Saturday, June 6, 2015

နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်မီ တိုင်းရင်းသားဒေသများ၌ ရင်းနှီးမြှုပ်နှံမှုမလုပ်ရန် ကချင်လူမှုအဖွဲ့အစည်းများ တောင်းဆို

 ရန်ကုန်၊ ဇွန် ၃
အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မဆောင်ရွက်နိုင်သေးမီ တိုင်းရင်းသားဒေသများတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု များဆောင်ရွက်ခြင်းမပြုရန် ကချင်အရပ်ဘက် အဖွဲ့အစည်းများက လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိပ်သီးညီလာခံသို့ ဇွန် ၃ရက်က ပေးပို့တောင်းဆို ထားကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ဇွန် ၃ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရှိရာ ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရွှေတူးဖော်ခြင်း၊ သံလွင် မြစ်ကြောင်း တစ်လျှောက် ရေကာတာတည်ဆောက်ခြင်းများ၊ ရွှေဂက်စ်ပိုက်လိုင်းဖြတ် သန်းရာရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်ဒေသ အခြေစိုက် တိုင်းရင်းသားလက်နက် ကိုင်တပ်များနှင့် စီမံ ကိန်းများပြုလုပ်ရန်
အလို့ငှာနယ်မြေရှင်းလင်းရေးလုပ်သည့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွား မှုများရှိနေရာ ဒေသခံများမှာ မကြာခဏပြောင်းရွှေ့နေ ရသည့်အတွက် ယခုကဲ့သို့တောင်းဆိုခြင်း ဖြစ်သည်။…

““ရင်းနှီးမြှုပ်နှံမှုကို အကြောင်းပြုပြီး တိုက်ပွဲတွေ မစဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်ထဲက အကြီးအကဲ များက တချို့ဆိုရင် စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ရှိပါတယ်။ မရှိရင်တောင်မှ ပါဝင်ပတ်သက် တာတွေရှိမယ်။ ဥပမာ သဘောတူတာမျိုးက အစ အဲဒါမျိုးတွေ ရပ်ထားပါလို့ပြောတာပါ။ လောလောဆယ်ရပ် ခိုင်းထားတာက ပြည်သူလူထုက ကိုယ့်ရွာမှာ ကိုယ်မနေနိုင်တာက တစ်ကြောင်း၊ တိုက်ပွဲတွေ ဖြစ်နေတာက တစ်ကြောင်းမို့လို့ ရပ်ထားပေးပါလို့ ပြောတာပါ။ တည်ငြိမ်အေးချမ်းပြီးတဲ့အခါ မှာ ပြည်သူလူထုကိုကာကွယ်ပေး တဲ့ဥပဒေတွေကို ရောက်ရှိပြီးတဲ့အခါမှ လုပ်ဆောင်သင့်တယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှညှိနှိုင်းရေး မှူး ဒေါ်ခွန်ဂျာက ပြောသည်။

လက်ရှိတွင် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်ဒေသ များတွင် ဒေသခံ လက်နက်ကိုင် အဖွဲ့များက ခွင့်ပြုထားသည့် စီးပွားရေး လုပ်ငန်းများ ရှိသလို အစိုးရဘက်မှ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည့် စီးပွားရေး လုပ်ငန်းများ၊ စီမံကိန်းများလည်း ရှိသည်။

ကချင်ပြည်နယ်ရှိ KIA တပ်များတည်ရှိသည့် ဗန်းမော်နှင့် မြစ်ကြီး နားမြို့များအကြားရှိ မြန်မာအစိုးရ လုပ်ကိုင်ခွင့် ပြုထား သည့် ရွှေတူးဖော်ရေးလုပ်ငန်းများရှိရာ ယင်းလုပ်ငန်းများကို မြန်မာ့ တပ်မတော်ဘက်မှ လုံခြုံရေးယူ ထားပေးခြင်းများရှိကာ နှစ်ဖက်လက်နက် ကိုင်တိုက်ပွဲများလည်း မကြာခဏ ဆိုသလိုဖြစ်ပေါ်လေ့ ရှိသည့် အတွက် ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ်တွင်လည်း ကရင်တိုင်းရင်းသားလက်နက်ကိုင် များဖြစ်သည့် KNU တပ် မဟာဒေသ များတွင် သက်ဆိုင်ရာ နယ်မြေအလိုက် KNU ကလုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများရှိပြီး ယင်းနယ်မြေများ အနီးတွင်ပင် မြန်မာအစိုးရက လုပ်ကိုင်ခွင့်ပြုထားသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ရှိနေ သည်။

““အဓိကကတော့ ရင်းနှီးမြှုပ်နှံမှုက အပစ်အခတ်ရပ်စဲတဲ့ လက်မှတ်မထိုးမီ ကာလအတွင်းမှာ ထိုးတက်လာ တာ။ ရင်းနှီးမြှုပ်နှံမှု ၀င်လာတဲ့အချိန်မှာ လူထုကိုအသိပေးတိုင် ပင်ဆွေးနွေးတာ မရှိတော့ လူထုကခံရတယ်။ ၀င်လာတဲ့သူတွေကလည်း သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ပဲ ပြော သွားတော့ ပြည်သူလူထုရဲ့နေရာက ပျောက် သွားတယ်။ အဲဒါကို သူတို့က နားမလည်ဘူး။ တချို့ကတော့လျော်ကြေးပေးမယ် ပြောပေမယ့် လက်တွေ့ ကျ တော့ဖြစ်မလာဘူး””ဟု ကရင်လူ့အခွင့်အရေး အဖွဲ့အစည်း မှ ညွှန်ကြားရေး မှူးစောအဲ(လ်)ဘတ် ကပြော သည်။

လတ်တလောတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ခဲတိုကျေးရွာအတွင်း KNU တပ်မဟာ ၃နယ်မြေရှိ မြေ ၇၃၁၂၄ဧကပေါ်တွင် KNU တပ်မှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့က ရတနာ စိုင်း ကောင်းမြတ်ကျော်ကုမ္ပဏီ၊ စိုးနိုင်ဖြိုးကုမ္ပဏီတို့ကို လုပ်ကိုင်ခွင့်ပြုထားရာ ယင်းလုပ်ကိုင်ခွင့် ရမြေများ တွင် ဒေသခံများ၏ စိုက်ပျိုးမြေများ ပါဝင်နေသည့်အတွက် ဇွန် ၅ရက်၊ သဘာဝပတ်ဝန်း ကျင်နေ့တွင် ဒေသခံ များက ဆု တောင်းပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment