ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာအတွဲ (၂) တွင် မသန်စွမ်းသူ စုစုပေါင်းစာရင်းနှင့် မသန်စွမ်းမှု အမျိုးအစားအလိုက် ဖော်ပြသော ဦးရေစာရင်း မတူသောကြောင့် တစ်မျိုးထက်ပိုသော မသန်စွမ်းများကို သီးခြားဖော်ပြသင့်သည်ဟု မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများက မဇ္ဈိမကို ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရရှိသော အချက်အလက်များ ထုတ်ပြန်ရာတွင် မသန်စွမ်းသူ စုစုပေါင်း စာရင်းနှင့် မသန်စွမ်းမှု အမျိုးအစားအလိုက် ဖော်ပြသော စာရင်းမှာ တစ်သန်းကျော် ကွာခြားနေပြီး ယင်းသို့ ဖြစ်ရခြင်းမှာ မသန်စွမ်းမှု အမျိုးအစား (ဥပမာ - မျက်စိမမြင်သူ၊ နားမကြားသူ) တွင် တစ်ဦးသည် နေရာ နှစ်နေရာ၊ သုံးနေရာခန့် ထပ်၍ ပါဝင်နိုင်သောကြောင့် အမျိုးအစားလိုက် စာရင်းတွင် ပိုများနေခြင်းဖြစ်ရာ တစ်မျိုးထက်ပိုသော မသန်စွမ်းများကို သီးခြားကောက်ယူ ဖော်ပြသင့်သည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။
ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက “မသန်စွမ်းမှု တစ်မျိုးထက်ပိုတဲ့သူတွေကို သပ်သပ်ခွဲပြီး ကောက်ရင် ဒီလိုမျိုးတွေ မဖြစ်တော့ဘူးပေါ့။ အခုတော့ မျက်စိရှုပ်သွားကြတာပေါ့။ ပြီးတော့ ကောက်ယူတဲ့နေရာမှာ မသန်စွမ်းဦးရေတွေ ကျန်ခဲ့တာမျိုးတွေ ရှိပါတယ် ”ဟု ပြောသည်။
သန်းခေါင်စာရင်း ဖော်ပြချက်အရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ သန်းကျော်တွင် မသန်စွမ်းဦးရေ စုစုပေါင်း ၂,၃၀၀,၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားပြီး မသန်စွမ်း အမျိုးအစားအလိုက် ဖော်ပြထားသည့် မသန်စွမ်းဦးရေ ကိန်းဂဏန်း စုစုပေါင်းမှာ ၃,၇၀၀,၀၀၀ ကျော်ရှိနေသည့် အတွက် ၁,၄၀၀,၀၀၀ (တစ်သန်းလေးသိန်းကျော်) ကွာခြားနေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ စာရင်း မတူညီမှုကြောင့် မသန်စွမ်းဦးရေ ဖော်ပြမှုနှင့် ပတ်သက်၍ မှားယွင်းသည်ဟူ၍ မသန်စွမ်းဆိုင်ရာ ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများကြား ဝေဖန်သံများ ထွက်ပေါ်နေသည်။
ယင်းသို့ စာရင်းများတွင် ထပ်၍ ပါဝင်နေခြင်းနှင့် ပတ်သက်၍ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက “မျက်စိမမြင်တဲ့ သူကလည်း နားမကြားတာမျိုး ရှိတယ်။ အဲဒါကြောင့် စာရင်းက မှားတာ မဟုတ်ပါဘူး” ဟု ပြောသည်။
သန်းခေါင်စာရင်းတွင် မသန်စွမ်းမှု အမျိုးအစားအလိုက် ဖော်ပြထားရာ၌ အမြင် ၁,၂၄၉,၇၃၇ (တစ်သန်း နှစ်သိန်းကျော်)၊ အကြား ၆၇၃,၁၂၆ (ခြောက်သိန်းကျော်)၊ လမ်းလျှောက်၊ အမြင့်တက်၊ ပစ္စည်းကိုင်တွင် ၉၅၇,၇၃၆ (ကိုးသိန်း ငါးသောင်းကျော်)၊ သင်ယူလေ့လာခြင်း၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်ခြင်း - ၈၃၅,၅၉၈ (ရှစ်သိန်း သုံးသောင်းကျော်) စုစုပေါင်း ၃,၇၁၆,၁၉၇ ရှိသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။
လက်နှစ်ဘက် မပါသည့် မသန်စွမ်းအမျိုးသမီးတစ်ဦးကို မြင်နိုင် ကြားနိုင် လမ်းလျှောက်နိုင်ပြီး ပညာသင်ယူနိုင်စွမ်း ရှိသဖြင့် မသန်စွမ်းဦးရေထဲတွင် ထည့်သွင်း၍ သန်းခေါင်စာရင်း မကောက်ယူသည် များလည်း ရှိသည်ဟု ဦးမြတ်သူဝင်းက ဆိုသည်။
ဧဒင်မသန်စွမ်း သက်ငယ်များပြုစုရာရိပ်မြုံ ကျောင်းအုပ် ဦးထာအုပ်က “သူတို့က သန်းခေါင်စာရင်း ကောက်ကတည်းက စွမ်းဆောင်ရည်ကို အခြေခံပြီး ကောက်တာပါ။ အမှာစာမှာ အဓိပ္ပာယ်ဖွင့်ဆိုတာကလည်း အဲ့လို အဓိပ္ပာယ်မျိုးပါ။ အဲ့တာကြောင့် ဒီလိုမျိုး ဖြစ်သွားတာပါ” ဟု ပြောသည်။
သန်းခေါင်စာရင်း ဖော်ပြချက်များအရ မသန်စွမ်းဦးရေမှာ မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ မသန်စွမ်းမှု အမျိုးအစားများအနက် အမြင်အာရုံချို့ယွင်းမှုမှာ အများဆုံးဖြစ်နေပြီး ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးသည် မသန်စွမ်း ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ပြီး ၇ ဒသမ ၆ ရာခိုင်နှုန်းရှိကာ ချင်းပြည်နယ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇ ရာခိုင်နှုန်း ရှိသည်။
ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေသည့် ၅၁ သန်းကျော် ( ၅၁,၄၈၆,၂၅၃) ရှိပြီး ယင်းကိန်းဂဏန်းတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ စာရင်းမကောက်ယူနိုင်သည့် ဒေသအချို့၏ ခန့်မှန်းလူဦးရေ တစ်သန်းကျော် (၁၂၀၆, ၃၅၃) ပါဝင်ပြီး ဖြစ်သည်။
သန်းခေါင်းစာရင်းအရ အမျိုးသားဦးရေမှာ ၂၄ သန်းကျော်( ၂၄,၈၂၄,၅၈၆) ဦး ရှိပြီး အမျိုးသမီး ဦးရေမှာ ၂၆ သန်းကျော် ( ၂၆, ၆၆၁,၆၆၇) ဖြစ်သည်။ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကောက်ယူခဲ့သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment