နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာ လျှပ်စစ်မီးရရှိရေးအတွက် ဖွဲ့ စည်းထားသည့် မီးလင်း ရေးကော်မတီ၏ အဆိုပါ ရွာများရှိ ရွာသားတို့ ထံမှ ကောက် ခံနေသော ငွေကြေးမှာ ဒေသပေါက်ဈေးများ ထက် အဆမတန် ပိုများနေသည်ဟု ပုဗ္ဗသီရိမြို့ နယ်အမတ် ဦးဖြိုးဇေယျာသော်က ဇွန် ၅ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြသည်။
“ဒေသခံပြည်သူတွေဟာ ငွေကြေးအကျပ်အတည်းကြောင့် မီးလင်းရေးကိစ္စကို ကိုယ်ထူ ကိုယ်ထ နည်းနဲ့ မဆောင်ရွက်နိုင်တဲ့အတွက် အစိုးရက စိုက်ထုတ် ဆောင် ရွက်ပေးဖို့ အကြိမ်ကြိမ် တင်ပြတောင်းခံ ခဲ့တဲ့အတွက် ကျေးလက် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ရောက်ရှိလာပါတယ်။
သို့သော်လည်းကျေးရွာ တွေဆီက ကျပ်သိန်း ရာချီပြီး ထပ်မံကောက်ခံနေတာ တွေ့ရ ပါတယ်။ ကောက်ခံနေတဲ့ ငွေကြေးကလည်း ဒေသပေါက်ဈေးထက် အင်မတန် များပြားနေပါတယ်” ဟု ၎င်းက တင်ပြပြီးကျေးလက် မီးလင်းရေးအတွက် နိုင်ငံတော်အစိုးရက စိုက်ထုတ်
ကျခံရန် နေပြည်တော်ကောင်စီက ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိကို လွှတ်တော် မှတစ်ဆင့် မေးမြန်းသည်။
ပုဗ္ဗသီရိမြို့ နယ်အတွင်းရှိ အင်ကြင်းစု၊ ဖြုတ်ကုန်း၊ လယ်သာ၊ ကန်စွန်းအင်း၊ ပုဇွန်ဆိတ်၊ သူဌေးကုန်း၊ ကံသာ၊ ညောင်လူး၊ ကျောက်စရစ်ကုန်း၊ ကျောင်းကုန်း၊ ဥယျာဉ် ၊ ကျောင်းစု၊ ၀ဲကြီး ဟူသည့် ကျေးရွာ ၁၄ ရွာ မီးလင်းရေးအတွက် နိုင်ငံတော် ဘတ်ဂျက်မှ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ချထားငွေ ကျပ် ၇၀၇ ဒသမ ၂၈ သန်းရှိ ပြီ ဖြစ်သော်လည်း ထိုကျေးရွာများက စိုက်ထုတ်ရန် တောင်းခံငွေမှာ ကျပ် ၂၆၇ ဒသမ ၆၈ သန်း ရှိနေကြောင်းလည်း ဦးဖြိုးဇေယျာသော် က ပြည်သူ့ လွှတ်တော် သို့  ပူးတွဲတင်ပြသည်။
နိုင်ငံတော်အစိုးရက ရွာထိပ်အရောက် ၁၁ကေဗီ ဓာတ်အားခွဲစက် တပ်ဆင်ပေးပြီး ကျန်လုပ်ငန်းများ ဖြစ်သည့် ရွာတွင်း ဓာတ်တိုင် စိုက်ခြင်း၊ မီးကြိုးပြေးခြင်း စသည် တို့အတွက် ဒေသခံ ရွာသူရွာသားများထံမှ ကျပ် ၂၆၇ ဒသမ ၆၈ သန်းကို မီးလင်းရေးကော်မတီက တောင်းခံထားခြင်းဖြစ်သည်ဟု ပုဗ္ဗသီရိအမတ်က ရှင်းပြ သည်။
ထိုသို့ တင်ပြ မေးမြန်းမှုကို နေပြည်တော်ကောင်စီဝင် ဦးဖုန်းဇော်ဟန်က “မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၃,၈၆၀ ရှိနေပါတယ်။ နိုင်ငံတော်အနေနဲ့ ကျေးလက်ဒေသ အားလုံးကို စိုက်ထုတ် ဆောင်ရွက်ပေးမယ်ဆိုရင် နိုင်ငံတော်မှာတခြားအရေးကြီးတဲ့ ကဏ္ဍများမှာလျော့နည်းသုံးစွဲရမှာဖြစ်တဲ့အတွက်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်စေခြင်းဖြစ် ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာလည်း ကျေးရွာနေပြည်သူ များ သဘောကျသူတွေနဲ့ မီးလင်းရေးကော်မတီကို ဖွဲ့ စည်းပေးပြီး မီးလင်းရေး လုပ်ငန်းများအတွက် ကုန်ကျငွေ ကို အဲဒီကော်မတီကပဲ တွက်ချက်ပြီး ကျေးရွာသားတွေကို ချပြပြီး အားလုံးက သဘောတူတော့မှ ငွေကောက်ခံ တာ ဖြစ်ပါတယ်။ ဒီလို ကျသင့်တာထက် ပိုကောက်ခံ တာတွေ့ ရှိပြီး တိုင်ကြားလာတဲ့ အခါမှာလည်း မှန်မှန် ကန်ကန် ဖြစ်စေဖို့ စုံစမ်းစစ်ဆေးရေး ခုံရုံးများဖွဲ့စည်းစစ်ဆေးပြီး ဖြေရှင်းပေးနေပါတယ်” ဟု ဖြေကြားသည်။
“နေပြည်တော်ကောင်စီက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျေးလက်ဒေသ မီးလင်းရေးအတွက် နိုင်ငံတော် ကို တင်ပြ တောင်းခံထားတာက ကျပ် ၇၉၈ သန်းပါ။ ဆိုလာ မီးလင်းရေးကို ဖယ်လိုက်ရင် ကျေးရွာ ၁၄ ရွာ အတွက် တောင်းထားတာက ကျပ်သန်း ၇၀၇ ဒသမ ၀၈ သန်းပါ။ တင်တောင်းထားတဲ့ ဘတ်ဂျက်ကလည်း ဒေသ ဆိုင်ရာ တွက်ချက်မှုတွေနဲ့ ယှဉ်ကြည့်ရင် သိန်းအတော်များများကွာတာကို တွေ့ရတယ်။ ကျွန်တော်ဖြစ် စေချင်တာက ရွာတွေကို ငွေထပ်ကောက်ခံမယ့် အစား နေပြည်တော်ကောင်စီက တင်ပြပြီးသား၊ ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပြီးသား ငွေထဲကပဲ စိုက်ထုတ် ကုန်ကျခံပြီး လုပ်ပေးနိုင်မှု ရှိ မရှိ ဆိုတဲ့သဘော မျိုး မေးတာ ပါ” ဟု ဦးဖြိုးဇေယျာသော်က လွှတ်တော် အစည်းအဝေးအပြီးတွင် မဇ္ဈိမကို ရှင်းပြသည်။
Credit - Mizzima News
No comments:
Post a Comment