စစ်ဘက်ဆိုင်ရာအရာရှိ၊ အရာခံကြီးတွေကို စစ်ဘက်ကနေ အရပ်ဘက်ကို လူဝတ်လဲစေပြီး သူတို့ရဲ့ (Adminstrative Body) အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို တောင့်တင်း ခိုင်မာအောင် လိုသလို စီမံခန့်ခွဲလို့ရအောင် မိုးကျရွှေကိုယ်တွေနဲ့ အစားထိုးခဲ့ပြီးသားပါ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၅ ခုနှစ်ထဲမှာ အုပ်ချုပ်ရေးကဏ္ဍရဲ့ ထင်သာမြင်သာ အပြောင်းအလဲလေး ပြပါဆိုရင် လက်ညှိုး ထိုးပြ လောက်စရာက နိုင်ငံတကာက ရွေးကောက်ပွဲ ကျင်းပတဲ့ နိုင်ငံတွေမှာလို အတွင်းဝန်တွေ ခန့်ထားခဲ့တာပါ။ ဆိုတော့ အတွင်းဝန်တွေ ခန့်ထားတယ်ဆိုတာက နိုင်ငံတကာမှာ လုပ်နေကျ နည်းစနစ်ဆိုတော့ အထူးပြောစရာ မလိုဘူးပေါ့ဗျာ။ ဒီမိုကရေစီစနစ်ကို တကယ်သွားနေပြီပေါ့ဗျာ ..။ မြန်မာနိုင်ငံ ပြောင်းလဲနေပြီပေါ့။ အဲ … အဲ ဒီလိုသာ ထင်တဲ့သူ ရှိရင်တော့ဗျာ။ အဲဒါ သူငယ်နှပ်စားအတွေးလို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရလိမ့်မယ်။
ဘာလို့လဲဆိုတော့ကာ ဟုတ်မှ မဟုတ်ဘဲကိုး။ လုပ်ထုံးလုပ်နည်း စနစ်တွေသာ မှန်တယ်။ လုပ်နည်း လုပ်ဟန် က တလွဲကိုး။
ဒီတစ်ခါလည်း ယခင့်ယခင်တွေလိုပဲ ဟန်သာရှိ အဆန်မရှိတဲ့ လုပ်ရပ် ပြည်သူလူထုအတွက် အကျိုးရှိဖို့ မဟုတ်ဘဲ (သင်း)ဒင်း တို့ဆက်ပြီး လက်ဝါးကြီးအုပ်ဖို့ပဲလို့ ဆိုလောက်စရာတွေ ရှိလာလို့ပါပဲ။ အဲဒါကြောင့်ပဲ လူထုဒေါ်အမာက ဘယ်အာဏာရှင်မှ အရှင်မထွက်ဘူးလို့ ဆိုခဲ့တာကိုး။
နိုင်ငံတကာမှာ အထူးသဖြင့် ရွေးကောက်ပွဲရှိတဲ့ နိုင်ငံတွေ၊ အာဏာရှင်လက်ကိုင် မဟုတ်တဲ့ နိုင်ငံတွေမှာ အတွင်းဝန် (ဒါမှမဟုတ်) ဒုတိယ၀န်ကြီး ရာထူးအဆင့် ရာထူးတစ်မျိုးမျိုး ရှိပါတယ်။
အတွင်းဝန်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်က ၀န်ကြီးတစ်ဦးနီးပါးပဲ။ ၀န်ကြီးမရှိရင် သူက ၀န်ကြီး၊ သူက ၀န်ကြီးရုံးရဲ့ တာဝန်တွေကို အကုန်တာဝန်ခံရမှာပါ။ နောင်တက်လာတဲ့ ၀န်ကြီးကို လွှဲပေးနိုင်ဖို့အတွက် အားလုံး အဲဒီ ၀န်ကြီးဌာနနဲ့ ပတ်သက်သမျှ လုပ်ပိုင်ခွင့်၊ လုပ်နိုင်စွမ်း၊ လုပ်သင့်တာ အားလုံးကို အတွင်းဝန်က သိရတယ်။
ဒါမှသာ ရွေးကောက်ပွဲပြီးတိုင်း အစဉ်အဆက် ၀န်ကြီးတွေ အလွှဲအပြောင်းမှာ အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ပြီး ၀န်ကြီးတစ်ပါးက စခဲ့တဲ့ စီမံကိန်းဟာ နောက်ဝန်ကြီး လက်ထက်မှာ မပျက်သွားရအောင်၊ လစ်ဟာ မသွားရအောင် ထိန်းသိမ်းနိုင်မှာပါ။
အဲဒီတာဝန်ကို ယူရသူက အတွင်းဝန်တွေပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ပါလီမန် ဒီမိုကရေစီခေတ် (၁၉၆၂ခုနှစ် စစ်တပ် အာဏာမသိမ်းခင်) အထိ အစိုးရအဖွဲ့မှာ အတွင်းဝန်တွေ တန်ခိုးထွားခဲ့ပါတယ်။ သြဇာညောင်းခဲ့ပါတယ်။
ဆိုတော့ အတွင်းဝန်နေရာတွေမှာ ဘယ်လိုလူတွေ ခန့်လေ့ရှိသလဲဆိုရင် အတွင်းဝန်နေရာတွေဟာ အဲဒီ ၀န်ကြီးဌာနရဲ့ အကျွမ်းကျင်ဆုံး၊ အထက်မြက်ဆုံး၊ လုပ်သက်အကြာဆုံး၊ တာဝန်ယူမ အရှိဆုံး စတဲ့ အရည်အချင်းတွေထဲက တော်တော်များများ ကိုက်ညီသူတွေကို ခန့်ပါတယ်။
သူတို့ဟာ တကယ်တမ်းတော့ အမြဲတမ်းခန့် ၀န်ကြီးတွေပါပဲ။ ဆိုတော့ အမှန်တကယ် အရည်အချင်း ရှိသူ တွေကိုသာ ရွေးချယ်ခန့်ထားလေ့ ရှိပါတယ်။
ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားတွေ ၀န်ကြီးဖြစ်လာကြမယ်။ နိုင်ငံရေး သမားတွေဟာ သူတို့ပါတီရဲ့ မူဝါဒ၊ သူတို့ စွဲကိုင်ထားတဲ့ မူဝါဒတွေပေါ် မူတည်ပြီး အုပ်ချုပ်ရေး ယန္တရားတွေကို ကိုယ်တွယ် ထိန်းကျောင်း၊ ပြုပြင်ပြောင်းလဲလေ့ ရှိကြရာ ဒါကို အတွင်းဝန်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ကိုင်ရပါတယ်။
လုပ်လက်စ အလုပ်တွေက ဘယ်လိုရှိတယ်။ ရုတ်တရက်ပြောင်းလဲရင် ဘာတွေဖြစ်နိုင်ခြေ ရှိတယ် ဆိုတာမျိုးကအစ အတွင်းဝန်နဲ့ တိုင်ပင်ရတာမျိုးပါ။ ဒါမှလည်း အုပ်ချုပ်ရေး ယန္တရားက တည်ငြိမ်မယ်လေ။
ဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခန့်ထားတဲ့ အတွင်းဝန်ဆိုတဲ့ ရာထူးကိုကြည့်ရင် ကျွန်တော် အစောပိုင်းက ပြောသလို အရည်အချင်းတွေနဲ့ပဲလား။ ဘယ်လိုခန့်ထားသလဲဆိုတာ ပြန်ဆန်းစစ် ကြည့်ရင်တော့ . . . .
အရင်လိုပါပဲ။ စစ်အာဏာရှင် ခေတ်တုန်းကလို ယူနီဖောင်းချွတ် မိုးကျရွှေကိုယ်တွေက အများစုပါပဲ။
ဒါပေမဲ့လည်း နဂိုကတည်းက ဒီမိုးကျရွှေကိုယ်တွေက အုပ်ချုပ်ရေးယန္တရားရဲ့ ထိပ်ပိုင်း အဆင့်ဆင့်ဖြစ်တဲ့ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် စတဲ့ရာထူးတွေကို အပိုင်ကိုင်ထားပြီးသားပါ။ အခုပိုပြီး သေချာတဲ့ အာဏာရှိတဲ့ နေရာကို မူအရ ထပ်ပြီး ထိန်းချုပ်လိုက်တဲ့ သဘောပါပဲ။
ဥပမာ- ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်ကိုကြည့်ရင် ဦးတင့်ဆွေဆိုတာ စာပေစိစစ်ရေးလို့ခေါ်တဲ့ စာပေကင်ပေတိုင်က စာပေလွတ်လပ်ခွင့်ကို လုံးဝထိန်းချုပ်ထားတဲ့ ကာလတစ်လျှောက်လုံးမှာ စာပေစိစစ်ရေး ဌာနရဲ့အကြီးဆုံးတာဝန်ကို ယူထားခဲ့သူပါပဲ။
စကားလုံးတစ်လုံးက အစ၊ အကျအပေါက်၊ ၀န်ကြီးတွေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်း၊ သတင်းတစ်ခုမကျန် စိစစ်တည်းဖြတ်၊ ဖြတ်တောက်ရာမှာ အစွမ်းထက်ခဲ့သူ ပုဂ္ဂိုလ်ကြီးတစ်ဦးပါ။
နောက်ကြောင်း ပြန်လှည့်နေတာမဟုတ်ပါဘူး။ သမိုင်းကြောင်းကို ပြန်ပြောနေတာပါ။ သူရေးခဲ့တာ သူ့သမိုင်း ပါပဲ။
ကျန်တဲ့ အတွင်းဝန်တွေမှာရော ဒီလိုသမိုင်းတွေနဲ့ လူတွေ ဘယ်သူတွေ ပါသေးသလဲ။
ဒီလိုတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ ကြိုတင်တွက်ဆတဲ့ လွှတ်တော် ကိုယ်စားလှယ် အချို့က ပြည်ထောင်စု လွှတ်တော်မှာ အတွင်းဝန်ခန့်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့အဆိုတွေတင်ပြီး ကန့်ကွက် ခဲ့ကြပါတယ်။
ဒေါက်တာမြတ်ဉာဏစိုးဟာ ဒီအရေးတွေမြင်လို့ အတွင်းဝန်ရာထူး ခန့်ထားရေးကို အရေးကြီးအဆို တင်ပြီး ကန့်ကွက်ခဲ့တာပါပဲ။
ဒါပေမဲ့ အစိုးရကတော့ သူ့လုပ်ပိုင်ခွင့်ရတုန်းမှာ ဇွတ်လုပ်သွားခဲ့ပါတယ်။
လက်ရှိအစိုးရဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်သလား။ ၂၀၁၅ နောက်ပိုင်း မသေချာတဲ့ အနာဂတ်အတွက် ကြိုတင်ရည်ရွယ် ကြံဆထားသလား ဆိုတာတော့ ဆန်းစစ်လေ့လာ ရတော့မှာ ဖြစ်ပါတယ်။
နောက်တက်လာမယ့် အစိုးရဟာ သူတို့ကိုယ်တိုင် မဟုတ်ခဲ့ရင် ဒီအတွင်းဝန်တွေက နောက်တက်မယ့် အစိုးရကို စေတနာရှေ့ထားပြီး ကူညီပါ့မလားဆိုတဲ့ စိုးရိမ်မှုထက် အာဏာကို အလွဲသုံးစားလုပ်ပြီး လုပ်ပိုင်ခွင့် တွေကို ဆက်လက် ထိန်းချုပ်ထားမလားဆိုတဲ့ စိုးရိမ်ချက်က ပိုကြီးပါတယ်။
ဒါပေမဲ့ အဲဒီပြုပြင်ပြောင်းလဲမှုကို ကန့်ကွက်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ စိုးရိမ်ချက်တွေသာ ရှိခဲ့လို့ လွှတ်တော်မှာ အတွင်းဝန်တွေ ခန့်ထားရေး အတည်ဖြစ်သွားခဲ့ပါတယ်။
စစ်အာဏာရှင်ကနေ ယူနီဖောင်းချွတ်ခဲ့တဲ့ အစိုးရဟာ ကိုယ်တိုင် ယူနီဖောင်း မချွတ်ခင်ကတည်းက ကြိုတင်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိအရာခံကြီးတွေကို စစ်ဘက်ကနေ အရပ်ဘက်ကို လူဝတ်လဲ စေပြီးသူတို့ရဲ့ (Adminstrative Body) အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို တောင့်တင်း ခိုင်မာအောင် လိုသလို စီမံခန့်ခွဲလို့ရအောင် မိုးကျရွှေ ကိုယ်တွေနဲ့ အစားထိုးခဲ့ပြီးသားပါ။
စစ်ဘက်ဆိုင်ရာ အရာရှိပေါင်း များစွာဟာ မိုးကျရွှေကိုယ် အဖြစ်နဲ့ သူတို့နဲ့လားလားမှ မဆိုင်တဲ့ ဘာသာရပ်တွေ ဖြစ်တဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး ၀န်ကြီးဌာနလို ဌာနတွေမှာတောင် ညွှန်ကြားရေးမှူးတွေ၊ ညွှန်ကြား ရေးမှူးချုပ်တွေအဖြစ် ရှိခဲ့တာပါပဲ။
အဲဒါကြောင့်ပဲ တတ်သိပညာရှင်တွေဟာ တစ်စတစ်စ ဘေးရောက်ပြီး မိုးကျရွှေကိုယ်၊ အမိန့်တော်ခံတွေက အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးကို လည်ပတ်ခဲ့တာပါ။
ဆိုတော့ ခုလို အတွင်းဝန်တွေအဖြစ် ထပ်အဆင့်မြှင့်တာကတော့ သိပ်လည်း အံ့သြစရာမရှိပါဘူး။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပင်လျှင် စစ်ဘက်ဆိုင်ရာ အရာရှိကြီးဖြစ်ကြောင်း တပ်မတော်နေ့ အခမ်းအနားမှာ စစ်ဝတ်စုံနဲ့တကွ ကြွရောက်ချီးမြှင့်ခဲ့တာ အများသိလည်း ဖြစ်ခဲ့ပြီပဲ။
လက်ရှိအတွင်းဝန် ခန့်ထားမှုမှာလည်း စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းကြီးတွေက နေရာယူထားဆဲဖြစ်ရာ စစ်အာဏာရှင် အုပ်ချုပ်ရေးကြီး မပြီးဆုံးတော့ပြီလားလို့ မေးခွန်းထုတ်ရမလား။ စစ်ဘက်ဆိုင်ရာ အရာရှိကြီး တွေလောက် တတ်သိပညာရှင်တွေ မရှိတော့ပြီလားလို့ မေးခွန်းထုတ်ရတော့မလိုပင်။
နောက်ဆုံး ထောက်ပြစရာ တစ်ခုကတော့ အစိုးရအဖွဲ့မှာ ဘာအတွက် အသုံးလိုမှန်းမသိဘဲ ၅၇ နေရာတောင် ခန့်ထားတဲ့ ဒုဝန်ကြီးတွေပါ။
အမြဲတမ်းအတွင်းဝန်နဲ့ ဒုဝန်ကြီးဆိုတာ တကယ်တမ်းတော့ နာမည်သာ ကွာတာပါ။ လုပ်ပိုင်ခွင့်၊ လုပ်နိုင်စွမ်းတွေက တာဝန်သာပေးခဲ့မယ်ဆိုရင် တန်းတူရည်တူ ပေးလို့ရပါတယ်။
နိုင်ငံရဲ့ ဘတ်ဂျက်တွေက ဘယ်လောက်များ ပိုလျှံနေလို့ပါလဲ။ နှစ်စဉ် ဘတ်ဂျက်လိုငွေ သောက်သောက်လဲ ပြနေတဲ့ အခြေအနေမှာ ဒီမလိုအပ်တဲ့ ရာထူးတူနေရာတွေ ပေါပေါများများ ဖြစ်နေတာ နိုင်ငံအတွက်လည်း ဘဏ္ဍာငွေဖြုန်းတီးရာ ကျနေပါတယ်။
ဆောင်းပါးကို အဆုံးသတ်ရရင်တော့ လက်ရှိအစိုးရရဲ့ အတွင်းဝန်ခန့်ထားရေး မဟာဗျူဟာဟာ နဂို ညွှန်ကြားရေးမှူးချုပ်တွေကို ထပ်ဆောင်း လစာပေးပြီး တာဝန်နှစ်ရပ် ထမ်းဆောင်ခိုင်းတာ ဖြစ်တဲ့အတွက် ငွေကုန်ကြေးကျ သိပ်မများဘူးလို့တော့ ပြောလို့ရပါတယ်။
ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းတွေကို ထိုင်ခုံ ဆက်ပေးထားတာဟာ အာဏာသက်တမ်းကို ရသလောက် ဆွဲဆန့်ထားသလိုပါပဲ။
၂၀၁၅ ရွေးကောက်ပွဲကို ကျော်ဖြတ်ပြီး အစိုးရအဖြစ် ဘယ်သူ တက်ခွင့်ရမယ်ဆိုတာ မရေရာတဲ့အပြင် သူတို့ကိုယ်တိုင် ရာနှုန်းပြည့် အနိုင်ရမယ်လို့ မသေချာ မရေရာတဲ့အတွက် နောက်တက်လာမယ့် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပင်မလုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်လိုက်တယ်လို့ပဲ ပြောရမှာပါပဲ။
သေချာတာကတော့ စစ်ယူနီဖောင်းချွတ်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အာဏာဆက်လက် တည်တံ့ရေး၊ ၎င်းတို့နောင်ရေး စိတ်အေးရရေးအတွက် အခြေခံဥပဒေ တစ်ခုတည်းကို ယုံကြည်ကိုးစားပြီး ခံစစ်ထားထားတာ မဟုတ်ပါဘူး။
အခြေခံဥပဒေ၊ လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်း၊ အုပ်ချုပ်ရေး ယန္တရားက မိုးကျရွှေကိုယ်တွေ စသည်စသည်နဲ့ ခံစစ်စည်းပေါင်း မြောက်မြားစွာနဲ့ အာဏာ လက်မလွတ်တမ်း ကိုင်ထားနိုင်ဖို့ အကွက်စေ့စေ့ ပြင်ဆင်ထားတာ တွေ့ရပါတော့တယ်။
၂၀၁၅ အတွက် အဆိုးဆုံး အနေအထားအထိ တွက်ချက်ပြင်ဆင် ထားပုံကတော့ သြချရလောက်ပါရဲ့။
ဒါပေမဲ့ ပြည်သူတွေကလည်း မညံ့တော့ပါဘူး။ အစိုးရ ဘာလုပ်လုပ် ရုပ်သေးရုပ်လို ပြောသမျှယုံ၊ ကြိုးဆွဲသမျှ ကမယ့် ပြည်သူတွေ မဟုတ်တော့ဘူးဆိုတာ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လူ ၅ သန်း တစ်ခဲနက် လက်မှတ် ထိုးခဲ့တာတွေက သက်သေပြပြီးပါပြီ။
၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပြည်သူတွေ မညံ့ကြောင်း၊ သူတို့ရဲ့အစိုးရကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်စွမ်း ရှိကြောင်း၊ ဒီမိုကရေစီနဲ့ ဘယ်လောက် ထိုက်တန်ကြောင်းတွေကို သက်သေပြပါလိမ့်ဦးမယ်။
မိုးကျရွှေကိုယ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင် အရေခွံချွတ်အစိုးရရဲ့ နောက်ဆုံးခံစစ်စည်း တစ်ကြောင်း ဖြစ်ကောင်း ဖြစ်လာမှာကတော့ သေချာသလောက်ကို ရှိပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment