ပုသိမ် ၊ မေ ၂၆
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန်အတွက် သပိတ်မှောက် တောင်းဆိုခဲ့ကြသူများအား အရေးမယူဟု ကနဦး သဘောတူညီချက် ရှိထားသော်လည်း ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ပုသိမ်နည်းပညာ တက္ကသိုလ်မှ ဆရာဦးဝေယံအောင်အား မေလ (၂၂)ရက်တွင် ပုသိမ်မြို့နယ် တရားရုံးက ငြိမ်းစုစီ ပုဒ်မ(၁၈)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)လ ချမှတ်လိုက်သည်။
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အာဏာပိုင်တို့အကြား ညှိနှိုင်းမရဘဲ အခြေအနေ တင်းမာနေချိန် မတ်လ(၅)ရက်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ရှုခင်းသာ View Point နေရာ၌ ဒီမိုကရေစီပညာရေး၊ ဧရာဝတီ ကျောင်းသား သပိတ် (ပုသိမ်ဒေသ)မှ ဆရာဦးဝေယံအောင် ဦးဆောင်၍ ကျောင်းသား (၂၅)ဦးသည် “ကျောင်းသားထုကို လုံးဝအကြမ်းမဖက်ရ”၊ “အကြမ်းဖက်မှုကို
လုံးဝအလိုမရှိ”၊ “၄ ပွင့်ဆိုင် သဘောတူညီချက် လေးစားလိုက် နာပါ”၊ “ညှိနှိုင်းဆွေးနွေးမှုဖြင့် အဖြေရှာပါ”၊ “ဒီမိုကရေစီယဉ်ကျေးမှုကို လေးစားပါ” စသော စာတမ်းများ ကိုင်ဆောင်၍ ထိုင်သပိတ် ပြုလုပ်ခဲ့သည်ကို ပုသိမ်မြို့နယ်၊ ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ(၁၈)အရ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုကို ပုသိမ်မြို့နယ်၊ တရားရုံးမှ ရုံးချိန်း(၉)ကြိမ် လက်ခံကြားနာ စစ်ဆေးခဲ့ပြီး ဦးဆောင်သူ ဆရာဦးဝေယံအောင်အား မေလ (၂၂)ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
““ဒီလိုကျောင်းသားတွေကို အကြမ်းဖက် ဖမ်းဆီးတရားစွဲ ထောင်ချတာ ကတော့ အစိုးရအနေနဲ့ ကတိမတည် တာပဲ၊ ကတိမတည်တဲ့ အစိုးရပေါ့လေ။ ဒါကို ဖော်ထုတ်လိုက် နိုင်တဲ့အတွက် ကျွန်တော်တို့နိုင်တယ်၊ ကျွန်တော် တို့ကတော့ ရည်မှန်းချက် ရောက်ရှိအောင် ဆက်ပြီးတိုက်ပွဲ ၀င်သွားမှာပါ””ဟု ဆရာဦးဝေယံအောင်က ပြောသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဝင်းခန်းမ၌ ပြုလုပ်သော အစိုးရ ကိုယ်စားလှယ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ National Network for Education Reform (NNER) ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စား လှယ်များ၏ အကြိုဆွေးနွေး သဘောတူညီမှုများတွင် ဒီမိုကရေစီ ပညာရေး သပိတ်တွင် ပါဝင်သူ မည်သူ့ကိုမျှ သပိတ်နှင့် ပတ်သက်၍ အရေးယူခြင်းမပြုရ၊ ကိစ္စနှင့် ပတ်သက်၍ ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူ ကျောင်းသားကျောင်း သူများနှင့် အားပေးထောက်ခံ ကူညီသူများကို သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရဟု ပါဝင်ခဲ့ပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကိုယ်တိုင် လက်မှတ်ရေးထိုး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဧရာဝတီ သပိတ်စစ်ကြောင်း ပန်းတနော်မြို့သို့ ရောက်ရှိစဉ် ဖေဖော် ၀ါရီလ(၅)ရက်နေ့ တွင်လည်း ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးသိန်းအောင်က သပိတ်စစ်ကြောင်း အနေဖြင့် ရန်ကုန်တိုင်းတွင်း မ၀င်ဘဲ ဧရာဝတီတိုင်းအတွင်း လှည့်လည် သွားလာပါက မှဲ့တစ်ပေါက် မစွန်းစေရန် တာဝန်ယူပါသည်ဟု ပြောဆိုမှု များလည်း ရှိခဲ့သည်။
အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ““၄ ပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ယုံကြည်မှု၊ ကတိတည်ကြည်မှု၊ လျော့ရဲ အားနည်းချက်ကြောင့် ခုလိုဖြစ်လာရတယ်လို့ ယူဆပါတယ်””ဟု ဦးဝေယံအောင်၏ အကျိုးဆောင်ရှေ့နေ ဦးဇော်ဝင်းအောင်က ပြောသည်။
““ကျွန်တော်တို့ တရားစီရင်ရေး အပိုင်းကတော့ နှစ်ဖက်စစ်ဆေး ပေါ်ပေါက် ချက်တွေအရ အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ငြိမ်းစုစီပုဒ်မ ဥပဒေပုဒ်မ(၁၈)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)လ ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်၊ ကျွန်တော်တို့ တရားရုံးတွေ လိုက်နာရမှာကတော့ နိုင်ငံသားတိုင်း တန်းတူညီမျှရှိမှုပါ၊ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတစ်ရပ်ကိုပဲ လိုက်နာ ဆုံးဖြတ်လိုက်ရမှာ၊ ဒီလိုမဟုတ်ရင် တစ်နိုင်ငံလုံး ထိန်းမရ၊ သိမ်းမရ ဖြစ်သွား မှာပေါ့၊ ဒီအမှုမှာ ဆရာဦးဝေယံအောင်ဟာ ပညာတတ်စံပြ တစ်ယောက်က ဥပဒေကို မလိုက်နာဘဲ ပျက်ကွက်ခဲ့တဲ့ အတွက် သူ့နောက်က ကလေးတွေ တလွဲတွေး၊ တလွဲခံယူချက်တွေ ရှိလာမှာကို ကာကွယ်တဲ့ အနေနဲ့ တရားစီရင်ရေးဆိုင်ရာ မူဘောင်တွေနဲ့ သူ့ကိုနစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ဒီပြစ်ဒဏ်ကို ချမှတ်လိုက်ရတာပါ။ ဒီလိုပြစ်ဒဏ်ပေး ဖို့ကိုရော၊ ပြစ်ဒဏ်မပေးဖို့ကိုရော၊ အစိုးရပိုင်းကနေ တစ်စုံတစ်ရာ ဖိအားပေး ပြောဆိုတာ၊ ညှိနှိုင်းတောင်းဆိုတာမျိုး မရှိခဲ့ပါဘူး”” ဟု အမိန့်ချမှတ်ခဲ့သူ တရားသူကြီး ဦးမြင့်စိန်က ပြောသည်။
ဆရာဦးဝေယံအောင်အနေဖြင့် ယခုထောင်ဒဏ် ကျခံရမှုအတွက် အထက်ရုံးသို့ အယူခံဝင်မည် မဟုတ်ဘဲ လတ်တလောတွင် ဆရာဦးဝေယံအောင်နှင့်အတူ ဧရာဝတီ သပိတ်စစ်ကြောင်းတွင် ပါဝင်သူ ကိုအောင်ခန့်ဇော် တို့ ၂ ဦးအား မအူပင်မြို့နယ်၌ ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ထားပြီး စစ်ကြောင်းဖြတ်သန်းရာ မြို့နယ်များကလည်း အမှုဖွင့်ထားမှုများ ရှိနေသော်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးကမူ ယင်းတရားစွဲဆိုမှုများကို အတည်ပြုပေးခဲ့ခြင်း မရှိပေ။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment