ရန်ကုန်၊ ဇွန် ၎
လက်ရှိ ထုတ်ပြန်လျက်ရှိသည့် အခြေခံ မဲဆန္ဒရှင်စာရင်းများ ကွာဟမှုများနှင့် စပ်လျဉ်းသော အိတ်ဖွင့် ပေးစာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဇွန်လ ၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသို့ သွားရောက်ပေး ပို့ခဲ့ပြီး အပြုသဘော ဆောင်သော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဇွန်လ ၄ ရက် ရက်စွဲဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အခြေခံ မဲဆန္ဒရှင် စာရင်းများ မှန်ကန်တိကျစွာ စာရင်းရရှိရန် နိုင်ငံရေးပါတီများမှ မဲစာရင်းကူးယူရန် တင်ပြသည့်အခါ အချို့ကော်မရှင်ခွဲများက ညွှန်ကြားချက် မရှိသဖြင့် ကူးယူခွင့် မပေးခြင်း၊ အချို့ကော်မရှင်အဖွဲ့ခွဲများက ကူးယူခွင့်ပြုသော်လည်း ကင်မရာဖြင့်သာ ရိုက်ကူးခွင့်ပြုပြီး Scanner ဖြင့် ကူးယူခြင်းကို ကန့်ကွက်ခြင်း
စသည်ဖြင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အခြေခံ မဲဆန္ဒရှင်စာရင်း ကွာဟမှုကို ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပထမအဆင့် ထုတ်ပြန်ခဲ့သော ရန်ကုန်တိုင်း (၁၀)မြို့နယ်၏ အခြေခံ မဲဆန္ဒရှင်စာရင်းများကို လည်းကောင်း၊ ဒုတိယအဆင့် ထုတ်ပြန်ကြေညာခဲ့သော ရန်ကုန်တိုင်း (၁၄)မြို့နယ်နှင့် နေပြည်တော် (၈)မြို့နယ်တို့၏ အခြေခံမဲဆန္ဒရှင် စာရင်းတို့အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ စစ်ဆေးခဲ့ရာ မဲဆန္ဒရှင်များ၏ မွေးနေ့နှင့်မွေးလကို ၃၀ ရက် ၆ လဟု များစွာ ဖော်ပြထားခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းတွင် ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း ၀င်သူသာ ပါဝင်ရမည်ဟု ဆိုသော်လည်း ယာယီ အိမ်ထောင်စုဇယားတွင် ဖော်ပြပါရှိသည့် အမည်များကို ထည့်သွင်း ဖော်ပြထားခြင်း၊ အများပြည်သူ လာရောက် မကြည့်ရှုနိုင်သည့် အချိန်တွင်သာ ရုံးချိန်ဖွင့်လှစ်ခြင်း၊ အချို့သော ပြည်သူများသည် အခြားဒေသ များမှ တရားဝင်ပုံစံ(၁၀)ဖြင့် ပြောင်းရွှေ့ လာသော်လည်း နေအိမ်ပိုင်၊ အခန်းပိုင် မရှိ၍ အိမ်ထောင်စုဇယား မထုတ်ပေးခြင်း၊ ကျူးကျော်အဖြစ် သတ်မှတ်၍ အိမ်ထောင်စုဇယား မထုတ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် သော်လည်း အိမ်ထောင်စုဇယားတွင် မပါရှိ၍ အခြေခံ မဲဆန္ဒရှင်စာရင်းတွင် မထည့်သွင်းထားခြင်း စသည်ဖြင့် ယင်းအိတ်ဖွင့်ပေးစာတွင် အသေးစိတ် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်က ရန်ကုန်တိုင်း အတွင်းရှိ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များကို အကြောင်းကြား စာ ပေးပို့ခဲ့ပြီး အဆိုပါစာတွင် နိုင်ငံရေး ပါတီများအနေ ဖြင့် မြို့နယ် အသီးသီးတွင် ကြေညာထားသည့် အခြေခံမဲဆန္ဒရှင် စာရင်းများကို ကူးယူရန် ကြိုးစားလျက် ရှိသည်ကို တွေ့ရှိရကြောင်းဟု ဖော်ပြ ခဲ့ရာ နိုင်ငံရေးပါတီများ နောက်၌ (အထူးသဖြင့် NLD ပါတီ) ဟု ပါရှိပြီး ကြေညာ ထားသည့် အခြေခံမဲဆန္ဒရှင် စာရင်းများကို ဓာတ်ပုံရိုက်ခွင့် ပြုသော်လည်း၊ ဖြုတ်ယူခြင်း၊ ခွာယူခြင်းခွင့် မပြုရန်၊ မဲဆန္ဒရှင် စာရင်းများကို မိတ္တူကူးခွင့်မပြုဘဲ တာဝန်ရှိသူ အဆင့်ဆင့်က လုံခြုံစွာ သိမ်းဆည်းထားရန် ညွှန်ကြား ချက်ပါဝင်သည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment