Monday, November 10, 2014

မျက်နှာပြောင်မှ ခေါင်းဆောင်ဖြစ်တဲ့ ယနေ့ မြန်မာ့ဒီမိုကရေစီ ( ဆောင်းပါး )

ဆောင်းပါး - ကိုရွှေအောင်သင်း

မကြာမီကာလမှာ ၂၀၁၅ ရွေးကောက်ပွဲ နဲ့အတူ မြန်မာ့ဒီမိုကရေစီ အစိုးရသစ် တစ်ရပ် ကို ပြည်သူတွေ ပြန်လည်ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီ့အချိန် မှာ ပြည်သူတွေဟာ မိမိတို့ဘ၀၊ မိမိတို့တိုင်းပြည်အတွက် ထိရောက် စွာ ဦးဆောင်မယ့်သူတွေကို မှန်ကန်စွာ ရွေး ချယ်ကြမှသာ ပိုမိုလှပသာယာတဲ့ အနာဂတ် ကို ရှေးရှုနိုင်ကြမှာဖြစ်ပါတယ်။ ဘယ်လိုရွေး ချယ်ကြမလဲ မပြောခင် လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်တွေရဲ့ အနေအထားကို အရင် သုံးသပ်ပြချင် ပါတယ်။ သို့မှသာ အမှားထဲက သင်ခန်းစာယူပြီး ပြည်သူတို့ မှန်ကန်စွာရွေး ချယ်နိုင်ကြမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့

လက်ရှိခေါင်းဆောင်အများစုကို မျက်နှာပြောင် လို့ ခေါင်းဆောင်ဖြစ်နေကြတယ်လို့ မြင်ပါ တယ်။ စာရေးဆရာ ရမ်းလှချည်လားလို့ အ ပြစ်တင်မစောကြပါနဲ့။ ကျွန်တော့်သုံးသပ် ချက်တွေကို အရင်ဖတ်ကြည့်ကြစေလိုပါ တယ်။

လက်ရှိခေါင်းဆောင်တွေ မျက်နှာပြောင် ပြောင်နဲ့သုံးနေတဲ့ ဗျူဟာအချို့ကို ကျွန်တော် ချပြချင်ပါတယ်။ ပထမဗျူဟာက “တောင်းရဲ ရမယ်၊ မောင်းရဲရမယ်” တဲ့။ မျက်နှာပြောင် ပြောင်နဲ့ ကျွန်တော့်ကို ခေါင်းဆောင်အဖြစ် မဲပေးကြပါဗျာလို့ လူတကာကို လိုက်ပြောရဲ ရပါတယ်။ အားနာတတ်တဲ့ မြန်မာလူမျိုးတွေက သနားပြီး မဲပေးလိုက်ကြတာပါပဲ။ နောက် အလှူရှင်တွေဆီက ငွေကို မျက်နှာပြောင် ပြောင်နဲ့ ကျွန်တော်တို့တိုင်းပြည်က ဆင်းရဲ၊ ပြည်သူကငတ်မွတ် ဒုက္ခတွေရောက်နေကြရ ပါတယ်ဗျာလို့ မျက်နှာပြောင်တိုက် တောင်းရဲ ရပါ တယ်။ မောင်းရဲရတယ်ဆိုရာမှာတော့ မိ မိနောက်လိုက်တွေထဲမှာ ကိုယ်ဘာ လုပ်လုပ် ထောက်ခံတဲ့သူတွေကို နေရာပေးပြီး မောင်း ရဲရသလို ကိုယ့်အမှားကို မခြွင်းမချန်ထောက်ပြ၊ အမှန်ကို ရဲရဲဝံ့ဝံ့တင်ပြရဲတဲ့သူတွေကျ တော့ အဖွဲ့ထဲက မျက်နှာပြောင်တိုက်ပြီး မောင်း ထုတ်ရဲရပါတယ်။

ဒုတိယဗျူဟာက “ငိုရဲရမယ်၊ ပိုရဲရမယ်” ဖြစ်ပါတယ်။ လူထုရှေ့ စင်ပေါ်ရောက်တဲ့ အ ခါ နိုင်ငံကောင်းကျိုးအတွက် ဘယ်လိုပေး ဆပ်ခဲ့တယ်၊ အနစ်နာခံခဲ့တယ် ဆိုတာကို သ နားလာအောင် ငိုပြတတ်ရသလို ကိုယ့်အမှား ကို ဝေဖန်ထောက်ပြ မယ့် ဆရာကြီးများရှေ့ ကျတော့လည်း ကျွန်တော့်အမှားကို ကျွန် တော်သိနေပါတယ်ဗျာ၊ ခွင့်လွှတ်ပေးကြပါလို့ ငိုပြတတ်ရပါတယ်။ လူထု အတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာကို ပြောတဲ့အခါ မှာတော့ မစားရ၊ ၀ခမန်း ယုံတမ်းစကားတွေ ကို ပိုပိုသာသာပြော မက်လုံးပေးဆွဲဆောင် ရသလို ကိုယ့်အရည်အချင်းကျပြန်တော့ မရှိ တာတွေကို ရှိသယောင် ဟန်လုပ် မျက်နှာ ပြောင်တိုက်ကာ အပိုကြွားလုံးတွေ ထုတ် တတ်ရပါတယ်။

တတိယဗျူဟာကတော့ “ဖားရဲရမယ်၊ ဝါးရဲရမယ်” ဖြစ်ပါတယ်။ လက်ရှိ အာဏာရ ခေါင်းဆောင်တွေကို အရည်အချင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဘခေါ်ကာ ဖားတတ်ရသလို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံအမတ်တွေ လာရင်လည်း ပျာပျာသလဲ ပြေးတွေ့၊ မျက်နှာပြောင်တိုက်ကာ ဖားတတ် ရပါတယ်။ ပြင်ပကလာတဲ့ အထောက်အပံ့ တွေကို သိသိတစ်မျိုး၊ မသိအောင် တစ်မျိုး ကိုယ့်အိတ်ထဲရောက်အောင် ဝါးတတ်ရသလို ပြည်သူ့ချွေးနှဲစာတွေ ကိုလည်း မညှာမတာ ခေါင်းပုံဖြတ်၊ အမြတ်ထုတ် မျက်နှာပြောင် တိုက်ပြီး ဝါးရဲရပါတယ်။

ဒီလောက်ပြောပြရင် လက်ရှိခေါင်းဆောင် တွေရဲ့ မျက်နှာပြောင်တိုက် နေရာ ယူထားမှု ကို မြင်သာလောက်ပြီထင်လို့ ပုံကြီးချဲ့ထပ် မပြောလိုတော့ပါဘူး။ ဒီမိုကရေစီလမ်းကြောင်း ရဲ့ ကွေ့တစ်ကွေ့မှာ တွေ့ကြရတဲ့ ခေါင်း ဆောင်တွေ ဟာ မျက်နှာပြောင်လို့ ခေါင်းဆောင် ဖြစ်ကြပေမယ့် နောက်ကွေ့ကိုတော့ ဒီလူ တွေကို ဦးဆောင်ချီတက်ခိုင်းလို့တော့ မတော်တော့ဘူးထင်ပါတယ်။ ဒီတော့ ဒီလူ တွေ ဘာကြောင့်နေရာရသလဲဆိုတာ ဆက်သုံးသပ်ကြည့်တော့ ကျွန်တော်တို့ပြည်သူလူ ထုရဲ့ အားနာတတ်မှု၊ အယုံလွယ်မှု၊ အား ကိုး ရှာလို မှုတွေကို ထိထိရောက်ရောက် အသုံးချသွားလို့လို့ အဖြေထွက်လာပါတယ်။

ဒီတော့ ပြည်သူလူထုကို အကြံပြုလိုတာက ယနေ့ကမ္ဘာကြီးဟာ ရွာကြီး သဖွယ်ဖြစ် လာတဲ့ခေတ်မှာ အခြေအနေတိုင်းမှာ အရွေ့ရှိနေပါတယ်။ အဲဒီ့ အရွေ့မှာ ထိထိရောက်ရောက်မလိုက်ပါနိုင်ရင်တော့ ကျန်ခဲ့မယ်။ ဒါမှမဟုတ် တလိမ့်ခေါက်ကွေး ပါသွားပါလိမ့် မယ်။ အဓိကအကြံပြုချက် နှစ်ခုပေး လို ပါတယ်။ ပထမအကြံပြုချက်က အစွဲမကြီးကြပါနဲ့လို့ သတိပေးချင်ပါတယ်။ ဒီလူမှသာ နိုင်ငံအတွက် အကောင်းဆုံးလို့ မျက်စိမှိတ်စွဲ လမ်းနေမယ့်အစား မိမိတို့ကို ခေါင်းဆောင်မယ့် လူဟာ မိမိတို့နဲ့ အပြန်အလှန်ဆွေးနွေး ခွင့် ပေး မယ့် သူလား ရွေးချယ်ပါ။ ဆွေးနွေးခွင့်တောင်း ပါ။ ဆွေးနွေးစရာ အရေး ကိစ္စတွေ ပြင်ဆင်ထားပါ။ ကိုယ့်အတွေးအခေါ်တွေကို အပိတ် မခံပါ နဲ့။ ဆွေးနွေးကြရာမှာလည်း တရားခံရှာဆွေးနွေးတာမျိုး မဟုတ်ဘဲ အဖြေ ရှာဆွေးနွေးတာမျိုးကို ဇောင်းပေးဆွေးနွေး ကြပါ။ လက်ရှိအခင်းအကျင်းက အမှားအ ယွင်းတွေဟာ ဘယ်သူတွေကြောင့်လို့ စွပ်စွဲတတ်သူမျိုးကို မဆွေးနွေး ဘဲ အမှန်လမ်းပေါ် ရောက်အောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ အကြံပေးနိုင်သူမျိုးနဲ့ ပွင့်ပွင့်လင်းလင်း အပြုသဘောဆွေးနွေးနိုင်သူမျိုးကို မျက်စိ ဖွင့်၊ နားစွင့်ရှာဖွေကြပါလို့ အကြံပြုလိုပါ တယ်။

ဒုတိယအချက်အနေနဲ့ အားမနာနဲ့၊ မယုံနဲ့၊ အားမကိုးနဲ့လို့ ပြောချင်ပါတယ်။ ငိုတတ် တဲ့သူတွေ၊ ပိုတတ်တဲ့သူတွေ၊ တောင်းတတ် တဲ့သူတွေကို ငြင်းဆန်ပါ။ အားနာစရာမလို ပါဘူး။ မက်လုံးပေးသူတွေကို ယုံကြည်အား ကိုးမှု အစား မေးခွန်း များနဲ့ စူးစမ်းပါ။ အနည်း ဆုံးတော့ ခင်ဗျားတို့ နိုင်ငံခြားရေး မူဝါဒက ဘာလဲလို့မေးပါ။ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒလို့ပြောရင်တော့ ရယ်လိုက်ပါတော့။ က နေ့ခေတ်မှာ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြား ရောက်နေ တဲ့ တိုင်းပြည်အဖို့ ဘက်မလိုက် တိုင်းပြည်ထူထောင်ဖို့ မလွယ်ဘူး ဆိုတာ နိုင်ငံရေး အနည်းငယ်လေ့လာသူတောင် သိပါတယ်။ တစ်ဖွဲ့ဖွဲ့ (အာဆီယံ၊ ဥရောပ)စသဖြင့်နဲ့ ပူးပေါင်းပြီး ထိုမူဝါဒကို ကျင့်သုံးမယ်ဆိုရင်တော့ ဆက်မေးပါတော့။ စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် ဘာတွေ လုပ်ပေးနိုင် မလဲမေးပါ။ အလုပ်သမားအခွင့် အရေး၊ လယ်သမားအခွင့်အရေးတွေ အပြည့် အဝရအောင် ဆောင်ရွက်ပေးမှာပါဆိုတဲ့ အဖြေမျိုးလောက်နဲ့ ကျေနပ်မနေပါနဲ့။ အရေးကြီးတာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် အရေးဆိုင်ရာတွေမှာ တာဝန်ခံတဲ့သူတွေဖြစ် လာအောင် ဘာတွေ လုပ်ပေးမလဲ ဆက်မေးကြပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်

ပြန်အနှစ်ချုပ်ရမယ်ဆိုရင် လက်ရှိ မြန်မာ့ဒီမိုကရေစီမှာ မျက်နှာပြောင် တဲ့သူတွေ ခေါင်းဆောင်ဖြစ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ပြည်သူတွေ ယုံလွယ်လို့၊ အားနာလို့၊ အားကိုးရှာချင်ကြလို့ ဖြစ် ပါတယ် ။ နောင် တစ်ချိန်မှာ မျက်နှာပြောင်တဲ့ ခေါင်း ဆောင်တွေအစား ရဲရင့်ပေမယ့် အနိုင်မကျင့် တတ်တဲ့၊ ဟန်ရှိပေမယ့် ဘ၀မမြင့်တဲ့၊ တက် ကြွသလောက် မမြောက်ကြွတဲ့ အများပြည်သူကို အမှန်တကယ် ကိုယ်စားပြုတဲ့ ခေါင်း ဆောင် အစစ်တွေ ရွေးချယ်နိုင်ဖို့ ဆွေးနွေးကြ ပါ။ စူးစမ်းကြပါ။ မေးမြန်းကြပါ။ အရွေ့မှာ အတွေးအခေါ်တွေ ဖွင့် ရွေးချယ်ကြပါလို့ အ ကြံပြုလိုပါတယ်။

Credit - The Ladies News Journal

 

No comments:

Post a Comment