Monday, May 18, 2015

ကယားပြည်နယ်လုံး ဆိုင်ရာညီလာခံ အတွက် စည်းရုံးရေးဆင်းမည့် KNPPတပ်ဖွဲ့များ တပ်ရင်း သို့ဆုတ်ခွာ

ချင်းမိုင်၊ မေ ၁၈။       ။ ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ်အတွင်း ပြည်နယ်လုံးဆိုင်ရာ ညီလာခံအတွက် လူထုစည်းရုံးရေးဆင်းရန် ရောက်ရှိ လာသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့များအား မေလ ၁၆ ရက်က မိမိတပ်ရင်းသို့ ပြန်လည် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

KNPP-495x416



မေလဆန်းပိုင်း မှစတင်၍ ကွင်းဆင်းဆောင်ရွက်ရန် အတွက် လက်နက်အပြည့်အစုံ ကိုင်ဆောင် လာသည့် KNPP တပ်ဖွဲ့ ၂၀၀ ခန့်နှင့်အစိုးရ တပ်မတော် စစ်ကြောင်း တို့အကြား ပဋိပက္ခ မဖြစ်စေလိုသဖြင့် ပြန်လည် ဆုတ်ခွာသွားခြင်း ဖြစ်သည် ဟုဆိုသည်။

“ကျွန်တော်တို့ ၁၆ရက်ကနေ စပြီးတော့ ဆုတ်သွားပြီ။ သံလွင်မြစ်မကျော်သေးဘူး။ ခုမှရှားတောမြို့နယ် ပတ်ဝန်းကျင်မှာ ရောက်နေပြီ။ ကျွန်တော်တို့ဆွေးနွေး ပြီးတော့ လူထုနုတ်ဆက်ပွဲလုပ်ပြီးတော့ ပြန်ခိုင်းလိုက်တယ်။ ပဋိပက္ခ မဖြစ်ချင်လို့ ပြန်ခိုင်းလိုက်တာပါ”ဟု ဦးရွှေမျိုးသန့်က မဇ္ဈိမ ကိုပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်လုံးဆိုင်ရာ ညီလာခံ ကျင်းပရန် ခွင့်ပြုချက် ရရှိပြီးဖြစ်၍ ကော်မတီလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သူကပြော သည်။ လက်ရှိ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ ခေါ်ယူကျင်းပသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

မေလ ၉ရက်က KNPP ခေါင်းဆောင်များနှင့်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်းပြည်လုံးကျွတ် ညီလာခံ ကျင်းပရေး စည်းရုံးရေးဆင်းမည့် ကိစ္စကိုမူ အစိုးရက ကန့်ကွက်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခြင်း ဖြစ်သည်။

“အထူးသဖြင့် တပ်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အများကြီး အဓိကကျတဲ့ လူတွေ ဖြစ်တယ်။ သူတို့ ကိုယ်တိုင် သေချာနားလည်ဖို့ လိုတယ်။ လူထုတွေနဲ့ရင်းနှီး ဖို့ တည်ဆောက်ဖို့ လိုတယ်။ ကျနော်တို့က ရိုးရိုးလေးတွေးပေမဲ့ တဖက်က စစ်ရေးအနေနဲ့ ကြည့်နေတော့ စည်းရုံးအတွက် ပါတီခေါင်းဆောင်တွေ ကတော့ တောက်လျှောက် ပြည်သူနဲ့ ထိတွေ့ဆက်ဆံတာတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ဒီတခေါက် တပ်တွေအတွက် အဓိက ရည်ရွယ်တာပါ”ဟု သူကပြော သည်။

KNPP ၏ စည်းရုံးရေးဆင်းရန် လုပ်ဆောင်ချက်များကြောင့် ဒေသတွင်း အခြေအနေ ရှုပ်ထွေးလာပြီး ငြိမ်းချမ်းရေးထိခိုက်စေမည့် အရေး ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်လျှက်ရှိသည်ဟု မေလ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။

KNPP သည် ၂၀၁၂ ခုနှစ်လယ်ပိုင်းက အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီ လက်မှတ် ရေးထိုးခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အဖွဲ့ဝင် ဖြစ်သလို၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် လည်း KNPP က အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသည်။

Credit - Mizzima News

No comments:

Post a Comment