ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ရွေးကောက်ပွဲ မဲပေးချိန်တွင် မဲရုံများရှိ ဝန်ထမ်းများတွင် မသန်စွမ်းသူများကိုပါ မဲရုံဝန်ထမ်း ခန့်အပ်ပေးရန် မသန်စွမ်းအဖွဲ့အစည်းများက ရွေးကောက်ပွဲ ကော်မရှင်သို့
တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ယုယသူက ပြောသည်။
မသန်စွမ်းအဖွဲ့များက ပြီးခဲ့သည့်အပတ်အတွင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် ထည့်သွင်း တောင်းဆိုထားခြင်းဖြစ်သည်။
ဒေါ်ယုယသူက “ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေလည်း ပါဝင်ခွင့်ရဖို့၊ ပြီးတော့ မဲထည့်တဲ့ မသန်စွမ်းသူတွေကို ပိုမိုအဆင်ပြေနိုင်စေဖို့အတွက် မသန်စွမ်းသူတွေထဲက အရည်အချင်းရှိ
သူတွေကို မဲရုံတွေမှာ ဝန်ထမ်းခန့်အပ်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုတာ
ဖြစ်ပါတယ်” ဟု ဆိုသည်။
ယင်းသို့ တောင်းဆိုချက်ကို ရွေးကောက်ပွဲကော်မရှင်က မူအားဖြင့် သဘောတူထားပြီး ဆက်လက် ဆွေးနွေးရန် အချက်များ ကျန်ရှိနေသေးသည်ဟု မြန်မာနိုင်ငံ မျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုမြင့် က မဇ္ဈိမကို ပြောသည်။
မသန်စွမ်းသူများမှာ အကြားအာရုံ၊ အမြင်အာရုံပိုင်းဆိုင်ရာ အားနည်းခြင်း၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်း စသည့် မတူညီသော မသန်စွမ်းမှုမျိုးစုံဖြင့် ရှိနေသဖြင့် သာမန်လူများထက် အသိပညာ ရရှိနိုင်မှု အားနည်းနေသေးသော အနေအထားတွင်သာ ရှိနေသေးသည်ဟုလည်း ၎င်းတို့က ဆိုသည်။
မြန်မာနိုင်ငံ အော်တီဇင်အသင်း ဥက္ကဋ္ဌ ဦးနေလင်းထွန်းက “မဲရုံတွေမှာ မသန်စွမ်းသူတွေကို အရင် ရွေးကောက်ပွဲတုန်းက ကြက်ခြေနီတွေက ကူညီပေးတာရှိတယ်။ ဒါပေမယ့် ဉာဏ်ရည်မသန်စွမ်းသူတွေ အနေနဲ့က ကိုယ်ပေးမယ့်မဲမှာ အမှတ်အသားလုပ်ဖို့ရာကျတော့ သူတို့ ယုံကြည်ရတဲ့သူ အနားမှာ လိုတယ်။ ပြီးတော့ မသန်စွမ်းသူတွေ ကိုယ်တိုင် မဲရုံတွေမှာ လုပ်ဆောင်ပေးနိုင်တာတွေ ရှိတယ်ဆိုတာကို တခြားမသန်စွမ်းသူတွေပါ တွေ့ရတော့ စိတ်ဓာတ်ခွန်အား ရစေပါတယ်” ဟု ဆိုသည်။
အထက်ပါ အခက်အခဲများအပြင် ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်းက မဲရုံများသည် အထပ်အမြင့်များသည့် စာသင်ကျောင်းစသောနေရာများတွင် ပြုလုပ်ထားခြင်း၊ မသန်စွမ်းသူများအတွက်
မဲရုံဝင်ထွက်လမ်း အဆင်မပြေခြင်းများ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မဲပေးရန် မဲတစ်ရုံ တည်းတွင်သာ ထားရှိ၍ အ၀င်အထွက် များပြားခြင်းသည် ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဘီးတပ်ကုလာထိုင် အသုံးပြုရသူများ မဲပေးရာတွင် ခက်ခဲခဲ့ပြီး အမြင်အာရုံ အားနည်းသူများအတွက် အဖော်တစ်ဦး ခေါ်ခွင့်မရသည့်အတွက် မဲစလစ်ကြည့်ရှုခြင်း၊ မဲပုံးအတွင်း မဲဝင်ရန်ထည့်သွင်းသည့်အခါ အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။
ဦးအောင်ကိုမြင့်က “မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်နိုင်စွမ်းကို ပြတဲ့အနေနဲ့ တန်းတူအခွင့်အရေးကိုရဖို့ တောင်းဆိုတဲ့အနေနဲ့ တောင်းဆိုခဲ့တာဖြစ်တယ်။ ဥပမာ-မျက်မမြင်စာနဲ့ မဲလက်မှတ်ကို လုပ်ပေးထားမယ်ဆိုရင် မျက်မမြင်တွေဆိုရင် ကိုယ်တိုင်လည်း အဆင်ပြေ နိုင်သလို မဲရုံဝန်ထမ်းအဖြစ် သန်စွမ်းသူများကိုတောင် ကူညီနိုင်မယ်။ သန်စွမ်းသူရော မသန်စွမ်းသူရော ရောယှက်ပါဝင်လို့ရတဲ့ လူမှုအဖွဲ့အစည်းကို ဦးတည်တောင်းဆိုတာဖြစ်တယ်” ဟု ဆိုသည်။
မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာရရှိမှု အဆင်ပြေနိုင်စေရေး အစိုးရပိုင်းက လုပ်ဆောင်ပေးရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က သုံးသပ်ထားသည်။
မသန်စွမ်းအဖွဲ့အစည်းများသည် အထက်ပါအချက်အပြင် မဲရုံနေရာ သတ်မှတ်ရာတွင် မသန်စွမ်း သူအများစု ရှိသောနေရာများကို မဲရုံအဖြစ်သတ်မှတ်၍ သာမန်လူများနှင့် မသန်စွမ်းသူများပါ လာရောက် မဲပေးနိုင်ရန် စီစဉ်ပေးရေး၊ မဲရုံတည်ဆောက်ရေး အကြံဉာဏ်ယူရာတွင် မသန်စွမ်းသူများကိုပါ ထည့်သွင်းရေး တောင်းဆိုခဲ့ကြောင်းလည်း ဒေါ်ယုယသူက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment