မန္တလေး (မဇ္ဈိမ) ။ ။ အထက်မြန်မာပြည်ရှိ လူမှုရေးပရဟိတအဖွဲ့များ စုပေါင်းကာ အထက်မြန်မာပြည် ပရဟိတ လူမှုကူညီရေးအသင်းများ ကွန်ယက်ကို ဖွဲ့စည်ရန်အတွက် ဇွန်လ ၁ရက် မွန်းလွဲ ၃နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ ရွှေကြေးစည် လူမှုကူညီရေး အသင်းတွင် ပြုလုပ်ရာ လူမှုပရဟိတ အသင်းပေါင်း ၁၀၀ကျော် တက်ရောက်သည်။
ကွန်ယက်ဖွဲ့စည်းရန်အတွက် အထက်မြန်မာပြည်ရှိ လူမှုပရဟိတ အသင်းပေါင်း ၇၀၀ ကျော် ဖိတ်ကြားထားခဲ့သော်လည် ၁၀၀ကျော်သာ တက်ရောက်ရန် ကွန်ယက်ဖွဲ့ရေး ဆွေးနွေးခဲ့သည်။
အဆိုပါကွန်ယက်မှ ကျေးလက်တောရွာများတွင် နာမှုကူညီရေးအသင်းများ ဖွဲ့စည်းပေးမည်ဖြစ်ပြီး လက်ရှိပရဟိတ အသင်းများတွင် အသုံးပြုနေသည့် ကားအများစုသည် လိုင်စင်မဲ့များဖြစ်နေ၍ ထိုကားများ လိုင်စင်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဟု ရွှေကြေးစည် ဆရာတော်က မိန့်ကြားသည်။
"တစ်ချို့တိုင်းတွေမှာ ပရဟိတအသင်းတွေက လူနာတင်ယာဉ်တွေကို ဖမ်းတာဆီးတားတွေ လုပ်နေတယ်။ ဒါကိုလက်မခံဘူး။ မန္တလေးတိုင်းမှာတော့ ဖမ်းတာမရှိသေးဘူး။ ဖမ်းတာတွေကို ကန့်ကွက်ပါတယ်။ မှောင်ခိုသယ်တာကို ပရဟိတ နာမည်ခံပြီး လုပ်စားတာကတော့ သူတို့ဖြစ်သူတို့ခံပဲ။အစစ်အမှန်လုပ်နေတဲ့ အသင်းတွေကို ဖမ်းဆီးရင်တော့ ဒီကွန်ယက်ကနေ ကူညီဆောင်ရွက်ပေးသွားမှာပါ။"ဟု ဆရာတော်က မိန့်သည်။
ယင်းအပြင် ပြည်နယ်တိုင်းများရှိ အသင်းအချင်းချင်း ချိတ်ဆက်နိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။
"အခုကွန်ယက်ဖွဲ့တာက တစ်သင်းနဲ့တစ်သင်း တစ်ချိတ်ဆက်ပြီး လုပ်နိုင်အောင်နဲ့ ပိုစည်းလုံးပြီးလုပ်နိုင်အောင်လို့ပါ။"ဟု ရွှေကြေးစည် ဆရာတော်က မိန့်ကြားသည်။
တက်ရောက်လာသော ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က "ဒီလိုဖွဲ့သင့်တာကြာပါပြီ။ မြို့ပေါ်က အသင်းတွေက ဘာမှမဖြစ်ပေမယ့် နယ်ကအသင်းငယ်တွေက ကိုယ်ဖြစ်ကိုယ်ရှင်းနေရတယ်။ နယ်ကနေ လူနာတစ်ဦး မန္တလေးပို့ရင်ကို မပို့ရဲကြဘူးဖြစ်နေတယ်။လိုင်စင်မဲ့တွေဆိုတော့ နယ်မကျော်ရဲကြဘူး။ သူတို့လူနာတင်လာရုံနဲ့ ဖမ်းတယ်ဆိုရင် ဒီကွန်ယက်က ဖြေရှင်းမယ်ဆိုတော့ အားရှိတာပေါ့။ကိုယ့်ဘက်ကလည်း မှန်မှန်ကန်ကန်လုပ်ဖို့တော့ လိုပါတယ်။"ဟု ပြောသည်။
အဆိုပါ ကွန်ယက်ဖွဲ့ရန်အတွက် ရွှေဘို၊ မုံရွာ၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ ပလိပ်၊ မန္တလေးမြို့စသည်တို့မှ အသင်းပေါင်း ၁၀၀ ကျော် တက်ရောက်ပြီး ထိုအသင်းများမှ ကိုယ်စားလှယ် ၂ ဦးစီဖြင့် ဖွဲ့စည်းသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံရေးဆွဲရန် ထပ်မံ၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ရွှေကြေးစည်ဆရာတော်က မိန့်သည်။
Credit - Mizzima News
No comments:
Post a Comment