ရန်ကုန် (မဇ္ဈိမ)။ ။ ရိုဟင်ဂျာဟုဆိုသည့် ဘင်္ဂါလီများအား လူကုန်ကူးမှု
သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသည့် ထိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး
မာနက်စ်ခေါင်ပန်းသည် ဇွန်လ ၃ ရက်က ရဲဌာနချုပ်၌ သွားရောက် အဖမ်းခံခဲ့ပြီ
ဖြစ်သည်။

အဖမ်းခံခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး မာနက်စ်ခေါင်ပန်း။ (Photo by PATIPAT JANTHONG)
စစ်တပ်ဝတ်စုံ ဝတ်ဆင်ထားလျက် ဘန်ကောက်မြို့ နိုင်ငံတော်အဆင့် ရဲဌာနချုပ်သွားရောက် အဖမ်းခံခြင်းဖြစ်သည်။ ၎င်းအား ဖမ်းဝရမ်းထုတ်ထားသည့် ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာခရိုင်သို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မာနက်စ်ကမူ ၎င်းတွင် အပြစ်မရှိကြောင်း ဥပဒေကြောင်းအရ ခုခံကာကွယ်သွားမည်ဟု ထိုင်း သတင်းသမားများကို ပြောဆိုထားသည်။
"ထိုင်းနိုင်ငံသားတွေအနေနဲ့ ကျနော့်အပေါ်မှာ အပြစ်ရှိတယ်လို့ မသတ်မှတ်ကြသေးဖို့ ပြောကြားလိုပါတယ်။ ဘက်နှစ်ဘက်က သတင်းအချက်အလက်တွေကို ချင့်ချိန်ဖို့နဲ့ တရားရုံးက ဆုံးဖြတ်ချက်ချတာကို စောင့်ကြည့်စေလိုပါတယ်" ဟု ဒု-ဗိုလ်ချုပ်ကြီးက ပြောသည်။
တရားမျှတမှုကို တောင်းဆိုပြီး တာဝန်ရှိသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း၊ တရားရုံးက ဆုံးဖြတ်ချက်ကို
လေးစားလိုက်နာမည်ဖြစ်ကြောင်းလည်း ဆိုသည်။
တပ်မတော်ထိပ်တန်း အရာရှိ တစ်ဦးဖြစ်သည့် မာနက်စ်သည် တပ်မတော်အကြံပေး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး
တောင်ပိုင်းဒေသတွင် ရွှေ့ပြောင်းအခြေစိုက်သူများကို တရားမဝင် မှောင်ခိုလုပ်နေမှုများနှင့် ပတ်သက်သည်ဆိုကာ ဖမ်းဝရမ်း ထုတ်ထားခံရခြင်း ဖြစ်သည်။
မာနက်စ်ကို တရားစီရင်ရာတွင် စုံစမ်းစစ်ဆေးမှုများ၌ ၎င်းက ကြားဝင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ချန်အိုချာက မနေ့က ပြောထားသည်။
မာနက်စ်ကို သာမန်လူ တစ်ဦးလိုပင် စစ်ဆေးသွားစေမှာ ဖြစ်ကြောင်း၊ ယင်းလူမှောင်ခို ကုန်ကူးမှုများတွင် အခြားတပ်မတော် အရာရှိများ ပါဝင်ခြင်း ရှိ/မရှိကိုမူ ၎င်း မသိရှိကြောင်း ချန်အိုချာက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment