Sunday, May 31, 2015

အခြေခံဥပဒေ ပြင်ဆင်ရေး အစိုးရမျက်ကွယ်ပြုမှု မြန်မာ့နိုင်ငံရေး အဓိကပြဿနာကို လျစ်လျူရှုခြင်းဖြစ်

 ရန်ကုန်၊ မေ ၂၇

ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အစိုးရက မျက်ကွယ်ပြု ဆောင်ရွက် ချက်များသည် အဓိကကျသော မြန်မာ့နိုင်ငံရေး ပြဿနာများကို လျစ်လျူရှု ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့၏ မေလ ၂၇ ရက်က ထုတ်ပြန်သော နိုင်ငံရေး ပူးတွဲကြေညာစာတမ်း၌ ဝေဖန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော် အရပ်ရပ်၌ ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသော်လည်း ယခုအချိန်အထိ အဆိုပါ ကော်မတီများ၏ လုပ်ဆောင်မှုများမှာ တိတိကျကျ ရုပ်လုံး ပေါ်လာမှု မရှိခြင်းနှင့် ၂၀၁၅ ခုနှစ် မေလလယ်တွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ကြေညာထားသော် လည်း လက်တွေ့ကျကျ
အကောင်အထည် ပေါ်လာခြင်းမရှိဘဲ ၎င်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်များမှာ ယနေ့အချိန်အထိ အရိပ်အယောင်မျှပင် မမြင်တွေ့ရသောကြောင့် ဝေဖန်ထားခြင်းဖြစ်သည်။

““လွှတ်တော်ပြင်ပဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တွန်းအားပေးရတဲ့ အင်အားစုပါ။ လက်တွေ့ အားဖြင့် ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ပြောင်းစေချင်ရင်တော့ လွှတ်တော်ထဲမှာပဲ ပြောင်း ရမယ်။ ပြောင်းဖို့အတွက် မလုံလောက်လို့ အပြင်ကနေ ကျွန်တော်တို့ ၀ိုင်းပြီးတော့ လုပ်ရတယ်။ လူထုကို လက်မှတ် ကောက်တယ်လို့ ကမ်ပိန်း အမျိုးမျိုးမှာ ပြည်သူရဲ့ သဘောထား ဆန္ဒအမှန်ဘာရှိသလဲဆိုတာ သိအောင်လုပ်ရတယ်။ ပြီးတော့ ပူးပေါင်း ဆောင်ရွက်မှု ပါလာအောင် ကျွန်တော်တို့ ပြရတယ်။ အဲဒီ ၂ ချက်အပြင်ကို လွှတ်တော်ထဲကို တွန်းအားပေးနိုင်အောင် ဆောင်ရွက်ရတယ်။ ဒီနေ့အထိ ပြင်ဆင်မှု ဆိုတာက နောက်ဆုံးပန်းတိုင် မရောက် သေးဘူး။ တစ်ဖက်က ကတိစကားတွေရလိုက်၊ လက်တွေ့ကျရင် ကြန့်ကြာလိုက် ဖြစ်နေ တယ်””ဟု မေလ ၂၇ ရက်က ယင်းပူးတွဲ နိုင်ငံရေး ကြေညာစာတမ်း ထုတ်ပြန်မှုနှင့် ဆက်စပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိကပုဒ်မ တစ်ခုဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုများ ၂၀၁၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့ပြီး ရရှိခဲ့သော လက်မှတ် ၅ သန်း နီးပါးအား လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ယခုအချိန်အထိ မထူးခြားခဲ့ပေ။

““ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်မယ် ဆိုတာကိုတော့ သဘောတူပြီးသားပေါ့။ ဒါပေမဲ့ပြင်မယ်လို့ ပြောပြီး တဲ့ နောက်ပိုင်းမှာ လုပ်တဲ့ အလုပ်ကျတော့ သိပ်ပြီးတော့ အားပါးတရ မရှိလှဘူးလေ။ အခုလည်း ၆ ပွင့်ဆိုင် လုပ်တာလည်းပဲ ထိုင်တာပြုတဲ့ ခုံတွေက အဝေးကြီးမှာ ထိုင်နေတာပဲ။ ပူးပေါင်းပြီးတော့ အေးအေး ဆေးဆေး ဆွေးနွေးကြတယ်ဆိုတဲ့ ပုံလည်း မဟုတ်ဘူးလေ။ အဲဒီတစ်ခါ တွေ့ပြီး တဲ့နောက် အခု ထပ်ထိလည်း တစ်ခါမှ မတွေ့ဘူးလေ””ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကသူရဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးတွဲ ကြေညာချက်တွင် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ် လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကို ရွေး ကောက်ပွဲ နည်းလမ်း အပါအ၀င် လွှတ်တော်တွင်း လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက် ကြိုးပမ်း သွားရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေးရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသား အင်အားစုများနှင့်အတူ တက်ကြွစွာ လက်တွဲဆောင်ရွက်ရန်တို့ ပါဝင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးတွဲထုတ်ပြန် ကြေညာချက်ကို အပြည့်အ၀ထောက်ခံ ကြိုဆိုကြောင်းနှင့် စာတမ်းပါ လုပ်ငန်းစဉ်များ ကို နိုင်ငံရေး အင်အားစုအားလုံးနှင့် အတူလက်တွဲ၍ မမှိတ်မသုန် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များ အဖွဲ့ကလည်း မေလ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment