါက်ခဲ့ဟန်တူသည်။ ဒေါ်စုကြည် အနီးရှိ လုံခြုံရေး တာဝန်ယူထားသောအသွင် ယူရဲဘော် တစ်ဦး ခေါင်းတွင်ဒဏ်ရာရသွားခဲ့သည်။ သို့သော် ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ ဘေးအန္တရာယ်ကင်းကင်း ရှိသွား ပြီဆိုသောကြောင့် ဖြစ်သမျှအကြောင်းအကောင်းပဲလို့ တွေးလိုက်သည်။ ဒီလို လူအုပ်ကြားထဲတွင် အဟန့် အတား အကန့်အသတ်မရှိ သွားနေခြင်းသည် အန္တရာယ်ပေါင်းများစွာကို ဖိတ်ခေါ်နေသလို ဖြစ်နေကြောင်း သူ့ ဂရုမထားမှုကို ကျွန်တော့်အနေဖြင့် ကရုဏာဒေါသောဖြစ်မိသည်။ တစ်ဖက်ကလည်းသည် အခြေအနေမျိုး ဖြစ်မလာစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်ကြားက ဖြစ်သွားခဲ့ရမှုနှင့်ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရ သည်။

ရေဦးရဲစခန်းတွင် လုံခြုံရေးအင်အား ၈ယောက်သာ ရှိသဖြင့် လုံခြုံရေးစိတ်မချ ရသောကြောင့် တပ်ခွဲတစ်ခွဲ အမြန်ဆုံးပို့ ပေးရန်အမိန့်ပေး လိုက်ရသည်။ နောက်တစ် နေ့မနက် အရုဏ်ဦးရောက်မှ ဒေါ်စုကြည်တို့ ကိုတခြား တစ်ဖက်ကပတ်၍ ခေါ်ခဲ့ရသည်။

တစ်ဆက်တည်းမှာပင် အခင်းဖြစ်ပွားရာနေရာမှ အခြေအနေများကို သတင်း နားစွင့်ရသည်။ ပြဿနာကြီး လွန်သွားသော်လည်း အဆုံးတိုင် စိတ်မအေးနိုင်သေး။ အဖြစ်အပျက်က ဘယ်လောက်အထိ ကြီးကျယ်သွား သလဲဆိုသည်ကို စိုးရိမ်တကြီး ဖြစ်နေရသေးသည်။ ဖြစ်စဉ်ကို လူကြီးများထံ ချက်ချင်းသတင်းပို့ရသလို ဆိုင်ရာ ရဲမှူးကြီးအား ဥပဒေနှင့်အညီဆက် လက်စစ်ဆေးရန်နှင့် အသေးစိတ် အစီရင် ခံစာပြုစုရန် တာဝန်ပေးခဲ့သည်။ အစီရင်ခံ စာထွက်လာသောအခါ ဒီပဲယင်းဖြစ်စဉ်တွင် သေဆုံးသူ ၄ ယောက်နှင့် ဒဏ်ရာရသူ ၇၀ ကျော်စာရင်း ရရှိသည်။

ဒီပဲယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်တော့်အပေါ်တွင် အတော်ကလေးဂယက် ရိုက်မှုရှိခဲ့သည်။ ဖြစ်စဉ် တစ်ခု လုံးသည် ကြိုတင်စီစဉ်ထားသည်ဟုပင် စွပ်စွဲကြသည်။ အထူးသဖြင့် ဒေါ်စုကြည်ကို အသေ သတ်ရန်အထိ ကြို တင်ကြံစည်မှုဟု ဆိုသူကဆိုကြသည်။ ထိုသို့မဟုတ်ပါဟု ပြောလျှင်လည်း ယုံရခက်သောအနေအထား ဖြစ်နေ သည်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ “ပဲလှော်ကြား ဆားညပ်တာ”ဟု ပုံခိုင်းပြီးပြောသည်။

နိုင်ငံရေးဆိုသည်မှာ ရွေ့လျားတွန်းကန်နေသည့် အင်အားကြီးများနှင့် ရင်ဆိုင် ဖြေရှင်းရသည့် အလုပ်မျိုးဖြစ် သည်။ အဆို ပါအင်အားစုကြီးကို အချိန်အခါနှင့် မထိန်းနိုင်လျှင် ထိုရွေ့လျားနေသော အင်အားကြီးသည် လွတ် ထွက်သွားတတ်သည်။ ဒီပဲ ယင်းကိစ္စသည် ထိုသဘောအတိုင်း ဖြစ်ပျက် ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအရ လူထု နောက်က ပါလာသည့်အခါ အသာစီးရပြီဟု တွက်ဆပြီး အားထည့်သည့်အချိန်တွင် ဘက်နှစ်ဖက်စလုံးက မိမိ တို့အားများကို မှန်ကန်စွာ မထိန်းကျောင်းနိုင်ခဲ့သောကြောင့် ကြုံတွေ့ရသော အဖြစ်အပျက်တစ်ခုသာ ဖြစ်ပါ သည်။

( မြင့်သူ-ဗိုလ်ချုပ်ကြီးစိုးဝင်း အတ္တုပ္ပတ်္တိစာအုပ်မှ )

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 

 


 


  

No comments:

Post a Comment