~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ မေ ၂၆
၁၉၈၈ နောက်ပိုင်း တည်ထောင်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLDပါတီ) ဥက္ကဋ္ဌ ဦးအောင်ရွှေ (ဗိုလ်မှူးချုပ်-ငြိမ်း)သည် ယခုအခါ အသက် ၉၀ ကျော်ပြီး ပါတီတာဝန်မှ အနားယူသည့်တိုင် ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်နှင့် နာယက သူရဦးတင်ဦးတို့ မကြာခဏ ဦးအောင်ရွှေ၏ နေအိမ်သို့သွားရောက် တွေ့ဆုံမှုရှိကြောင်း NLD ပါတီဗဟိုထံမှ သတင်းရရှိသည်။
NLD ပါတီကို တည်ထောင်စဉ်က ဥက္ကဋ္ဌ ဦးအောင်ရွှေ (၁၉၅၈ အိမ်စောင့်အစိုးရ လက်ထက် ဗိုလ်မှူးချုပ်)၊ ဒုဥက္ကဋ္ဌ သူရဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ)၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်တို့ ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင် ၏ တပ်မတော်အစိုးရက အရေးယူထားသည့် သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်း စုကြည် တို့ကိုပါတီတာဝန်နှင့် ပါတီမှ ထုတ်ပယ်ကြောင်း(၁၁-၁၂-၁၉၉၁)တွင် ဥက္ကဋ္ဌ ဦးအောင်ရွှေလက်မှတ်ဖြင့် ထုတ်ပြန် ကြေညာချက်ကို အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။
ယနေ့ NLD အကြီးအကဲများ ဖြစ်သော ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ပါတီမှ ထုတ်ပယ်ခဲ့သော ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ လုပ်ရပ်မှာ ထိုစဉ်က တပ်မတော် အစိုးရနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း အလိုကျ လုပ်ဆောင်ချက်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူအချို့က ဝေဖန်သုံးသပ်ကြကြောင်း မြန်မာသံတော်ဆင့် ၏ မေးမြန်းမှုအပေါ် NLD နာယက သူရဦးတင်ဦးက အဆိုပါ သုံးသပ်မှုများသည် မဟုတ်မမှန်ကြောင်း ငြင်းဆို ခဲ့သည်။
““မဟုတ်ပါဘူး။ အဲဒါက ဒီလိုလေ၊ ၁/၉၀ က ထုတ်ထားပြီလေ။ ဒါနဲ့ ပတ်သက်ပြီးတော့ လက်မှတ် မထိုးဘူး ဆိုရင် အဖွဲ့ဖျက်ပစ်မယ်။ သူက ဖျက်မယ်လို့ ရေးထားတာ။ အဲဒီတော့ သူရွေးကောက်ပွဲ လုပ်ထား တာတွေ ကို သူ့ကြောင့် ပျက်သွားတယ်ဆိုတာ မပျက်စေချင်လို့ သူက ဒေါ်အောင် ဆန်းစုကြည်နဲ့ ပတ်သက်တာ၊ အဲဒီတုန်းက သူကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း စခါစပဲ ရှိသေးတယ်ဆိုတော့ ဒီလိုလည်းပဲ Personality မမြင့်မားသေးဘူးလေ။ ပြန်ပြီးတော့ လုပ်လို့ရတယ်ဆိုပြီးတော့ လုပ်လိုက်တယ်။ နောက်ပြန် လုပ်လို့လည်းရရော ဒေါ်အောင်ဆန်းစုကြည် က ကျေးဇူးတင်တယ်လေ။ ပလက်ဖောင်းရှိသွားတာကိုး။ NLD ပလက်ဖောင်း ရှိသွားပြီလေ။ အဲဒါကြောင့်မို့လို့ မဟုတ်ရင် ဖျက်ပစ် လိုက်မှာပေါ့ သူတို့က။ ဖျက်လိုက်ရင် ကျွန်တော်တို့က ပလက်ဖောင်း မရှိဘူးဖြစ်မယ်။ အဲဒါလည်း မှန်ပါတယ်။ ထုတ်လိုက်ပြီ လို့ ထောင်ထဲကြား တဲ့ အခါကျတော့ စိတ်တော့ မကောင်းဘူးပေါ့။ ဟိုတုန်းက ကျွန်တော့်ရဲ့ Position က NLD ရဲ့ ဥက္ကဋ္ဌဆိုတော့ အိုကေပေါ့ဗျာ။ ထုတ်လိုက်ပြီ ဆိုတော့ အောက်ကျသွားတာပေါ့။ ကျွေးတာမွေးတာ အကုန်လျော့ သွားတာပေါ့။ အဲ့လိုတော့ ဖြစ်သွားတာပေါ့။ ဟိုတုန်းက ဥက္ကဋ္ဌဆိုတော့ ထမင်းလည်း သီးသန့်လေး ချက်ပေးတာတို့ ဘာတို့ ဆိုတော့ အိုကေပေါ့။ နောက်တော့မရဘူး၊ သူတို့နဲ့ကိုယ်ရောစားပဲ။ ထုတ်လိုက်ပြီ ဆိုတော့ ပြီးသွားပြီလေ”” ဟု ဦးတင်ဦးက ယခုနှစ် မေလ အတွင်း မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အစိုးရလက်ထက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသို့ NLD ပါတီဝင်ရေး မ၀င်ရေးတို့ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရသည့်တိုင် ပါတီအပေါ် ဦးအောင်ရွှေက အကြံဉာဏ်နှင့် သဘောထား ရပ်တည်ချက်များနှင့် စပ်လျဉ်း၍လည်း ““ဦးအောင်ရွှေက သူကအသက် ၉၈ နှစ်၊ သတိတော့ ရသေးတယ်။ ဒါပေမဲ့ သူနိုင်ငံရေးစကား မပြောတော့ဘူး။ ပြောရင် သူနားထောင်နေတာပဲ။ ဟုတ်လား ဒီလောက်ပဲ။ မပြောတော့ဘူး ဘာမှမပြောဘူးသူက။
ဟိုတုန်းကတော့ ပါတီပေးတာက သူကရှင်းရှင်းပဲလေ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အရင်တုန်းက လုပ်သလိုပေါ့၊ သူတို့က အစအဆုံး ချမှတ်ပေးတယ်။ အဲဒီမှာ ၀င်လိုက်ပြီးတော့အဖွဲ့က အရွေးခံဆိုတဲ့လမ်းစဉ်။ နောက်တော့ သူက ကျွန်တော်တို့ အများစုဆန္ဒကို လိုက်လျောပြီးတော့ မ၀င်ဘူးဆိုတာ ဆုံးဖြတ်ပေးတယ်။ Mandate ကသူ့ဆီမှာရှိတာကိုး။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ Mandate ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် Mandate ကရပြီးပြီ။ သူ့ Mandate ကမရသေးဘူး။ သိန်းညွန့်ပေါ့ဗျာ။ ဒီ Mandate မပါရင် မဖြစ်နိုင်ဘူး ဆိုပြီးတော့ အဲဒီ Mandate ရအောင် တောင်းရသေးတာ။ ကျွန်တော်တို့ သွားပြောရတယ်။ ဗိုလ်ချုပ် ပြည်သူ လူထုရဲ့ ဆန္ဒက ဘယ်လိုဖြစ်နေတယ်။ အဲဒါသွားပြီးတော့ ဇွတ်လုပ်လို့မရဘူး။ နောက်ပြီးတော့ သူတို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း အရင်လို မဟုတ်ဘူး။ နားလည်သွားပြီ။ အရင်တုန်းက ရွေးကောက်ပွဲ ကော်မရှင်ဆို ကော်မရှင်အလုပ်ပဲ လုပ်တာ။ ပြီးရင် သူကပေး။ ဆက်ခန့်ထားတာ။ အခုထားတဲ့ Constitution (အခြေခံဥပဒေ)တော့ ဒီရွေးကောက်ပွဲအတွက် ခန့်တဲ့ကော်မရှင်သည် နောက်ရွေးကောက်ပွဲအထိ အသက်ရှိတယ်။ သူ့တာဝန်တွေက ကွပ်ကဲရမယ်၊ ကြီးကြပ်ရမယ်၊ စောင့်ထိန်းရမယ်၊ အရေးယူရမယ်။ အကုန်ရေးထားပြီလေ။ အဲလို ဒီလိုလုပ်လို့ရှိရင် လုပ်ခါစပဲရမယ်။ ပြန်ထည့်ရင် အဖွဲ့ဖျက်ပစ်မှာပဲလို့။ ဘာလို့ဝင်မလဲ၊ မ၀င်တော့ဘူးဆိုပြီးတော့ အဲလို ဆုံးဖြတ်လိုက်တယ်။ အဲဒါပဲ”” ဟု နာယက သူရဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ရှင်းပြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တပ်မတော်အစိုးရ လက်ထက်မှ ကြံ့ခိုင်ရေးအသင်းကို ကြံ့ခိုင်ရေးပါတီ ပြောင်း ၍ ရွေးကောက်ပွဲဝင်ကာ အစိုးရသစ်သမ္မတဖြစ်လာသော ဦးသိန်းစိန်အစိုးရ၏ ကင်းထောက်အဖွဲ့များ ဖွဲ့စည်းသည့် လုပ်ဆောင်မှုများမှာ ယခင်ဦးနေ၀င်း (ဗိုလ်ချုပ်ကြီး/ လမ်းစဉ်ပါတီ ဥက္ကဋ္ဌ)၏ လုပ်ဆောင်မှု ပုံစံများအတိုင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက် ကြံ့ခိုင်ရေးအသင်းနှင့် ကင်းထောက်ဥက္ကဋ္ဌ တာဝန်များ ယူခဲ့ဖူးသူ NLD နာယကသူရဦးတင်ဦး (ဗိုလ်ချုပ်ကြီး)က မေလအတွင်း မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
““နာယကတင် ဘယ်ကမလဲ ဥက္ကဋ္ဌကြီး။ ဒါတင်ဘယ်ကမလဲ ကျွန်တော်က တိုင်းရဲ့ ကင်းထောက်ရဲ့ဥက္ကဋ္ဌ။ အခုဒီကျမှ ကင်းထောက် သူတို့လုပ်နေ တယ်လေ။ ဒီတိုင်းပဲလာတာပဲ။ ဒီပုံစံအတိုင်းပဲ။ ဘာကြောင့်လဲ၊ သူတို့မှာက ဒီ Concept ပဲ ဦးနှောက်ထဲမှာ စွဲမြဲနေတဲ့ဟာ။ ဒါပဲရှိတယ်။
ကျွန်တော်က ရခိုင်ပြည်နယ်မှာတိုင်းမှူး။ ဒါပေမဲ့ အလယ်ပိုင်းတိုင်း လို့ ခေါ်လိုက်တယ်။ တိုင်းခွဲလိုက်ပြီ၊ ၅ ခုလား မသိဘူး ခွဲလိုက်ပြီ””ဟု ဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရလက်ထက် ၁၉၉၃ ခုနှစ် စက်တင် ဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (အများအခေါ် ကြံ့ခိုင်ရေးအသင်း) အဖြစ်ဖွဲ့စည်းခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ တိုင်းမှူး၊တပ်မမှူးများ အောက်ခြေအဆင့်တိုင်အောင် ပါဝင်ကြီးကြပ်ခဲ့ရကာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲခဲ့ပြီး ရွေးကောက်ပွဲ ၀င်ခဲ့သည်။ ယခုအခါ ပြည်ခိုင်ဖြိုးပါတီတွင် ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဒုတိယဥက္ကဋ္ဌများမှာ ဗိုလ်မှူးချုပ်(ငြိမ်း) သူရဦးအေးမြင့်၊ ဗိုလ်ချုပ်(ငြိမ်း) ဦးဌေးဦး၊ ပါတီဗဟိုအတိုင်ပင်ခံများတွင် ဗိုလ်မှူးကြီး(ငြိမ်း) ဦးအောင်သောင်း၊ ဗိုလ်ချုပ်(ငြိမ်း) ဦးတင်ထွတ်၊ ဗိုလ်ချုပ်(ငြိမ်း) ဦးခင်အောင်မြင့်၊ ၀န်ကြီး(ငြိမ်း) ဦးစိုးသာတို့ ပါဝင်ဖွဲ့စည်းထားကာ အထွေထွေ အတွင်းရေးမှူးသည် ဗိုလ်မှူးချုပ်(ငြိမ်း) ဦးမောင်မောင်သိမ်းဖြစ်သည်။ ယခင်တပ်မတော်အစိုးရ လက်ထက် တွင် NLD ပါတီအတွင်းသို့ စစ်ထောက်လှမ်းရေးများ၏ နည်းများအတိုင်း တပ်မတော်နှင့် အရပ်ဘက်မှ အသွင်မျိုးစုံယူကာ ၀င်ရောက် ထောက် လှမ်း နှောင့်ယှက်ခြင်းများရှိခဲ့ပြီး ယခုအခါတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ NLD ပါတီအတွင်းသို့ အင်အားကြီး အတိုက်အခံများက ၀င်ရောက် နှောင့်ယှက်မှုများလည်း ရှိနိုင်ကြောင်း NLD ပါတီ ဗဟိုတာဝန်ရှိသူအချို့က မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။
လတ်တလောတွင် မြန်မာ့နိုင်ငံရေး၌ အနားယူပြီး သြဇာကြီးနေကြသော ပုဂ္ဂိုလ်ကြီးများအဖြစ် လူထုထောက်ခံမှု ရရှိထားသော NLD ပါတီမှ ရိုသေလေးစားမှုရရှိနေသည့် ဗိုလ်မှူးချုပ်(ငြိမ်း) ဦးအောင်ရွှေ (အသက်၁၀၀) နီးပါးဖြစ်ပြီး အာဏာရပြည်ခိုင်ဖြိုးပါတီမှ ရိုသေလေးစားမှုခံနေရသော ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ (အသက် ၉၀) နီးပါးတို့ ဖြစ်ကြသည်။
MH-0011
ပုံညွှန်းစာ(၁) - ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေနှင့် သူရဦးတင်ဦး
ပုံညွှန်းစာ(၂) - လူထု ထောက်ခံမှုရရှိထားသော NLD ပါတီ အပေါ် သြဇာကြီးလျက်ရှိကြသည့် ဗိုလ်မှူးချုပ်ဟောင်းဦးအောင်ရွှေ နှင့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


No comments:
Post a Comment