Tuesday, May 19, 2015

ရွေးကောက်ပွဲ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အား အကုန်သုံးမည်

ရန်ကုန် မေ ၁၉။      ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အား အားလုံးကို အသုံးပြုမည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီး အရာရှိချုပ် ရဲမှုးချုပ် သူရဘိုနီက မေလ ၁၈ရက်တွင် မဇ္ဈိမကိုပြောသည်။

"ရွေးကောက်ပွဲအတွက် တိုင်းနဲ့ ပြည်နယ်အားလုံးက အရာရှိအဆင့်တွေအားလုံးကို သင်တန်း ပေးပြီးသွားပြီ၊ ကုလသမဂ္ဂက တစ်ခြားအဖွဲ့တွေနဲ့လည်း သူတို့ရဲ့ အနီးစပ်ဆုံး အတွေ့အကြုံတွေ၊ အမြင်တွေ ဖလှယ်ဆွေးနွေး၊ သင်တန်းပေးတယ် " ဟု ၄င်းကဆိုသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်  မဲရုံလုံခြုံရေး၊  မဲပေးသူ လုံခြုံရေး၊ လွတ်လပ်စွာ မဲပေးနိုင်ရေး၊ မဲလက်မှတ်လုံခြုံရေး၊ မဲပုံးလုံခြုံရေး ၊ မဲသယ်ယူ ပို့ဆောင်ရေးအတွက် လုံခြုံရေး စသည့်
အကြောင်းအရာများကို USIP (United State Institutes of Peace) အပြင် ကုလသမဂ္ဂမှ အဖွဲ့အချို့နှင့် ပူးပေါင်းကာ သင်တန်းများ ပို့ချထားပြီးဖြစ်သည်ဟု ဆိုသည်။

USIP သည် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေး၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ စွမ်းရည်မြှင့် သင်တန်းများ၊ ပညာပေး သင်တန်း များ စသည်တို့ကို ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

နိုဝင်ဘာလဆန်းကျင်းပမည့်  ၂၀၁၅ ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒနယ်ပေါင်း ၁၁၅၈ ခုကျော်ထိ ရှိနေသော်လည်း ကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို မဲစာရင်းပြုစုမှုများ ပြီးစီးမှသာ ထုတ်ပြန် သွားမည်ဟု  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းပြန်ကြားရေးအဖွဲ့က ဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်အောက်တိုဘာနောက်ဆုံး အပတ်နှင့် နိုဝင်ဘာ ပထမအပတ် အတွင်းကျင်းပ သွားမည်ဖြစ်ပြီး ယင်းမတိုင်မီ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ မဲစာရင်းထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းတို့တွင် ရဲတပ်ဖွဲ့က တာဝန် ယူဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တစ်သိန်းနီးပါးဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၀၀ကျော်တွင် ရဲတပ်ဖွဲ့အပြင်၊ ကော်မရှင်မှ မဲရုံတာဝန် ရှိသူများနှင့် အခြားအထွေထွေအုပ်ချုပ်ရေး အဖွဲ့များကလည်း ပူးပေါင်းတာဝန်ယူမည်ဟု ရဲမှုးချုပ် မြ၀င်းကမဇ္ဈိမကို ဆိုထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖွဲ့စည်းပုံအရသတ်မှတ်ထားသည့် ရဲတပ်ဖွဲ့အင်အားထက် လက်ရှိတွင် တစ်ဝက်သာ အသုံးပြု နိုင်သေးပြီး ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအပြည့် အသုံးပြု ပါက ထပ်ဆောင်းအင်အား ၇၅၀၀၀ ခန့်လိုအပ်နေသည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး တစ်ဦးက မဇ္ဈိမကို ပြောထားသည်။

နိုင်ငံတကာ စံနှုန်းအရ ရဲတစ်ဦးက ပြည်သူ ၆၀၀ နှုန်းအထိ အများဆုံးတာဝန်ယူရန်သတ်မှတ်ထားပြီး ဥရောပ သမဂ္ဂ စံနှုန်းအရဆိုပါက ရဲတစ်ဦးက ပြည်သူ ၄၀၀ဦးကိုသာ အများဆုံး လုံခြုံရေးတာဝန် ယူပေးရခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment