Tuesday, June 2, 2015

အပစ်ရပ်စာချုပ် ချုပ်ဆိုရေး နှောင့်နှေးနေပါက ကုလအကူအညီဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလအထူးကိုယ်စားလှယ်ပြော

Pre dis2 copy
လော်ခီးလာညီလာခံပထမနေ့ မစမီ သတင်းထောက်များအမေး ဖြေကြားနေသည့် ကုလအထူးကိုယ်စားလှယ် ဘီဂျေနမ်ဗီးယား။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))
ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး လုပ်ဆောင်ရန်နှင့် နှောင့်နှေးနေပါက ကုလသမဂ္ဂ အကူအညီများ ဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
ဘီဂျေးနမ်ဗီးယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ပထမနေ့ ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

ဇွန်လ ၂ ရက် နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ ညီလာခံကို စတင်ကျင်းပခဲ့ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးဖြစ်မြောက်အောင် လုပ်ဆောင်ပေးစေချင်တယ်ပေါ့နော်။ အဲဒါမှ နောက်ထပ် အသစ်တက်လာမယ့် အစိုးရနဲ့ အတူတကွ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်ပြေတယ်ပေါ့။ ပြီးတော့ အကယ်၍ နောင့်နှေးနေမယ်ဆိုရင် ယူအန်အနေနဲ့ နောက်အကူအညီပေးဖို့အတွက် စဉ်းစားရလိမ့်မယ်လို့ ပြောတယ်”ဟု ညီလာခံတွင် သတင်းယူနေသော မဇ္ဈိမသတင်းဌာန၏ ဓါတ်ပုံအယ်ဒီတာ နိုင်ဟောင်ဆာက ပြောသည်။ 

အလားတူ တရုတ်နိုင်ငံ အာရှရေးရာ သံသမန်ကလည်း တိုက်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ရန် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိရေး၊ တရုတ်-မြန်မာ ချစ်ကြည်ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုကြောင်း တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang က မီဒီယာများကို ပြောကြားခဲ့သည်။

Chinese copy
တရုတ်နိုင်ငံမှ အာရှရေးရာ သံတမန် Mr. Sun Guoxiang လော်ခီးလာညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))
ထို့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် အချိန်ရောက်ရှိနေပြီဖြစ်၍ အကောင်းဆုံး ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်အစိုးရက ကူညီမည်ဟု Mr. Sun Guoxiang က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ 

“မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျွန်တော်တို့ အမြဲတမ်းဂရုစိုက်နေပါတယ်။ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ ကူညီပေးပါ့မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၁၁၄) ဦး တက်ရောက် ဆွေးနွေးနေပြီး  လေ့လာသူအဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်နေသည်။ 

ညီလာခံ သတင်းယူရန် ရောက်ရှိနေသည့် ပြည်တွင်းသတင်းထောက် ၂၀ကျော်ရှိပြီး မီဒီယာအား လုံခြုံရေး တင်းကြပ်ထားသလို ညီလာခံဖွင့်ပွဲ သတင်းဓာတ်ပုံရိုက်ပြီးနောက် အစည်းအဝေး နှင့် လေးမိုင်အကွာရှိ နေရာသို့ ပြန်လည်ပို့ဆောင်ပေးထားသဖြင့် သတင်းယူရာ၌ အခက်အခဲများ ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးရက်တွင် သတင်းထောက် တစ်ဦးက အစည်းအဝေး အခန်းအတွင်းမှ စာရွက်စာတမ်းများ ကောက်ယူသွားသဖြင့် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို မေလ ၂ ရက်မှ ၆ ရက်ထိ ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ပြန်လည် သုံးသပ်ကြမည် ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment