Sunday, May 31, 2015

လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း များ တွေ့ဆုံ၍ နိုင်/ကျဉ်းဥပဒေ ထွက်ပေါ်လာရေး ဆွေးနွေး

 ရန်ကုန်၊ မေ ၂၇

နိုင်ငံရေး အကျဉ်းသားနှင့် သက်ဆိုင်သည့် ဥပဒေ တရားဝင် ထွက်ပေါ်လာရေးအတွက် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ (FPPS)နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့တို့ မတ်လ ၂၆ ရက် တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ကာ အကြံဉာဏ်များ တောင်းခံခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS)မှ လုပ်ငန်းကော်မတီဝင် ဦးတင်မောင်ဦးက မေလ၂၇ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

နိုင်ငံရေးအကျဉ်းသားနှင့် သက်ဆိုင်သည့် ဥပဒေတရားဝင်ထွက်ပေါ် လာရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့(FPPS)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)တို့မှ တာဝန်ရှိသူများ ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

““နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဥပဒေအရ တရားဝင်ဖြစ်စေရေး အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဘယ်လိုဆက်လုပ်ဖို့ ရနိုင်မလဲဟာကို ဥပဒေအရ တရားဝင်ဖြစ်ဖို့အတွက် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာကို အကြံဉာဏ် ရယူတာပါ။ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်းတို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို လွှတ်ပေးဖို့ တိုက်တွန်း နေတာမျိုးတွေ ရှိတယ်လေ။ နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်တယ်ဆိုတာကို လွှတ်တော်တို့ ဘာတို့မှာ သွားဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်ဆီက အကြံဉာဏ်ယူတာ”” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှ လုပ်ငန်းကော်မတီဝင် ဦးတင်မောင်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အစိုးရက နိုင်ငံရေး အကျဉ်းသားဟောင်းများအား တရားဝင် အသိအမှတ် ပြုထားခြင်း မရှိသည့်အတွက် ဥပဒေအရ တရားဝင် ထွက်ပေါ်လာရန် လွှတ်တော်ကသာ ဆောင်ရွက်ခွင့်ရှိသဖြင့် ယခုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

““နိုင်ငံရေး အကျဉ်းသားဆိုတာ နိုင်ငံရေးပြဿနာပဲ။ ဒီဥပဒေကို ပြင်ဆင်ဖို့၊ ဖြည့်စွက်ဖို့ ဆိုတာက လွှတ်တော် ကမှ လုပ်လို့ရတယ်။ လွှတ်တော်ကမှ ပြင်လို့ရတယ်။ ဒါကြောင့်မို့ ဘယ်လို နည်းလမ်းမျိုးတွေနဲ့ လုပ်လို့ရမလဲ ဆိုတဲ့ကိစ္စကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆီကနေ အကြံဉာဏ်ယူတာပေါ့”” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ပြည်တွင်းရုံး တာဝန်ခံ ကိုအောင်မျိုးကျော်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

နိုင်ငံရေး အကျဉ်းသားနှင့် သက်ဆိုင်သည့် ဥပဒေ ပေါ်ထွက် လာရေးအတွက် နိုင်/ကျဉ်း အဖွဲ့များနှင့် လွှတ်တော် ကိုယ်စားလှယ် များ တွေ့ဆုံ ဆွေးနွေးမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။

““နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်ပြီး ဥပဒေတစ်ခုဖြစ်လာဖို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက် ပြီးတော့ ထောင်ကျ သွားပြီဆိုရင် သာမန်လိုပဲပေါ့နော်။ အကျဉ်းသားတွေလိုပဲ ထားတဲ့ပုံစံတွေ။ အရင်တုန်းက အဲဒီလိုမဟုတ်ဘူး။ Class B ခွဲထားတယ်ပေါ့။ နိုင်ငံရေး အကျဉ်းသားဆိုရင် A Class, B Class ရှိတာပေါ့။ ဒါပေမဲ့ တော်တော်ကြာပြီ။ အဲဒါတွေ ဖျက်သိမ်းပစ်လိုက်တာ။ ဒီဥပဒေတွေ ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့။ ဒါတွေ ဆွေးနွေးကြတာပါ။ AAPP ကလူတွေလည်း သူတို့လုပ်ကိုင် ဆောင် ရွက်နေတဲ့ ဟာတွေကို ရှင်းပြတယ်။ ဒါကို လွှတ်တော်ထဲ မှာ ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ဟာ အဓိကထားပြီး ပထမဆုံး ဆွေးနွေးဖြစ်တာ””ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

ယနေ့အချိန်ထိ နိုင်ငံရေး အကျဉ်းသားအဖြစ် အကျဉ်းချခံထားရသူ ၁၅၈ ဦး၊ တရားစွဲဆိုခံထားရသူ ၉၁ ဦး၊ တရားရင်ဆိုင် နေရသူ ၄၇၈ ဦးခန့် ရှိကြောင်း နိုင်/ကျဉ်းအဖွဲ့များ၏ စာရင်းများအရ သိရသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment