Sunday, May 31, 2015

နိုင်ငံတော်ဘတ်ဂျက်များကို ဆီးသီးဗန်းမှောက်သကဲ့သို့ လုယူသုံးဖြုန်း ပစ်သူများမှာ လွှတ်တော်ကိုယ်စား လှယ်များကို ရည်ညွှန်းခြင်း သာဖြစ်ကြောင်း ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြော

 ရန်ကုန်၊ မေ ၂၈

အစိုးရ၀န်ကြီးဌာနများ အနေဖြင့် နိုင်ငံတော်ဘတ်ဂျက်များကို ပွဲဈေးတွင် ဆီးသီးဗန်းမှောက်သကဲ့သို့ လုယူ သုံး ဖြုန်းပစ်သူများဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၂၀၁၄ ခုနှစ် လွှတ်တော် အစည်း အဝေး ကျင်းပစဉ်အတွင်း ဝေဖန်ပြောကြားခဲ့ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့ပြီး အဆိုပါ ဆီးသီးဗန်းမှောက်သကဲ့ သို့ လုယူသုံးဖြုန်းပစ်ကြသူများမှာ အစိုးရကို ရည်ညွှန်းပြောကြားခြင်း မဟုတ်ဘဲ နိုင်ငံတော်ဘတ်ဂျက်များကို ကန်ထရိုက်များလုပ်၍ သုံးဖြုန်းပစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ရည်ညွှန်းပြောဆိုခြင်းဖြစ် ကြောင်း ဥက္ကဋ္ဌဦးခင်အောင်မြင့်က မေလ ၁၃ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောကြားလိုက်သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““အဘပြောတဲ့ အထဲမှာ အစိုးရအဖွဲ့လုံးဝမပါဘူး။ ကန်ထ ရိုက်တွေကိုပြောတာ။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ။ အစိုးရကို ပြောတာမဟုတ်ဘူး
အစိုးရက အင်တိုက်အားတိုက်လုပ် နေတဲ့အချိန်မှာ ဒါကို စနစ်တစ်ခုနဲ့ လုပ်ဖို့လိုပြီ။ ကန်ထရိုက်ကနေ ဆပ် ကန်ထရိုက် ပေးတဲ့အချိန်မှာ ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလို တစ်ယောက်တစ်ဆုပ် နှိုက်စားသလိုပဲဆိုပြီး အဘ က ထွက်သွားတာ။ ငယ်ငယ်တုန်းက တွေ့ခဲ့ဖူးလို့။ ဒါကစာထဲမှာ ဖတ်ခဲ့ဖူးတာ မဟုတ်ဘူး၊ ပွဲဈေးထဲမှာ ဆီးသီး သည် ဆီးသီးဗန်းမှောက် ကျတော့ နှိုက်စားတာပျော်ပေါ့။ ဟိုကတော့ စိတ်တွေညစ်လို့။ ပွဲဈေးတန်းဆိုတာ လူတကာ စုံတယ်မဟုတ်လား၊ တစ်ယောက်တစ်ဆုပ်နဲ့ များလာတော့ ဟိုကောင့်မှာ တစ်ဝက်လောက် ပဲကျန် တော့တယ်။ ဒါမြင်ခဲ့ဖူးလို့ ပေါ့၊ ဇာတ်ပွဲတွေမှာ၊ ဘုရားပွဲမှာ။ အဲဒါလွှတ်ကနဲ ထွက်သွားတာ””ဟု မြန်မာသံ တော်ဆင့် သို့ပြော သည်။…

အမျိုးသားလွှတ်တော်အစည်း အဝေးကျင်းပခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ချင်း ပြည်နယ်မဲ ဆန္ဒနယ် အမှတ် (၁၂) မှ ဦးဆလိုင်းခွဲယန် ပလက်ဝမြို့ နယ်၊ တိုင်ဝကျေးရွာနှင့် ကြက်မ အိုင်ကျေးရွာရှိ ကျေး လက်ကျန်း မာရေးဌာန(ခွဲ) အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန် စံညွှန်း ကိုက်ညီမှု မရှိ သဖြင့် မည်သို့အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းရာတွင် ““၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပလက်ဝမြို့နယ်ရှိ တိုင်ဝကျေးရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ) နှင့် ကြက်မအိုင်ကျေး ရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ)များအတွက် ရန်ပုံငွေ (၂၅ ဒသမ ၀၀)သန်းစီ ခွင့်ပြု ပေးခဲ့ကြောင်း သိရှိရပါတယ်။ လုပ်ငန်းဆောင်ရွက်မယ့် စီမံကိန်းကျေးရွာမှာ ကျေးလက်ကျန်းမာ ရေးဌာနနှင့် ၀န်ထမ်းအိမ်ရာ သံကူကွန်ကရစ်(၂၁၈၀ စ/ပေ)၊ ခြံစည်းရိုး (အုတ် ၁၅၀ ပေ ထ ၆ ပေ)၊ အုတ်ခုံတုံး+ ဒုပိတ် ၄၅၀ ပေ ထ ၆ ပေ၊(၂)လက်မအကျယ် အ၀ီစိတွင်း ခန့် မှန်းအနက် ၂၀၀ ပေ၊ ဂါလန် ၄၀၀ဆံ့ဖိုက်ဘာ ရေတိုင် ကီနှင့် ၁၆ ပေအမြင့် သံရေစင်၊ ဂါလန် ၈၀၀ ဆံ့အုတ်ရေကန်၊ ၃လက်မ နှစ်လုံး ထိုးလေမှုတ်စက်နှင့် ၂ကောင် အား မော်တာ၊ ၂ ကောင်အား ရေတင်စက်စသည်ဖြင့် ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

လုပ်ငန်းတည်ရှိရာ ကြက်မ အိုင်ကျေးရွာကို ရောက်ရှိတဲ့အခါ မှာ ပြည်သူလူထုနှင့် တွေ့ဆုံပြီး တင်ပြချက်အရ ကိုယ်တိုင်သွားရောက် ကြည့်ရှုတဲ့အခါကျတော့ သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီ တာ… ခြံစည်းရိုးတွေလည်း မပါရှိပါဘူး။ အ၀ီစိတွင်းတူးထားခြင်းလည်း မတွေ့ရပါဘူး။ သံရေစင်လည်း မတွေ့ရပါဘူး။ သစ်နဲ့ပဲ ဆောက် လုပ်ထားတာကို တွေ့ရှိ ရပါတယ်။ ရေတိုင်ကီလည်း မပါရှိပါဘူး။ အုတ်ရေကန်ကလည်း ဂါလန် ၈၀၀မဖြစ် နိုင်ကြောင်းကို တွေ့ရှိရပါတယ်။ … အဆောက်အအုံရဲ့အခန်းအတွင်းပိုင်းမှာလည်းပဲ မိုးယိုပြီးမှရေ၀ပ်နေတာ ကို ကိုယ်တိုင် တွေ့ရှိရပါတယ်။ ဆင်ဝင်ကလည်း ပြိုကျလုမတတ် ဖြစ်နေပါတယ်။

ကျေးလက်ကျန်းမာရေးဌာန (ခွဲ) အဆောက်အအုံဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ ကန်ထရိုက်ရရှိ တဲ့ကုမ္ပဏီ က ကိုယ်တိုင်ကြီးကြပ် ဆောက် လုပ်ခြင်းမဟုတ်ဘဲနဲ့ အဆင့်ဆင့် ဆပ်ကန်ထရိုက် ဆောက်လုပ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အဆောက်အအုံ အမှန်တကယ် ဆောက်လုပ်သူလက်ထဲကို သတ်မှတ်ခွင့်ပြုတဲ့ ငွေဟာလည်းပဲ မရောက် ရှိဘဲ နဲ့ (၂၄ဒသမ၀၀) သန်းသာ ရောက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်””ဟူ၍ နိုင်ငံတော် ဘတ်ဂျက်များကို ကျပ် သန်းနှင့်ချီ၍ ကွာဟလုပ်ဆောင်ခဲ့သော အစိုးရတာဝန်ရှိသူများနှင့် ကန်ထရိုက်များ၏ လုပ်ဆောင်ချက်များ ကို တင်ပြခဲ့သည်။

ထိုစဉ်က ယင်းဖြစ်ရပ်အပေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““ဘာနဲ့တူလဲဆိုတော့ ပွဲဈေးတန်းထဲမှာ ဈေးရောင်းတာ ဆီးသီးဗန်းမှောက် ကျသလိုပဲ။ သူက ဆီးသီးရောင်းဖို့ ဆီးသီးဗန်းနဲ့ မှောက်ကျသလိုပဲ။ သူက ဆီးသီးရောင်းဖို့ ဆီးသီးဗန်းနဲ့သွားတာ မှောက်လဲကျရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စား နဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်က အဲဒီလိုဖြစ်နေတာပေါ့။ ဒီကိစ္စက ဟိုတစ်နေ့ကလည်း ပြော ပြီးပြီ။ ဒါကြောင့်မို့လို့ ဘတ်ဂျက်တွေ ခွင့်ပြု၊ ခွင့်ပြုတဲ့ ဘတ်ဂျက်တွေက ကြားထဲက ဟိုလူနှိုက်စား၊ ဒီလူနှိုက်စား အဲဒီလို ဖြစ်နေတဲ့ အနေအထားရှိတယ်။ ဒါက တိုင်းဒေသကြီး/ပြည်နယ်တွေကပဲ အနီးကပ်ကြီးကြပ်တာပေါ့။ ဒီက ပြည်ထောင်စုဝန်ကြီးဌာနကတော့ သွားပြီးတော့ မကြီးကြပ်နိုင်ဘူး။ သို့သော် စနစ်တစ်ခုတီထွင်ဖို့တော့ လိုပြီထင်တယ်။ ဒီကာလမှာပေါ့။ ဒီတည်ဆောက်ရေးကိစ္စတွေ၊ အရင်တုန်းက လိုအပ်ချက်တွေကို အင်နဲ့ အားနဲ့ ဖြည့်ပေးနေတဲ့ ကာလအတွက် အထူးလုပ်ဆောင်ဖို့၊ စစ်ဆေးဖို့ စနစ်တစ်ခုတော့၊ အဖွဲ့တစ်ခုတော့ ရှိဖို့လိုပြီလို့ ထင်ပါတယ်””ဟု အစည်းအဝေး တက်ရောက်လာသော အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စား လှယ်များကို သတိပေးပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ် လွှတ်တော်များ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များသာဖြစ်ပြီး အခြား ကိုယ်စားလှယ်များမှာလည်း ပြည်ခိုင်ဖြိုးပါတီနှင့် မကင်းရာမကင်းကြောင်း မိတ်ဖက်ပါတီများသာဖြစ်ကြသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှသာ NLD ပါတီမှ ကိုယ်စားလှယ် အနည်းငယ်မျှသာ နေရာလပ်ယှဉ် ပြိုင်၍ အနိုင်ရပါဝင်ခဲ့သည်။ တပ်မတော်အစိုးရလက်ထက်မှ သမ္မတ ဦးသိန်းစိန်အစိုးရသစ်တိုင်အောင် ပြည်ခိုင်ဖြိုး ပါတီ၌ပါဝင်ပြီး လူသိများသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ခဲ့ကြသည့် NLD မပါသော ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်ခိုင်ဖြိုးမှ ပါဝင်အနိုင်ရခဲ့သော အများသိကြသည့် ကန်ထရိုက်၊ ကုမ္ပဏီလုပ်ငန်းရှင် လွှတ်တော် ကိုယ် စားလှယ်သူဌေးကြီးများမှာ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ဦးနေ၀င်းထွန်း၊ ယုဇန ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ဆောက်လုပ်ရေးကုမ္ပဏီများ ပိုင်ဆိုင်ထားကာ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း (ယခင် ACE ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်)တို့ ဖြစ်ကြသည်။

တပ်မတော်အစိုးရ ရှိစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံပြည်ခိုင်ဖြိုး ဗဟိုအလုပ်မှုဆောင် မြို့တော် ၀န်၏ ခွင့်ပြုချက်ဖြင့် ဆင်ခြေဖုံးမြို့နယ်များတွင် ရေရရှိရေး၊ လမ်းခင်းရေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ၌ ဒေသခံများက ကျပ်သိန်းထောင်ချီ၍ထည့် ၀င်ခဲ့ကြရသော လုပ်ငန်းအချို့တွင်လည်း အောက်ခြေမြို့ နယ် ပြည်ခိုင်ဖြိုးတာဝန်ရှိသူများကြောင့် ကန်ထရိုက်၊ ဆပ်ကန်ထရိုက်များ အဆင့်ဆင့်ပေးခဲ့ကြရာမှ လုပ်ငန်းများ မအောင်မြင်ခဲ့ဘဲ ငွေကြေး ထည့်ဝင်ခဲ့သော ပြည်သူများကပင် ယနေ့တိုင် ငွေလည်းဆုံး ရေလည်းမရ နစ်နာ ခံစားခဲ့ကြရသော ဖြစ်စဉ်များလည်း ရှိခဲ့သည်။

လွန်ခဲ့သောနှစ်က ပြည်ထောင်စုလွှတ်တော် ခွင့်ပြုချက်ဖြင့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀၀စီ ဒေသဖွံ့ဖြိုးရေး အတွက် ခွင့်ပြုပေးခဲ့ရာ မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယင်းဘတ်ဂျက်ငွေများကို ဦးဆောင်အသုံးပြုခွင့်ရခဲ့ရာ ယင်းဖြစ်စဉ်အပေါ်လည်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သော ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက ပါတီနာမည်ကောင်းရရန် လုပ်ဆောင်မှုတစ်ရပ်အဖြစ် ရှုမြင်သူများရှိခဲ့ပြီး အခြား တစ်ဖက်တွင်လည်း နိုင်ငံတော်ဘတ်ဂျက်ငွေများ မှ နေရာအနှံ့ကြဲဖြန့်သလို သုံးစွဲခြင်းရှိခဲ့ကြောင်း ဝေဖန်မှုများ ခဲ့ကြသည်။ လွှတ်တော်မှ ချပေးသော ကျပ်သိန်း ၁၀၀၀စီ မြို့နယ်အလိုက် ဖွံ့ဖြိုးရေး အသုံးစရိတ်များကို မြို့ နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်ပိုင်ဆုံးဖြတ်သုံးစွဲခွင့်မရှိဘဲ အုပ်ချုပ်ရေးအာဏာပိုင်များ ပါဝင် သော ကော်မတီများဖွဲ့၍ ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် ထည့်ဝင်သုံးစွဲခဲ့သော ဒေသများလည်းရှိခဲ့သည်။

လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သော နိုင်ငံတော်က ပံ့ပိုးထားသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက် ဆိုင်ရာအစိုးရအဖွဲ့၏ လိုအပ်ချက်များကိုလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““အဘက တစ်ခါ ပညာ ရေးဒုဝန်ကြီးကို ခင်ဗျားက အလွတ်ကျက်ပြီး လာဖြေနေတယ်လို့။ စိတ်ကကုန်သွားပြီ။ ဒီကျောင်းတွေ ဒီကျောင်း တွေ အဆင့်မြင့်ဖို့ နောက်တစ်နှစ်မှ လုပ်ပါမယ်၊ နောက်တစ်ခု အန္တရာယ်ရှိတဲ့ ကျောင်းဆောင်တွေကျတော့ လည်း ရွှေ့ဆိုင်းပါမယ်ဆိုတော့ စိတ်က မရှည်တော့ဘူး။ အန္တရာယ်ရှိတယ်ဆိုရင် မေးရတော့မယ်လေ။ သူ့ရဲ့မြို့ နယ်၊ ခရိုင်ကိုလှမ်းမေး၊ တကယ်ရှိတယ်ဆိုရင် လုပ်ရမှာပေါ့။ အန္တရာယ်ရှိနေပြီဟာကို ဒီအတိုင်းဖြေနေတော့ ခင်ဗျားက အလွတ်ကျက်ပြီး လာဖြေတယ်လို့””ဟု ပြင်းပြင်းထန်ထန် ဝေဖန်သတိပေးခဲ့ဖူးကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ပုံညွှန်းစာ(၁) - ဦးသိန်းဇော်(ဗိုလ်မှူးချုပ်)၊ ဦးခင်အောင်မြင့်(ဗိုလ်ချုပ်) နှင့် ဦးသိန်းဆွေ(ဗိုလ်ချုပ်) တို့ ပြည်ခိုင်ဖြိုးပါတီညီလာခံ တက်ရောက်နေစဉ်

ပုံညွှန်းစာ(၂) - ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီ မှ ၀န်ကြီးဦးသန်းထွန်း နှင့် ၀န်ကြီး ဦးဝင်းကိုကို တို့ကို တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment