Tuesday, June 2, 2015

ပလတ်စတစ် အန္တရာယ် ကာကွယ်ရေးအတွက် ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ပလတ်စတစ် အန္တရာယ်ကာကွယ်ရေး ဥပဒေကြမ်း အမြန်ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇွန် ၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေး ဝန်ကြီးဌာနကို တာဝန်ပေးလိုက်သည်။

“ကျွတ်ကျွတ်အိတ်နဲ့ ရောင်းတုန်း ရှိပါသေးတယ်။ ကျေးလက်ဒေသတော့ ပြောမနေနဲ့ နေပြည်တော်မှာ အံ့အားသင့်စရာ
ကောင်းလောက်အောင် ဖြစ်နေတာရှိတယ်၊ ပလတ်စတစ်မှာ အန္တရာယ်ရှိတဲ့ဟာ၊ မရှိတဲ့ဟာ ခွဲဖို့လိုတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

သို့အတွက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေကြမ်း အမြန်ရေးဆွဲရန် အခက်အခဲ ရှိလျှင် အမျိုးသားလွှတ်တော်က ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆက်ပြောသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ဥပဒေကြမ်း အမြန်ဆွဲတော့၊ ကျွန်တော်တို့လည်း ၀ိုင်းကူပါမယ်။ ဒါ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စဉ်းစားရမယ်။ ဒါ အစားအသောက်နဲ့ ပတ်သက်လို့ ရုပ်သိမ်းလိုက်ရင် ဘာရှိမလဲ မရှိတဲ့အတွက် စဉ်းစားရမယ်ဆိုတာတော့ မလိုပါဘူး။ ဆိုင်တွေမှာ စားစရာဝယ်ရင် အရင်က ချိုင့်နဲ့ သွားတာပဲ၊ ကိုယ့်အိမ်က ချိုင့်နဲ့ ပန်းကန်နဲ့ ဆိုင်က ယူကြတာ။ ဒါ ပေါ်လာတော့မှသာ အလွယ်တကူနဲ့ ဆိုင်က ဒါနဲ့ လုပ်ပေးလို့ ဒါနဲ့ ယူတယ်။ ဒါမလုပ်ရ ဆိုရင်ကို အိမ်က ချိုင့်နဲ သွားဝယ်မှာပဲ။ သိပ်ပြီး ခက်ခဲတဲ့ အရာတော့ မရှိဘူး ထင်ပါတယ်။ ဒါက ဆက်ပြီး ဆောင်ရွက်နေမယ်ဆိုရင် တစ်နေ့တခြား ပိုပို ဆိုးလာပြီး နိုင်ငံသားရဲ့ အန္တရာယ်တွေ ကြီးမားပါတယ်” ဟု ဆက်ပြောသည်။

ယခုအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဆိုလျှင် နိုင်ငံတွင် တစ်ရက်ထက် တစ်ရက် အခြေအနေ ပိုမိုဆိုးရွာလာမည်ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမော်ထွန်းက ပြည်သူများ ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးတို့အတွက် ပလတ်စတစ် သုံးစွဲမှု လျှော့ချရေး၊ ကင်းစင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံး အသိရှိရှိ ပါဝင်လာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးမှု အပြီးတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒီနေ့ ဆေးရုံတွေမှာ သွားကြည့်ရင် ကင်ဆာရောဂါ တအား ဖြစ်နေတယ်။ မြန်မာနိုင်ငံက ကမ္ဘာရဲ့ ကင်ဆာ အများဆုံးစာရင်းမှာ ပါနေတယ်။ ဒီကိစ္စတွေလည်း ပါပါတယ်၊ ဒါကို ဥပဒေပြုဖို့ လိုပါတယ်။ ဥပဒေကြမ်းကိုဆွဲပါ၊ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပေးပါမယ်။ ဒီမှာ လာဆွဲလည်း ရပါတယ်” ဟု ဦးခင်အောင်မြင့်က ဆက်ပြောသည်။

ပြည်သူများ ကျန်းမာရေးအတွက် အန္တရာယ်တစ်ခုဖြစ်သော ပလတ်စတစ်အိတ် သုံးစွဲမှုကို ဟန့်တားနိုင်ရန် ရေ၊ မိလ္လာ၊ အမှိုက်သန့်ရှင်းရေးအတွက် ပညာပေးခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ အောက်ခြေအထိ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ရောဂါများအပြင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို နှောင့်ယှက်ဖျက်ဆီးသော စွန့်ပစ်မှုများကိုပါ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာ ဝင်းမြင့်က ပြန်လည်ဆွေးနွေးသည်။


Credit - Mizzima News

No comments:

Post a Comment