Written by
စိုးသန်းလင်း
ရွှေတိဂုံ၊ ကျိုက်ထီးရိုးတို့ကဲ့သို့ အထင်ကရ ဘုရား ကျောင်းကန်စေတီပုထိုး ဧရိယာများတွင် အဆင့်မြင့်အိမ်သာ၊ ရေချိုးခန်း စသည့် အများပြည်သူဆိုင်ရာ နေရာများရှိ ဝန်ဆောင်မှု လုပ်ငန်း များကိုတင်ဒါအောင်ပြီး ဆောင်ရွက်နေသူတို့သည်ဘုရားကို မှီပြီး လုပ်စားနေသူများဖြစ်သော်လည်းဝန်ဆောင်မှု ညံ့ဖျင်းလှသောကြောင့် ဘုရားဂေါပကများက တင်ဒါစနစ်အစား ဝန်ဆောင် မှု ပိုကောင်းနိုင်သည့် အခြားအစီအစဉ် တစ်မျိုးမျိုး ဆောင်ရွက်သင့်သည်ဟု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ယနေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစိုးရ အဖွဲ့ဝင်အား ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကိုယ်တိုင် ရွှေတိဂုံစေတီတော်ကြီးမှာ တွေ့ မြင်ရတဲ့ကိစ္စကတော့ အခကြေးငွေ ယူနေတဲ့သူက သူ့ ရဲ့ကောင်တာမှာ ထိုင်နေတာကလွဲပြီး ကျန်တာ မှာ စေတီတော်ကြီးမှာ
လာရောက်ပြီးတော့ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ တံမြက်စည်းလှဲတာ၊ ရေအိမ်များကို သန့် ရှင်းတာကအစ သူတို့ကိုယ်တိုင်ပဲ ဆင်းလာပြီးတော့ သန့် ရှင်းနေတာတွေ တွေ့ခဲ့ရပါတယ်။ အရင်တုန်းကလည်းပဲ ဓာတ်လှေကားများကို စတင်တပ်ဆင်တဲ့ အချိန်အခါမှာတုန်းက တစ်ဦးကို ဘယ်လောက်နှုန်းဆိုပြီး လုပ်ခဲ့ပါတယ်၊ နောက်ပိုင်း လှူတဲ့ ပုဂ္ဂိုလ်က များလာတဲ့အခါကျတော့ ဓာတ်လှေကား အသုံးပြုသူတွေက စေတနာ သဒ္ဓါတရား အလျောက် ထည့်သွားကြတဲ့ အလှူငွေတွေနဲ့  ဆက်လက်ဆောင်ရွက် နေတာ တွေ့ရ ပါတယ်။
မြန်မာလူမျိုးများဟာ အင်မတန် စေတနာထက်သန်တဲ့အတွက် လူတစ်ဦးကို တစ်ကျပ်လို့ သတ်မှတ်ရင် သူဟာ ၁၀ လည်းထည့်ရင် ထည့်မယ်၊ ငါးကျပ်လည်း ထည့် ရင်ထည့်မယ်။ တစ်ရာ လည်း ထည့်ရင်ထည့်ပါတယ်၊ ပိုပြီးတော့တောင် ကာမိတယ်လို့  နားလည်ထားပါတယ်။ ဒါကြောင့် ရေကို အခမဲ့တော့စီစဉ်ပေးတာ မှန်ပါ တယ်၊ သို့သော် အကယ်၍များ အလှူခံပုံး ကလေး များထားပေးမယ် ဆိုရင် ပြင်ပပုဂ္ဂိုလ်များကို တင်ဒါစနစ်နဲ့ ပေးထားတာထက် စာရင်တော့ ပိုကောင်းမယ်လို့ ထင် ပါတယ်” ဟု ၎င်းက သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား ပြော ကြားခြင်းဖြစ်သည်။
ပျော်ဘွယ်မြို့ နယ်အမတ် ဦးမြင့်စိုးက ဘုရားကျောင်းကန် နေရာများ၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ နေရာများ စသည့် အများပြည်သူဆိုင်ရာ နေရာများတွင် နိုင်ငံ တကာ အဆင့်မီ အိမ်သာများ တည်ဆောက် ပေးပြီး ၀န်ဆောင်မှုပေးရန် အစီအစဉ် ရှိမရှိဟု အစိုးရအဖွဲ့ အား မေးသည်ကို သာသနာရေး ဒုတိယဝန်ကြီးက ထင်ရှားကျော်ကြားသည့် ဘုရားကျောင်းကန် စေတီပုထိုးများတွင် နိုင်ငံတကာအဆင့်မီ အိမ်သာများကို တည်ဆောက်ပေးထားပြီး သန့်ရှင်းသပ်ရပ်၍ အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ သို့ရာတွင် ဒေသအချို့ ရှိ ဘဏ္ဍာရေး အခြေ အနေ အားနည်းသော စေတီပုထိုးများတွင် အဆင့်မြင့်အိမ်သာများ တည်ဆောက်ပေးရေးကမူ သက်ဆိုင်ရာ ဂေါပကအဖွဲ့ များ၏ အလှူခံရရှိသော ဝင်ငွေများအပေါ် မူတည်နေကြောင်း ပြန်လည် ဖြေကြားသည်။
ထိုသို့ ဖြေကြားအပြီးတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ က ဆက်စပ်မေးခွန်းအဖြစ် “စေတီပုထိုးဝင်းထဲကို ကားနဲ့ ဝင်လာတဲ့အခါမော်တော် ယာဉ်ဝင်ကြေးတွေ သတ်မှတ်ကောက်ခံနေကြပါတယ်။ဆေးရုံဝင်းထဲ ဝင်ရင်လည်းအလားတူကောက်ခံကြပါတယ်။ လူနာနဲ့အရေးပေါ် လူနာကိုတင်လာတဲ့ကားဟာယာဉ်ဝင်ကြေးပေး ဖို့ တားနေတဲ့အတွက် စိတ်အနှောင့် အယှက် ဖြစ်ခဲ့ရတာတွေ ကြုံခဲ့ဖူးပါတယ်။ သာသနာရေးနဲ့ ပတ်သက်ရင်လည်း ထိုနည်းလည်းကောင်းပဲ ခုန ဂိတ်ဝင်ကြေး က အစ အကြွေလေး မပါလို့  ပါတာလေး ပေးတဲ့အခါ ကျန်တဲ့ တစ်ဝက်ကို အလှူခံပါတယ်ခင်ဗျာ ဆိုရင်တောင်မှ ကျွန်တော်တို့ က တင်ဒါပေးပြီးတော့ လုပ်ကိုင် စားသောက်နေရတာဗျ စသည်ဖြင့် မချေမငံ ပြောဆိုမှုတွေလည်း ကြုံခဲ့ရပါတယ်။
ဒါကြောင့် သူတို့က ဘုရားကို မှီပြီးလုပ်စားနေကြတာပါ။ ကျွန်တော်တို့ က ကြည်ညို သဒ္ဓါတရားနဲ့ ဘုရားဖူးလာကြတာပါ။ ဒီ ၀င်ကြေးလောက်တင် မကပါဘူး။ ဒီထက်မက ဘုရားပေါ်မှာ လှူကြတန်းကြတာပါ။ ဒါကြောင့်မို့လို့ တင်ဒါ စနစ် လုပ်ကိုင်တဲ့ သူကတောင်မှ အမြတ်ရလို့ လုပ်နိုင်ရင် အကယ်၍များ ဂေါပကအနေနဲ့ အလှူခံပုံး ထောင်ပြီးတော့ လုပ်နိုင်ရင် သဒ္ဓါတရား ပါတဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ သတ်မှတ်ချက် မပါဘဲနဲ့ သဒ္ဓါအလျောက်ထည့် သွားတာက ပိုပြီးတော့များရနိုင် မလားလို့  ကျွန်တော့်အနေနဲ့  သဒ္ဓါစိတ်ယိုဖိတ်ပြီး မေးမြန်းခြင်းပါ” ဟု မေးမြန်းသည်။
ထို့ အပြင် ဦးနန္ဒကျော်စွာက “အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို လာတဲ့အခါမှာ တင်ဒါစနစ်ထက် အလှူအတန်းလေးနဲ့ လုပ်ခဲ့ရင် ဘယ်လိုနေမလဲဆိုတာ သာသနာရေး ဝန်ကြီးဌာနရဲ့ သဘောထား သိလိုပါတယ်” ဟုလည်း ဖြည့်စွက်မေးမြန်းသည်။
သာသနာရေး ဒုတိယဝန်ကြီးကမူ “ဘုရားပုထိုးတွေမှာ ရေအိမ်သုံးစွဲမှုလုပ်ငန်းတွေ၊ အခမဲ့ ဝန်ဆောင်မှုပေးတာတွေဟာ သက်ဆိုင်ရာ ဂေါပကအဖွဲ့ တွေက လွတ်လပ်စွာ တင်ဒါခေါ်ယူပြီး ဆောင်ရွက်ကြတာပါ။ သူတို့ ရဲ့ဝန်ဆောင်မှုတွေဟာ အင်မတန် အားနည်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရှိပါတယ်။ ဒါနဲ့ စပ်လျဉ်းပြီး သာသနာရေး ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ဂေါပကအဖွဲ့ တွေကို တွန်းအားပေးပြီးဆောင်ရွက်သွားပါမယ်”ဟူ၍သာ ပြန်လည်ဖြေကြားသည်။
Credit - Mizzima News
No comments:
Post a Comment