Sunday, May 31, 2015

မန္တလေးတိုင်းအတွင်း မဲစာရင်းများကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု NLD ဆို

မန္တလေး၊ မေ ၃၀ ။       ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို  ဇွန်လအတွင်း ထုတ်ပြန် ကြေညာမည် ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာရင်းများကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မဲစီစစ်ရေးအဖွဲ့များက စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ မဲစာရင်း စီစစ်ရေး အဖွဲ့ခေါင်းဆောင် ဦးတင်ကိုကိုက ပြောသည်။

ဦးတင်ကိုကို က  "လုပ်တာကတော့ ပါတီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့တိုင်း အတွက်လုပ်မှာပါ။ ရွေးကောက်ပွဲ တစ်ခုမှာလွတ်လပ်ပြီး တရားမျှတဖို့က မဲဆန္ဒရှင် စာရင်းမှန်ကန်မှု မမှန်ကန်မှုပေါ်မှာ မူတည်တယ်။ မဲဆန္ဒရှင်စာရင်းမမှန်ကန်ဘဲ
လုပ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲက လွတ်လပ်ပြီးတော့မျှတမှုရှိတယ်ဆိုတာ မဖြစ်နိုင်တော့ဘူး "ဟု ပြောသည်။

ထိုသို့မဲစာရင်းစီစစ်ရေးအဖွဲ့ကို  NLD အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဖွဲ့စည်းခဲ့ပြီး မတ်လ မှစတင်၍ ရပ်ကွက်အဆင့်မှ ဗဟိုအဆင့်ထိဖွဲ့ထားပြီးဖြစ်သည်။ ထိုအဖွဲ့က အခြေခံမဲစာရင်း မမှန်မကန်မှုများ မပေါ်ပေါက် စေရန်နှင့် နည်းပါးစေရန်အတွက် စီစစ်စောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်သည်။

ဦးတင်ကိုကို က  "ကျွန်တော်တို့စီစစ်တွေ့ရှိချက်တွေကို အဆင့်ဆင့်ရွေးကောက်ပွဲကော်မရှင် တွေကိုတင်ပြမယ်။ အဆင့်ဆင့်  NLD မဲစာရင်းစီစစ်ရေး အဖွဲ့တွေကို လည်းတင်ပြမယ် "ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံမဲစာရင်းများကို ဇွန်လ ၈ ရက်တွင် မန္တလေးခရိုင် ၊ကျောက်ဆည်ခရိုင် ၊ပြင်ဦးလွင်ခရိုင် ၊မြင်းခြံခရိုင် တို့တွင်ကြေညာသွား မည် ဖြစ်ပြီး  ၂၂ ရက်တွင် မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်း ခရိုင်တို့တွင် ကြေငြာသွားမည်ဖြစ်သည်။ှ

လက်ရှိတွင် အခြေခံ မဲဆန္ဒရှင် စာရင်း ကြေညာထားသော မြို့နယ်များမှ ပထမအကြိမ် အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀ မြို့နယ် ကြေညာထားပြီး ဒုတိယ အကြိမ် အဖြစ် မေ ၂၅ ရက်မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော် ကောင်စီ နယ်မြေ ရှစ်မြို့နယ်တို့တွင် ကြေညာ ထားပြီး နှစ်ပတ် တိတိ စာရင်း ကပ်ထားပေးမည် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာထားသည်။


Credit - Mizzima News

No comments:

Post a Comment