Sunday, May 31, 2015

NLD နှင့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့တို့ ကြေညာချက်ထုတ်နိုင်ငံရေး လုပ်နေခြင်းမဟုတ်ဟု ဦးမင်းကိုနိုင်ပြော

ရန်ကုန်၊ မေ ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှာ ကြေညာချက်ထုတ်နိုင်ငံရေး လုပ်ဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံအတွက် ထိရောက်စွာ လုပ်ကိုင်နေ ကြောင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခြင်းမှာ ယင်းလုပ်ငန်းစဉ်များထဲမှ တစ်ခုသာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က မေလ ၂၇ က ပြုလုပ်သည့် NLD နှင့် ၈၈ မျိုးဆက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေး ပူးတွဲကြေညာစာတမ်း ထုတ်ပြန်ခြင်းကို ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့ရာ သတင်း ထောက်များ၏ မေးမြန်းမှုနှင့် ဆက်စပ်၍ ဦးမင်းကိုနိုင်က ယခုကဲ့သို့ ဖြေကြားပြောဆို လိုက်ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ပူးတွဲကြေညာ စာတမ်းထုတ်ပြန်ခြင်းနှင့် ဆက်စပ်၍ ““ဦးသိန်းစိန်အစိုးရ လက်ထက်က စပြီးတော့ NLD ကော၊ ၈၈ ကော ကြေညာချက်နိုင်ငံရေး လုပ်တာ ကြာခဲ့ပါပြီ။ တကယ့်တကယ်ကျတော့လည်း ၅ နှစ်သာ ပြည့်ပေမယ့် လည်း ဖြစ်ပေါ်လာတဲ့ ကိုယ်လိုချင်တဲ့ ရလဒ်အနေအထားက ဘာမှမရှိသေးပါဘူး။ အဲဒီအတွက်ကို ကြေညာချက်ထုတ်တဲ့ နိုင်ငံရေး ထက်စာရင် အခုလက်ရှိမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက်ကို အခြေခံ လိုအပ်ချက်၊ ခုနက အဘဦးဝင်းထိန် ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ မဲစာရင်းတွေ ကွာနေတာတွေ၊ ဒါတွေကအောက်ခြေမှာ ဘယ်လို ဆက်လုပ်သွားဖို့ရှိသလဲ၊ အဲဒါလေး တစ်ချက်လောက် သိချင်တာပါ””ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေးမြန်းမှုနှင့် ပတ်သက်၍ ““အုပ်ချုပ်ရေးအာဏာ ကျွန်တော်တို့ဆီမှာမရှိဘူး။ ဥပဒေပြုအာဏာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အင်အားက သိပ်နည်းပါတယ်။ အခုအချိန်မှာ။ တရားစီရင်ရေး အာဏာဝေလာဝေး။ ကျွန်တော်တို့မှာ အာဏာ လက်မဲ့ဘ၀နဲ့သာ။ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ဟာ ပြည်သူလူထုနဲ့ အတူတူ ဒီမတရားမှုတွေကို တွန်းလှန်ဖို့၊ ကျွန်တော်တို့ ဘာကိုပြိုင်ရသလဲ ဆိုတော့ ၀ါဒဖြန့်ချိရေးပေါ့။ အာဏာရှင် စနစ်သာ ကောင်းတယ် ဆိုတာကို ပုံစံအမျိုးမျိုးနဲ့ ၀ါဒဖြန့်ချိတာကို ခုခံရတယ်။ ပြည်သူ လူထုသာလျှင် အရှင်သခင်ဆိုတဲ့ဝါဒကို ပြန်ပြီးထူထောင် ရတယ်။ အဲဒီဟာတွေ အားလုံးက ကျွန်တော်တို့ လုပ်နေတဲ့အလုပ်။ ဒီလို ကြေညာချက် ထုတ်တယ်ဆိုတာက အလုပ်ပေါင်း များစွာထဲက တစ်ခုပဲဖြစ်တယ်။ ဒီလိုကြေညာချက် မထုတ်ရင် ဘာကိုဘယ်လိုနည်းနဲ့ အသိပေးမလဲ။ ကြေညာချက်နဲ့ပဲ အသိပေးလို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်မှာ ရှိနေတဲ့ အင်အားကြီးတဲ့ အဖွဲ့အစည်း ၂ ခုက ပူးတွဲပြီးတော့ ကြေညာတာ ဖြစ်တဲ့အတွက် ကြေညာချက်က ထုတ်ကို ထုတ်ရမှာပဲ။ အဲဒါထုတ်ပြီးတော့ ဘာအလုပ်မှ မလုပ်ဘဲနဲ့ ပျောက်သွား ရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ အမြဲတမ်း လုပ်နေကြရတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ မီဒီယာမှာ မပါပါအောင် ဖန်တီးယူတာမျိုးတော့ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေမှာ ကျွန်တော်တို့တွေက ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်တာဝန်နဲ့ကိုယ် ထမ်းနေကြတော့ မီဒီယာမှာ တင်ချင်တာမျိုး၊ ကိုယ့်ကိုယ်ကို၊ Selfie ရိုက်ပြီးတင်တာမျိုးတော့ ဖြစ်ချင်မှဖြစ်မယ်။ နေ့တိုင်း Selfie ရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်နေရင်တော့ ထမင်းစားတာက အစ တွေ့နေရတော့ သူ့မှာ အလုပ်အများကြီးလို့ ယူဆရင်ရတာပေါ့။ အစွပ်စွဲခံရတဲ့ အတွက်ကြောင့် ကျွန်တော် ပြန်ပြီးတော့ ပြောပါတယ်။ သတင်းထုတ်ပြန်တယ်ဆိုတာ လိုအပ်ချက်တစ်ခုပါ။ ပွင့်လင်းခွင့်ရအောင်၊ မီဒီယာတွေ အခုလို စွပ်စွဲခွင့်ရအောင် ရှေးရှေးကလည်း အများကြီး ပေးဆပ်ခဲ့ကြပါတယ်။ ဆက်ပြီးတော့ ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြန်ပြီးတော့ ရှင်းလင်းခွင့် ရှိတယ်လို့ ယူဆလို့ ရှင်းလင်းတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်အောင် သွားမယ်။ တိုင်းရင်းသားတွေနဲ့လည်း ဆက်ပြီးတော့ ဆွေးနွေးပြီး ဘုံလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ ရှိပါတယ်”” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ၏ လက်ရှိနိုင်ငံရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၎င်းတို့မှာ လက်တွေ့ နိုင်ငံရေး ထက် ကြေညာချက်ထုတ် နိုင်ငံရေးကို လုပ်ဆောင်နေခြင်း သာဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း ဝေဖန်မှုများ ရှိနေခြင်းမှာ NLD ပါတီနှင့် ၈၈ မျိုးဆက်အဖွဲ့တို့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင် တိကျပြတ်သားသည့် လုပ်ငန်းစဉ်များ မပါဝင်ခြင်းနှင့် အချိန်ကာလ သတ်မှတ်ချက် များကို ရှင်းလင်းစွာ မဖော်ပြနိုင်ခဲ့ခြင်းများကြောင့် လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။

““အများစုက ကြေညာချက် နိုင်ငံရေးလို့ ပြောတဲ့ အကြောင်းရင်းကတော့ အဲဒီကြေညာချက်တွေ ထုတ်ပြန်တဲ့ အခါတိုင်းမှာ တိကျပြတ်သားပြီးတော့ ရှင်းလင်းတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်မပါတာ။ အချိန်ကာလ သတ်မှတ်ချက်မပါတာ။ အဲဒီအချက်တွေအပေါ်မှာ မူတည်ပြီးတော့ ပြောတယ် လို့ မြင်တယ်။ လက်ရှိ အခြေအနေအရ ကြည့်မယ်ဆို ရင်တော့ မြန်မာ့နိုင်ငံရေး လက်ငင်းအခြေအနေမှာ ကြေညာချက် ထုတ်ပြန်ပြီးတော့ ဆုပ်ဆုပ်ကိုင်ကိုင် ရလဒ်ကောင်း ထွက်ပေါ်တာ မတွေ့ရသလောက် နည်းပါတယ်။ အဲဒါကြောင့် မို့လည်းပဲ ကြေညာ ချက် နိုင်ငံရေး ပုံစံမျိုး လုပ်တာလို့ စွပ်စွဲမှုတွေ၊ ထင်မြင်ချက်ပေး မှုတွေ ဖြစ်တာလို့ထင်တယ်။ ဥပမာအားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်တို့ ပူးပေါင်း ဆောင်ရွက်တုန်းက ကာလအပိုင်းအခြားက ကြည့်မယ် ဆိုရင်လည်းပဲ မဲပေးပိုင်ခွင့်ရှိသူ ၅ သန်းရဲ့ လက်မှတ်တွေကို ကောက် ယူပြီးတော့ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တယ်လို့ ပြောတယ်။ ဒါပေမဲ့ ပြည်ထောင်စု လွှတ်တော်က နောက်ဆုံးထုတ်ပြန်တဲ့ ကော်မတီ အစီရင်ခံစာမှာကျတော့ ပုဒ်မ ၄၃၆ နေရာမှာ လက်မှတ် ၅ သန်း လက်ခံရရှိတယ် ဆိုတဲ့အကြောင်းတောင်မှ ပြထားတာကို မတွေ့ရဘူး။ အဲဒီအခါကျတော့ တစ်နည်းအားဖြင့်တော့ အလုပ်အပိုင်းမှာ နိုင်ငံရေးအရ လုပ်ဆောင်ချက် အားနည်းချက်တွေ ရှိတာကို တွေ့ရတဲ့အခါမှာ ကြေညာ ချက် နိုင်ငံရေးလမ်းကြောင်းပေါ်မှာပဲ တ၀ဲလည်လည် ဖြစ်နေတယ်လို့ သုံးသပ်မှုတွေကိုပိုပြီး ခိုင်မာစေတယ်လို့ထင်တယ်”” ဟု မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက်တို့ ပူးပေါင်းပြုလုပ်သည့် နိုင်ငံရေးပူးတွဲ ကြေညာ စာတမ်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ မီဒီယာများလည်း တက်ရောက်ခဲ့ကြသည်။

နှစ်ဖွဲ့ပေါင်း ထုတ်ပြန်သည့် နိုင်ငံရေး ပူးတွဲကြေညာစာတမ်းတွင် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရန် အတွက် ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက် ပွဲ ဖြစ်ပေါ်စေရန် အလို့ငှာ ပူးပေါင်းဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်း အပါအ၀င် လွှတ်တော် တွင်း၊ ပြင် လှုပ်ရှား ဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေးဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသား အင်အားစုများနှင့်အတူ တက်ကြွစွာ လက်တွဲပါဝင်ဆောင်ရွက်ရန် စသည့်အချက် ၃ ချက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment