Tuesday, June 2, 2015

သပိတ်မှောက်ကျောင်းသားများနှင့်အတူ ဖမ်းဆီးခံရသည့် ၀န်းရံပြည်သူတစ်ဦး အရေးပေါ်ဆေးရုံတင်ရ

ရန်ကုန် (မဇ္ဈိမ) ။ ။ သပိတ်မှောက် ကျောင်းသားပြည်သူများနှင့်အတူ ဖမ်းဆီးခံရသည့် ၀န်းရံပြည်သူ ဦးတင်ဝင်းကို ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့လိုက်ရကြောင်း ဖမ်းဆီးခံကျောင်းသားများ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဇွန်လ ၂ရက်က သာယာဝတီခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ် ဦးတင်ဝင်းမှာ သွေးတိုးပြီး အသက်ရှုကျပ်လာ၍ ဆေးရုံတင်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ရုံးထုတ်စဉ် အသက်ရှူကြပ်လာ၍ နေ့လည် ၁၂နာရီခန့်က သာယာဝတီဆေးရုံသို့ တင်လိုက်ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ရခြင်း ဖြစ်သည်။

"သွေးတွေတအားတိုးပြီး အသက်ပါရှုမရ၊ အသက်ရှုကြပ်လို့ သာယာဝတီခရိုင်ဆေးရုံကိုပို့တာ ခရိုင်ဆေးရုံက အဆင်မပြေလို့ ရန်ကုန်ဆေးရုံကြီးကို ထွက်သွားပါပြီ။ အသက်ရှုမရလို့
 အောက်ဆီဂျင် တောက်လျှောက်သွင်းထားရပါတယ်" ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူစုစုပေါင်း အယောက် ၁၀၀ကျော်မှာ မတ်လ ၁၀ရက်က လက်ပံတန်းတွင် လုံခြုံရေးရဲများ၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment