Thursday, June 4, 2015

မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ စီမံကိန်း လုပ်ငန်းများတွင် အစီအစဉ်များ ချမှတ်ဆောင်ရွက်သင့် ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင်းရှိ မသန်စွမ်းသူများ ဖွံ့ဖြိုးရေးအတွက် အစိုးရ၏ စီမံကိန်းလုပ်ငန်းများတွင် အစီအစဉ်များ ချမှတ်ဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံမသန်စွမ်း အမျိုးသမီးများအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က မဇ္ဈိမကို ပြောသည်။

၎င်းက “မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အစိုးရနဲ့တကွ လူထုဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ၊ စီမံချက်တွေ အားလုံးမှာ မသန်စွမ်းတွေကို ပါဝင်ခွင့်ရအောင် ဘယ်လိုပုံစံမျိုးတွေနဲ့ ပါဝင်ခွင့် ပေးမလဲဆိုတာကို ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးများအသင်းနှင့် ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်တို့ ပူးပေါင်းကာ မေ ၃ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center တွင် Cross Sectionals of Disability and Development Towards Inclusive Society အမည်ရှိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ယင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိ အခြေအနေတွင် မသန်စွမ်းသူများသည် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးနေခြင်း၊ ပညာသင်ယူနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်းစသည့် အခက်အခဲများကို အဓိကကြုံတွေ့နေရပြီး ၎င်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်ပေးမှုတွင်လည်း လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် မသန်စွမ်းသူ အမျိုးသမီးများ၏ မျိုးဆက်ပွား ကျန်းမာရေး ကိစ္စများတွင် လိုအပ်ချက် ပိုမိုမြင့်မားသည်ဟု ဒေါ်ငယ်ငယ်အေးမောင်က ဆိုသည်။

ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါက်တာ ကေသီမြင့်သိန်းက “အစိုးရပိုင်းဆိုင်ရာနဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေအနေနဲ့ မသန်စွမ်းသူတွေအတွက် စီမံကိန်းအသစ်တွေ လုပ်ဖို့ လိုချင်မှ လိုမယ်၊ ရှိပြီးသား လုပ်ဆောင်နေတဲ့ ကျန်းမာရေး၊ ပညာရေးပရိုဂရမ်တွေထဲကမှ မသန်စွမ်းသူ တွေအတွက် ရာခိုင်နှုန်းအနည်းငယ် ဖြည့်စွက်သုံးစွဲလိုက်ရုံနဲ့ အလိုလို လုပ်ဆောင်ပေးပြီးသား ဖြစ်သွားမယ်” ဟု ဆိုသည်။

အစိုးရပိုင်းဆိုင်ရာက ကုမ္ပဏီများသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပရောဂျက်များ ချထားပေးပါက မသန်စွမ်း သူများကို အလုပ်အကိုင် အခွင့်အလမ်းပေးရန် အစီအစဉ်များ ချမှတ်ဖော်ဆောင်ပေးမှသာ မသန်စွမ်းသူများမှာ ၎င်းတို့၏ ကိုယ်တိုင်စွမ်းရည်နှင့် အားသာချက်များကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ပြီး လူတိုင်းပါဝင်နိုင်သော မျှတသည့် လူမှုအဖွဲ့အစည်း ဖြစ်လာနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

မသန်စွမ်းသူများထဲတွင်မှ ကျားမဖြစ်မှုအပေါ်၊ ရိုးရာ ဓလေ့ထုံးစံများအပေါ် အခြေခံကာ ခွဲခြားဆက်ဆံခံရမှုများတွင် အမျိုးသမီးများက ပိုမိုခံစားရသည်ဟုလည်း ၎င်းက ဆိုသည်။

ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရေးရိပ်မြုံ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးထာအုပ်က “အစိုးရတင် မကဘူး အင်န်ဂျီအို အိုင်အင်န်ဂျီအိုတွေလည်း ပါသင့်တယ်။ မသန်စွမ်းနဲ့ မဆိုင်တဲ့ ဝန်ကြီးဌာန၊ အဖွဲ့အစည်း ဆိုတာမရှိဘူး၊ အကုန်ပါဝင်ဆောင်ရွက်ရမယ်” ဟု ဆိုသည်။

ပညာရေးတွင်လည်း ကလေးငယ်တိုင်းကျောင်း အပ်နှံနိုင်ရေးသည် အစိုးရ၏ ရည်မှန်းချက်ဖြစ်သော်လည်း မသန်စွမ်း ကလေးများအတွက် ဆောင်ရွက်ပေးမှု နည်းပါး၍ ၅၃ ရာခိုင်နှုန်းသော မသန်စွမ်း ကလေးများ၏ နှစ်စဉ်ပညာသင်ယူခွင့် ဆုံးရှုံးရကြောင်း၊ မသန်စွမ်းသူများ ဖွံ့ဖြိုးရေးကို သေချာဆောင်ရွက် ပေးလိုပါက အစိုးရ အပါအ၀င် အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုများက လူမှုအဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ ပါဝင်ခွင့်ကို အများလက်ခံလာမှု အတိုင်းအတာ မြင့်မားအောင် လုပ်ဆောင်၍ မသန်စွမ်းသူများ၏ အခွင့် အရေးအတွက် ဥပဒေများ သေချာစွာ ချမှတ် ကာကွယ်ပေးသင့်သည်ဟု ၎င်းက ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment