Wednesday, May 20, 2015

ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက ဖြစ်ရမှာလား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်မှာ နေတဲ့ ဦးသာထွန်း ရေးသား ပေးပို့လိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ပေးပို့နေကျစာတွေက မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဆင်မပြေမှုတွေကို ရေးသားပေးပို့ကြတာ ဖြစ်ပေမယ့် အခု ရေးပို့လိုက်တဲ့ စာရဲ့ ထူးခြားချက်ကတော့ နိုင်ငံအတွက် လူမျိုးအတွက် ရည်ရွယ်ပြီး ရေးခဲ့တဲ့ စာပါလို့ ဆိုပါတယ်။

သူဟာ အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်ခဲ့လို့ လုပ်ငန်းသဘာဝအရ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ အများအပြားကို ရောက်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ သတင်းစာဖတ်ရင် ရွှေ့ပြောင်း ဘင်္ဂါလီတွေနဲ့ ပတ်သက်တာတွေချည်း ဖတ်နေရတာကြောင့် စိတ်ဝင်စားမိပြီး သူ ဝန်ထမ်းဘဝက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အမှတ်ရမိပါတယ်လို့ ရေးပါတယ်။

နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မောင်တောကို လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော် ရောက်ခဲ့စဉ်က အဲဒီအချိန်မှာ လူဦးရေက အခုလောက် မများသေးဘဲ တစ်ဘက်နိုင်ငံကနေ စားဝတ်နေရေး အဆင်မပြေတဲ့သူတွေ၊ မြန်မာနိုင်ငံဘက်မှာ အလုပ်လာလုပ်ကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာလူမျိုးကလည်း သနားတတ်တဲ့သူတွေ ဆိုတော့၊ အလုပ်တွေပေးပြီး ကူညီလိုက်ကြတဲ့အခါ၊ ဒီနိုင်ငံမှာ သူတို့အတွက် စားဝတ်နေရေး အဆင်ပြေနိုင်တာကို သိလာကြပြီး တဖြည်းဖြည်းနဲ့ တရားမ၀င် ပြောင်းရွှေ့နေထိုင်လာကြရင်းနဲ့ သူတို့ ဘင်္ဂါလီဦးရေက ကြီးထွားလာခဲ့ပါတယ်။

အဲဒီအချိန်မှာ ပါးနပ်တဲ့ ဘင်္ဂါလီတချို့ဟာ မြန်မာနိုင်ငံက အကျင့်ပျက် ၀န်ထမ်းတွေနဲ့ ပေါင်းပြီး နိုင်ငံသားကတ်ရအောင် လုပ်လို့ မြန်မာနိုင်ငံသားအဖြစ် ခံယူနိုင်လိုက်ကြသလို၊ တချို့ ဘင်္ဂါလီတွေ ကျတော့ တရားမ၀င် နေထိုင်တာကို အရေးမယူလို့ ဒီအတိုင်းပဲ ဆက်နေနေကြတာကို တွေ့ခဲ့ရတယ် လို့ ပြောပါတယ်။
အခုလည်း သူတို့နိုင်ငံမှာ စားဝတ်နေရေး အဆင်မပြေလို့ ပင်လယ်ပြင်ကို လှေနဲ့ ဖြတ်သန်းပြီး ရွှေ့ပြောင်းနေကြတာကို ဘာမှမဆိုင်ဘဲနဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေဆိုပြီး နိုင်ငံတကာက မြန်မာနိုင်ငံကို တရားဝင်လက်ခံ အောင် ပြောနေကြတာ၊ လုပ်နေကြတာကတော့ ခံပြင်းစရာကောင်းပါတယ်တဲ့။

ခြားနားတဲ့ရုပ်ရည်နဲ့ ကွဲပြားတဲ့ ဘာသာစကားကို အထင်အရှား တွေ့မြင်နေရပါလျက်နဲ့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအားလုံးက သံအမတ်တွေ၊ ကုလသမဂ္ဂနဲ့ ဥရောပသံအမတ်တွေဟာ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ မေလ ၁၇ ရက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) မှာ တွေ့ဆုံပြီး ပင်လယ်ပြင်ကို ဖြတ်ပြီးရွှေ့ပြောင်းနေထိုင်ကြတဲ့ ဘင်္ဂါလီအရေးကို အလေးပေး ပြောကြားခဲ့တယ်လို့ သတင်းစာမှာ ဖတ်လိုက်ရပါတယ်။

သူတို့က ဘင်္ဂါလီတွေကို မြန်မာနိုင်ငံက ဖြစ်တယ်လို့ ပြောချင်ပြီး မြန်မာနိုင်ငံက လက်ခံဖို့ ဖိအားပေးတယ်လို့ သူ့အနေနဲ့ ယူဆပါတယ်လို့ ရေးပါတယ်။ ဒီဆွေးနွေးပွဲမှာ သမ္မတ ပြောရေး ဆိုခွင့်ရှိသူက ပင်လယ်ပြင်ကို ဖြတ်သန်းပြီး လှေနဲ့ ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဘင်္ဂါလီများက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေကြောင့် ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေလို့ မမြင်ဘဲ ဒီပြဿနာဟာ လူ မှောင်ခိုကူးမှုသာ ဖြစ်တဲ့အတွက် နိုင်ငံတကာ အဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်မယ် လို့ နိုင်ငံတကာကို တုန့်ပြန်ပြောကြားခဲ့တာကို ဖတ်ပြီး ထောက်ခံမိပါတယ်။

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်နေတဲ့သူအားလုံးကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးပြီး မှန်ကန်တဲ့ အထောက်အထား ပြနိုင်ရင် သက်ဆိုင်ရာ နေရာတွေကို ခေါ်ယူရန် ဆောင်ရွက်မယ်ဆိုတာကို ဖတ်လိုက်ရတဲ့အတွက် ဒီလိုဆွေးနွေးပြောဆိုခဲ့တာကို ပြည်သူတစ်ယောက်အနေနဲ့ အားရကျေနပ်မိပါတယ်တဲ့။

ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက လက်ခံရမှာလား ဆိုတာကို နိုင်ငံတကာက လူတွေ သိဖို့ လိုတယ်လို့ သူ့အနေနဲ့ ယုံကြည်မိတာကြောင့် မြန်မာနိုင်ငံက နိုင်ငံရေး စိတ်ဝင်စားတဲ့ လူပုဂ္ဂိုလ်တွေ အသင်းအဖွဲ့၊ ပါတီတွေအနေနဲ့ ဘင်္ဂါလီအရေးကို အစိုးရတစ်ခုတည်းက ဖြေရှင်းနေတာမျိုး မဖြစ်သင့်ဘဲ တခြားအကြောင်းအရာတွေမှာလည်း အင်တိုက်အားတိုက် တက်တက်ကြွကြွ ပါဝင်သလို လုပ်ဆောင်သင့်ပါကြောင်း နိုင်ငံနဲ့ လူမျိုးအရေးကို အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပါတယ်ဆိုပြီး ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။


Credit - Mizzima News

No comments:

Post a Comment