ရန်ကုန်၊ မေ ၂၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်း အပါအ၀င် တိုင်းအစိုးရ တာဝန်ရှိသူများက ပဲခူးမြို့ရှိ မြေနေရာများကို မတရား သိမ်းယူထားကြောင်း ပဲခူးမြို့ရှိ ပြည်သူများကိုယ်စား ပဲခူးမြို့ခံ ဒေါက်တာ စိုးမြင့်သန်း (စာရေးဆရာအောင်ထိပ်)၏ တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး မေလ ၁၈ ရက်တွင် နေပြည်တော် ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုံညီခုံရုံးအဖွဲ့ ပဲခူးမြို့သို့ လာရောက်၍ တိုင်ကြားသူနှင့် တိုင်ကြားခံရသူများအား စစ်ဆေးခဲ့ကြောင်း တိုင်ကြားခဲ့သူ ဒေါက်တာစိုးမြင့်သန်းက မေလ၂၆ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါ တိုင်ကြားစာကို၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က သမ္မတ၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုင်ကြားစာတွင် ပဲခူးမြို့ လိပ်ပြာကန်တောင် ရပ်ကွက် မှော်ကန် (၁)လမ်းမြောက် ဘက်ခြမ်းရှိ မီးလောင်ပြင်မြေနေရာကို
မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဦးမောင်မောင်သန်းနှင့် အစိုးရ အရာရှိကြီး ၄ ဦးက လန်းဆန်းဆောက်လုပ်ရေး ကုမ္ပဏီအား ရောင်းချထားရာ ယခုအခါ ယင်းနေရာတွင် လန်းဆန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တိုက်ခန်းများ ဆောက်လုပ်နေခြင်း၊ ပဲခူးမြို့ ပုဏ္ဏားစု မှော်ကန်ရပ်ကွက်၊ မှော်ကန် ၁၉ လမ်းနှင့် လမ်း ၂၀ ကြားရှိ နှစ်၅၀ သက်တမ်းရှိသော အများပိုင် ဘောလုံးကွင်း မြေနေရာအား ဦးမောင်မောင်သန်းနှင့် အစိုးရအရာရှိကြီး ၁၀ ဦးက ဂရန်ပေါက် မြေကွက်များ အဖြစ်ပြောင်းလဲကာ သိမ်းယူထားခြင်းစသည့် ကိစ္စများပါဝင်သည်။ ထို့ပြင် ပဲခူးမြို့ ဘိုကုန်းရပ်ကွက် ဘုရားမြေ နေရာအား ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်း အပါအ၀င် အစိုးရအရာရှိကြီး ၇ ဦးက သိမ်းယူထားခြင်း စသည့် အလွဲသုံးစား လုပ်ထားမှုများလည်း ယင်းတိုင်ကြားစာ၌ ပါရှိသည်။
““ပဲခူးမှာ အများပိုင်တဲ့ မြေတွေရှိတာပေါ့။ မြို့သစ်မှာ သိမ်းထားတဲ့ ဟာကျတော့ တဲတွေမီးရှို့၊ ပြန်ခုခံတဲ့ မိသားစုဝင်တွေဆိုရင် အချုပ်ထဲဆွဲသွင်းတာ။ သိမ်းတာ ဥပဒေနဲ့ မညီညွတ်ဘူး။ ကျွန်တော်တို့ တိုင်ကြားချက် အရ ကျွန်တော့်ကို တစ်ရက်ခေါ်စစ်တယ်။ သက်ဆိုင်တဲ့ သူတွေ အကုန်လုံးကို ခေါ်စစ်တယ်။ အထောက် အထားတွေ အကုန်ပြတယ်။ ကျွန်တော့်ကို တိုင်ကြားသူ အနေနဲ့ စစ်တယ်။ ပြည်သူကိုယ်စားပြုပြီး တိုင်တာ။ ကျွန်တော့် စီးပွား ဘာတစ်ခုမှ မပါဘူး။ မြေသိမ်းတာတွေ အမြင်မတော်လို့၊ သက်သေ အထောက်အထားတွေ အကုန်ရှိတယ်””ဟု တိုင်ကြားသူ ဒေါက်တာစိုးမြင့်သန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
တိုင်ကြားစာပေးပို့ခဲ့မှုနှင့် ပတ်သက်၍ တိုင်ကြားသူ အပါအ၀င် တိုင်ကြား ခံထားရသူများကို မတ်လ ၆ ရက်က နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စတင်စစ်ဆေးခဲ့သည်။
ယင်းနောက် ဧပြီလ ၆ ရက်၊ ၁၁ ရက်၊ ၂၁ ရက်တို့တွင်လည်း ဆက်တိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မေလ ၁၈ ရက်တွင် နေပြည်တော် ပြည် ထဲရေးဝန်ကြီးဌာနမှ အဆိုပါ တိုင်ကြားထားမှုနှင့် ပတ်သက်၍ စစ်ဆေးရန် ဖွဲ့စည်း ထားသည့် စုံညီခုံရုံးအဖွဲ့မှ တာဝန်ရှိသူများက ထပ်မံစစ်ဆေးခဲ့သည်။
ယင်းသို့ တိုင်ကြားခံရမှုအတွက် စစ်ဆေးခံနေရခြင်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက ““ဟုတ်တယ်၊ စစ်တယ်။ ဦးကိုယ်တိုင်ကို သေချာဂဃနဏ မသိသေးဘူး။ ဘာအကြောင်းအရာမှန်းကို မသိသေးဘူး။ မသိဘူးဆိုတာ အလုပ်လုပ် တာတွေ ဘာတွေ မှားသွားတာလား အဲဒါတွေလားနော့။ စစ်တဲ့သူတွေ ကို မေးသင့်တယ်။ ဦးမသိတဲ့သူတွေလာတာ”” ဟု မြန်မာသံတော်ဆင့် သို့ ပြောသည်။
ယင်းသို့ ပဲခူးတိုင်းအတွင်းရှိ အမျာပြည်သူပိုင် မြေနေရာများကို ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက လက်မှတ် ထိုးသိမ်းယူထားခြင်းကို ပဲခူးတိုင်းဒေသခံများကလည်း မကျေမနပ် ဖြစ်နေမှုများလည်းရှိကြောင်း ပဲခူးဒေသအခြေစိုက် နိုင်ငံရေး ပါတီများက ယခုကဲ့သို့ ပြောပြသည်။
““ပဲခူးတိုင်းတစ်တိုင်းလုံးကို ၀န်ကြီးချုပ်ကိုယ်စား လက်မှတ်တွေထိုး၊ လယ်သမားမြေတွေလု၊ သူတို့ မကျေနပ်တာက ပဲခူးမြို့ပေါ်က ရှိသမျှပဲခူးမြို့ပေါ်က တကယ့်ဒိတ်ဆိုတဲ့ မြေယာကောင်းတွေလေ။ ၀န်ကြီးချုပ် ကိုယ်စား မောင်မောင်သန်းဆိုပြီး သိမ်းထားတာ။ မကျေနပ်ချက်ပေါင်း က တော်တော်များပြီ။ သူနဲ့ပေါင်းပြီး တော့ မြေစာရင်း၊ ထွေအုပ် အကုန်လုံးကို တစ်မြို့လုံးက မကျေနပ်တာ””ဟု ပဲခူးတိုင်း အခြေစိုက် လမ်းပြကြယ် ပါတီဥက္ကဋ္ဌ ဦးအေးမြင့်က ဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး တစ်ဦးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအေးကျော်သည်လည်း ပြည်ထဲရေး ၀န်ကြီးဌာနမှ တိုင်ကြားချက်များအရ စစ်ဆေးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသော်လည်း တိကျသော အရေးယူမှု တစ်စုံတစ်ရာ ခံရခြင်းမရှိဘဲ ယနေ့တိုင် တာဝန် ထမ်းဆောင်လျက်ရှိသည်။
ရည်မွန်ဖြိုး
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment